အချပ်ပို (၃၅)

651 61 53
                                    

"မောင်ကြီး!"

ကားပေါ်မှ ဆင်းဆင်းချင်း အစိမ်းပုပ်ရောင် ပြောက်ကျား ဝတ်စုံ အပြည့်အစုံနှင့် ခွန်းဒါရီကို ပြေးဖက်ကာ ရင်အုပ်ကျယ်ကြား မျက်နှာ အပ်ထားလိုက်သည်။ လူဝံကြီးလို ခန္ဓာကိုယ်ကြီး၏ အနွေးဓာတ်အောက် ခိုဝင်မိရင်း ယောက်ျားဆန်သော ချွေးနံ့နှင့် ကျောက်ချဉ်ရနံ့ ထုံသော ကိုယ်သင်းနံ့ကို တဝကြီး ရှူရှိုက်မိသည်။

သည်လူသားကို ဈာန်ဘုန်းနိုင် သေလောက်အောင် လွမ်းနေသည်မို့။

"ဘာလို့ လိုက်လာတာလဲ နောင်ကြီးရာ။ အန္တရာယ်တွေ များကများနဲ့"

ဈာန်ဘုန်းနိုင်၏ ကျောပြင်ကို ဖွဖွလေး ပွတ်သပ်ရင်း ခွန်း‌ဒါရီက မချိတင်ကဲ ရေရွတ်သည်။

ယခု ခွန်းဒါရီတို့သည် မြောက်ပိုင်းနယ်၏ တိုက်ပွဲမှ ခေတ္တ အနားယူပြီး ခူးပရာ တောင်ပေါ်စခန်းသို့ ပြန်လာရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ခွန်းဒါရီ၏ အပြန်ကို ခူးပရာ တောင်ပေါ်စခန်းမှ စောင့်နေ၍ ရပါလျက် သူတို့ ဗိုလ်ကြီးကို သွားကြိုဆိုသော တပ်သားတွေနှင့်အတူ ဈာန်ဘုန်းနိုင် ကိုယ်တိုင် မြောက်ပိုင်းနယ်ကို ရောက်ချလာမိ၏။

ဤအတွက် ခွန်းဒါရီက ဈာန်ဘုန်းနိုင်ကို စိုးရိမ်စွာ ဆူပူမိခြင်း။

အန္တရာယ်များနေသော တိုင်းပြည် အခြေအနေနှင့် ခရီးသွားရသည်မို့ ခွန်းဒါရီ စိုးရိမ်မိသည်မှာ မမှား။ သို့သော် အလွမ်းဒဏ်ကို မခံနိုင်လောက်အောင် ခွန်းဒါရီကို ချစ်မိပါသော ဈာန်ဘုန်းနိုင်လည်း မမှားဘူး ထင်ပါရဲ့။

ကိုယ်က သူ့ကို လွမ်းလွန်းလို့ သူ့ဆီ အရဲစွန့် လိုက်လာရတာ။ လူကို မချီးကျူးတဲ့အပြင် ဆူဖို့ပဲ သိတယ်။ မောင်ကြီးစုတ်!

ရင်ခွင်ထဲမှ ပြန်ထွက်ကာ ဈာန်ဘုန်းနိုင် မျက်စောင်း တစ်ချက် ထိုးကြည့်ပစ်သည်။

"ဘာလို့ လိုက်လာတာလဲ ဟုတ်လား။ လွမ်းလို့ပေါ့ မောင်ကြီးရဲ့။ ကိုယ့်မောင်ကြီးကို လွမ်းလို့ပေါ့"

"ကျုပ်လဲ လွမ်းတာပဲ။ ဒါ‌ပေမဲ့ နောင်ကြီးရဲ့ အလွမ်းက မှားမှာကို ကျုပ် စိုးရိမ်မိတာ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now