(၁၅)

2.9K 257 11
                                    

၁၅။

သူရိန်ငြိမ်းတို့ သုံးယောက်သည် ဝိုင်းဖွဲ့ စားသောက်နေရင်း အိမ်ထဲမှ တဒုန်းဒုန်းနှင့် ဆင်းပြေးလာသော ဈာန်ဘုန်းနိုင်ကို ပြိုင်တူ လှည့်ကြည့်ကြသည်။

ဈာန်ဘုန်းနိုင်သည် သူတို့ကို မြင်သည်နှင့် ခြေလှမ်းကို ပြန်လျှော့ပြီး ဟန်ပါပါ လျှောက်လှမ်း လာလေ၏။ ထို့နောက် လွတ်နေသော ဟိဏ်းစစ်မင်း ဘေးတွင် ဝင်ထိုင်၊ ခေါင်ရည် ဖြည့်ထားသော ဟိဏ်းစစ်မင်း၏ ခွက်ကို မပြောမဆို ကျိုက်ခနဲ မော့သောက်ကာ အသားကင်ကို လှမ်းယူ ဝါးနေသည်။

ခေါင်ရည်က အစပိုင်းတွင် ခါးသက်နေသလို ဖြစ်သော်လည်း လည်ချောင်း တစ်လျှောက်တွင် ချိုမြမြနှင့် စီးဝင်သွားသည်။ အသားကင်လည်း ကြွပ်ရွနေပြီး အတွင်းပိုင်းတွင် ပျော့အိ သွားသောကြောင့် ခေါင်ရည်နှင့် တွဲစားလျှင် ပနံသင့်လွန်းလှ၏။

"ကိုဘုန်းနိုင် မစားလာခဲ့ဘူးလား၊ ငတ်နေလား"

ဟိဏ်းစစ်မင်း၏ ခပ်ဆတ်ဆတ် အသံကြီးကို လျစ်လျူရှူပြီး အိုးကို မ,ယူကာ ခေါင်ရည် ထပ်ငှဲ့နေပါသော ဈာန်ဘုန်းနိုင်ပါ။ ထိုသို့လည်း ငြီးငြူ နေပါသေးသည်။

"မောင်ကြီးကွာ ကိုယ့်ကို အရမ်း ရက်စက်တယ်။ လူကို မျှော်လင့်ချက်တွေ လာပေးပြီး ဘာမှလည်း မလုပ်ပေးဘူး။ မင်းသိလား ဟိဏ်းစစ်"

အသားကင် တစ်ခုယူပြီး ဟိဏ်းစစ်မင်းကို လက်ညိုး ထိုးပြသည်။

ဟိဏ်းစစ်မင်း ခေါင်းခါပြတော့ ခပ်ဟဟ ရယ်ကာ ခေါင်ရည်ကို ထပ်မော့ ပြန်၏။

ထို့နောက် ခွက်ကို စားပွဲပေါ် ဒုတ်ခနဲ ချကာ သူနေ့ခင်းက ဖြစ်ခဲ့သည့် အကြောင်းကို မကျေမနပ်နှင့် အစီရင်ခံစာ တင်နေသည်။

"မူ့ရာပြောတာ လယ်ကွင်းမှာ မျော့ပေါတယ်တဲ့။ အဲ့ဒါကြောင့် အစ်ကို့ကို မသွားခိုင်းတာနေမှာ"

ဧကလျာက တွေးတွေးဆဆလေး ဖြေသည်။

"လယ်ကွင်းမှာ ရွှံ့ဗွက်တွေနဲ့လေ၊ ဟိုက မင်း ငကြွားမှန်းသိတော့ မသွားခိုင်းတာ နေမှာပေါ့"

ဟိဏ်းစစ်မင်းက ကိုယ့်ကို ခနဲ့ပြီး ဖြေသည်။

"တချို့အရာတွေက အဝေးကသာ လှပေမဲ့ တကယ်တမ်း ထဲထဲဝင်ဝင်ကြည့်ရင် ကြမ်းတမ်း နေတတ်တယ်လေ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now