အချပ်ပို (၂၈)

636 58 12
                                    

ဝဿန်မိုးသည် တဖြောက်ဖြောက် ရွာနေသည်။ ကောင်းကင်ပြင်ကို တိမ်ဖုံးသောကြောင့် မှောင်မည်းမည်း။ ကျွန်းပင်ရှည်၊ အပင်ကြီးတွေသာ ပေါက်ရောက်သော သုသာန်ပြင်က မှောင်မည်း တိတ်ဆိတ်နေသည်မှာ ကြက်သီးထဖွယ်အတိ။ ယောက်ျားကြီးများ၏ ဆွဲငင်ငင်ငိုသံပါ ပေါင်းထည့်တော့ ထိုအနီးတဝှိုက်ကို မည်သူမျှ ဖြတ်သွားရဲမည် မဟုတ်။

ပြောက်ကျားဝတ်စုံနှင့် ရဲဘော်တန်းများသည် ယောက်ျား ရင့်မာကြီးများ ဖြစ်လင့်ကစား အခေါင်း သုံးခု တစ်ပြိုင်တည်း စီနေရသည့် မြင်ကွင်းက သူတို့အတွက် အဘယ်သို့ မဝမ်းနည်းဘဲ နေပါမည်နည်း။

ဤသူတွေသည် သူတို့၏ အိုးစားဖော် အိုးစားဖက်တွေ။ ရှေ့တန်း အတူတူ ထွက်ခဲ့ဖူးသည်။ အတူတူ စားခဲ့ဖူးသည်။ အတူတူ အိပ်ခဲ့ဖူးသည်။ အတူတူ ရယ်မောခဲ့ဖူးသည်။ အတူတူ...

ထိုသို့ စိတ်တူ ကိုယ်တူ ပေါင်းခဲ့သည့် သူတို့တွေက ရုတ်တရက် ထွက်သွားကြမည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ကြပါ။

သူတို့အဖို့ သေခြင်းတရားကို မရှောင်လွဲနိုင်မှန်း သိသော်ငြား၊ မျက်စိရှေ့က တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေသည်ကို အဖန်ဖန် မြင်ရသော်ငြား ဝမ်းနည်းရသည်သာ။ ငါ့ရဲဘော်ကို မကာကွယ်နိုင်လိုက်‌လေခြင်းဟု ယူကျုံးမရ ဖြစ်ရုံသာ။

တဖြောက်ဖြောက်ရွာသော မိုးကြား လက်ခနဲ လျှပ်စီးလက်၏။ ထို့နောက် အသံက ဂျိမ်းခနဲ။

ရဲဘော်တို့သည် အလောင်းတွေကို မြေချသူက ချပြီး ကျန်သည့် သူတွေက ပခုံးထက်က သေနတ်ရှည်တွေကို မိုးပေါ်ထောင်ကာ တဖောင်းဖောင်း ပစ်ကြ၏။

သေနတ် ပြောင်းဝတွင် တလူလူ အငွေ့ပျံနေသော ယမ်းငွေ့များကို မိုးဖြောက်လည်း မငြိမ်းသတ် နိုင်တော့ပြီ။

ကားတိုင်ကို ထောင်ထားသည့် မြေပုံအသစ်စက်စက် သုံးခုရှေ့တွင် မျက်ရည်မျက်ခွက်နှင့် ရဲဘော်များသည် နောက်ဆုံးအနေနှင့် အလေးနီပြုကာ ဝမ်းနည်းမှု ကိုယ်စီနှင့် ခူးပရာ စခန်းကို ပြန်သွားရန် တပ်ကားပေါ် တက်ကြရ၏။

"မောင်ကြီး..."

ကားမောင်းနေသော ခွန်းဒါရီက ဈာန်ဘုန်းနိုင်ကို လှည့်ကြည့်သည်။ ငိုထားသောကြောင့် ခွန်းဒါရီ၏ မျက်ဆန်ဝါက မျက်ထောင့်တွေ နီနေသည်။ ဈာန်ဘုန်းနိုင်မှာတော့ ကြက်ဖင်စီဘူးလိုပင် ဖောင်းအစ်နေပြီ။ ယခုထိလည်း မထိန်းချုပ်နိုင်စွာ ရှိုက်သံတွေ ထွက်သည်အထိ ရှိုက်ငိုနေပြန်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now