(၂၁)

2.7K 230 32
                                    

၂၁။

ထိုအခါ ကွင်းပြင်ကြီးရှိ ရဲဘော်များအားလုံးသည် တဝေါဝေါ ပြေးလာပြီး ထိုလူရိပ်ကို အရိုအသေပြုကာ ဝုန်းခနဲ ဒူးထောက်ကြသည်။

ဈာန်ဘုန်းနိုင်သည် ထိုလူရိပ်ကို ဘွတ်ဖိနပ်ရှည် မှတစ်ဆင့် ခါးကုန်းလျက်သား မော့ကြည့်မိရာ ပြောက်ကျားဝတ်စုံနှင့် လူကြီးတစ်ဦးကို တွေ့ရသည်။

ထိုလူကြီးလည်း ဈာန်ဘုန်းနိုင်ကို တည့်တည့် ပြန်စိုက် ကြည့်နေလေ၏။

သူ့လက်သန်းကြွယ်ရှိ လက်စွပ်ကြီးသည် နေရောင်ကြောင့် လက်ခနဲ။ ပခုံးပေါ်က ကြယ်ပွင့်တွေ ကြောင့်သာ ဒီလိုလုပ်နိုင်ခြင်း ဖြစ်မည်။ အသက် လေးဆယ်ကျော် လောက်ရှိမည့် ရွက်ကြမ်း ရည်ကျိုရုပ်ပါ။

ဝဖိုင့်နေကာ အသားလည်းပု။ မျက်နှာ တစ်ခုလုံးလည်း ကျောက်ပေါက်မာသက် ပြည့်နေပြန်။ တစ်ဝက်သာ ရှိသော မျက်ခုံးမွေး၊ ပေါက်ထွက်မတတ် ပြူးကျယ်နေသော မျက်လုံးတစ်စုံ၊ နှာခေါင်းပေါက်ကြီး ကျယ်နေပုံမှာ တဟီဟီ ပြုနေသည့် မြည်းလို၊ နှုတ်ခမ်းထူကြီးက ကွမ်းသွေးကြောင့် ရဲနေသည်။ ကြက်သွေးရောင် ဦးထုပ်နှင့် မြည်းဂျပုကို ဈာန်ဘုန်းနိုင် လုံးဝ သဘောမတွေ့။

သူလည်း ဈာန်ဘုန်းနိုင်ကို မုန်းနေသည့်ပုံ။ လူကို ကြည့်သည့် ပုံကိုက စုန်ချည်ဆန်ချည်နှင့် နှုတ်ခမ်းထူကြီးကို မဲ့နေသည်။

မြည်းဂျပုသည် ဈာန်ဘုန်းနိုင်ထံမှ အကြည့် ပြန်ခွာကာ ခွန်းဒါရီကို ဝမ်းခေါင်းသံကြီးနှင့် တစ်ခုခု ပြောနေသည်။ ထို့နောက် လက်ကို မြှောက်တက်ကာ ဖြန်းခနဲ မြည်အောင် ရိုက်နေပြန်၏။

ဖြန်းခနဲ မြည်တိုင်း ဈာန်ဘုန်းနိုင်၏ နှလုံးသားကို ကြာပွတ်နှင့် ရွှီးခနဲ ဖြတ်ရိုက်သလို နာကျင်ရပါသည်။ မောင်ကြီး၏ ပါးပြင်တွင် အစင်းလိုက်ပေါ်တိုင်း နှလုံးသားတွင်လည်း ကုတ်ခြစ်ခံရသလို နာကျင်လာ၏။

ဘာကြောင့်များလဲ...။

ဒူးပေါ် ထောက်နေသော လက်ချောင်းတွေကို တဖြည်းဖြည်း အားထည့်ကာ ဒူးဆစ်ကို ကုပ်တွယ် မိသည်။

နောက်ထပ် တဖြန်းဖြန်း ရိုက်သံသည် နှလုံးသားထဲထိ ပဲ့တင်ထပ် လာသောအခါ ဈာန်ဘုန်းနိုင်သည် အသက်ရှူသံလည်း မြန်မြန်လာ....၊ မျက်လုံးလည်း ပြူးလာ...၊ မေးရိုးကြီး တင်းနေအောင် အံကို ကြိတ်ထားမိလျက် နှုတ်ခမ်းကို ကိုက်ပြီး ဆူဝေလာစ ဒေါသသွေးများသည် တပွက်ပွက် ထလာရာ...နောက်ဆုံး...။ 

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now