(၈)

3.6K 312 5
                                    

၈။

'အောက်...အီး...အီး...အွတ်' ဟူသော ကြက်ဖကြီး၏ အရုဏ်ဦး နိုးဆော်သံကြီးက သုံးချက်ဆက်တိုက် ထွက်လာသည်။

ထို့နောက် မူ့ရာ၏ တချပ်ချပ် ခြေသံက စည်းချက်ကျကျ ထွက်လာပြီး ဧည့်ခန်း တံခါးမကြီးသည်လည်း ကျွီခနဲ ပွင့်လာသည်။

လေအေးက အပြိုင်တိုးဝေ့လာကာ အိပ်မောကျနေသော အမျိုးသားနှစ်ယောက်၏ ပါးပြင်ကို လာရောက်ကျီစယ် ပွတ်သပ်လာ၏။

ထိုအခါ နှစ်ယောက်သားသည် ကလေးငယ်လို တအင်းအင်းပြုပြီး စောင်ကိုအပြိုင် လုကြလေသည်။

တစ်ယောက်ပျောက်နေသည်ဟု သတိထားမိသဖြင့် မီးခွက်ကို အနည်းငယ် ရှေ့တိုးရှာကြည့်တော့ ထောင့်စွန်းတွင် စောင်ပုံကြား ခွေခွေအိပ်နေသည့် လယ်ခွဲဆံပင်နှင့် ကောင်လေး။ ခေါင်းမြီးခြုံထားပြီး မျက်နှာသာပေါ်နေသည်မှာ တစ်နှစ်သား နီတာရဲကလေး အတိုင်းပင်။

မူ့ရာသည် ဆီမီးခွက်၏ အကူအညီဖြင့် မှိန်ပျပျမြင်နေရသော သူတို့၏ အပြုအမူကို တစ်ချက်ပြုံးပြီး တံခါးနှစ်ချပ်ကို တင်းတင်း ပြန်စေ့ထားလေသည်။

ထို့နောက် ခြေသံကိုဖော့ကာ မီးဖိုခန်းဘက် ကူးသွားလိုက်၏။

"အို...ခွန်းရီ၊ စခန်းပြန်အိပ်တယ်လို့ ထင်နေတာ"

မီးသွေးအကူကြောင့် ရဲရဲတောက် နီရဲနေသော မီးဖိုရှေ့တွင် ဒူးနှစ်ဖက်ပေါ် လက်တင်ကာ တင်ပျဥ်ခွေ ထိုင်နေသည့် ခွန်းရီ။

ဝတ်စုံအပြည့်ဖြင့် မတ်မတ် ထိုင်နေလေသည်။

မီးခွက်ကို ချထားကာ တိုင်ရှိမီးအိမ်ထဲသို့ မီးထွန်းနေသော မူ့ရာကို တစ်ချက်သာ ပြန်မော့ကြည့်ပြီး ရှေ့ရှိမီးဖိုကို တွေတွေလေး ကြည့်နေသည်။ သူ့ကိုအာရုံမထားဘဲ လုပ်စရာရှိတာ လုပ်နိုင်ကြောင်း ပြောနေသည့်သဘော။

မူ့ရာသည် မီးမွှေးစရာ မလိုတော့သဖြင့် အိမ်အောက်ဆင်းကာ ထင်းတစ်စည်းသယ်၊ မိုးသောက်ကြယ်၏ အလင်းကိုအားကိုပြီး မီးဖိုချောင်ထဲပြန်ဝင်၊ ထို့နောက် ခြေသုံးချောင်းထောက် မီးဖိုထဲတွင် ထင်းချောင်းကို ထည့်သွင်းနေသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Kde žijí příběhy. Začni objevovat