155

2.5K 524 10
                                    

အဆိပ်ဆေးတောင့်ကိုကိုက်၍ သေကြောင်းကြံခြင်း
..............................................................

"လုပ်ကြံသူတွေ ဟုတ်လား။ မင်းတို့တွေ ဘာပြောနေတာလဲ။ အဲ့ဒီအကြောင်းကို ငါတို့က ဘာလို့မသိရတာလဲ။" နန်းတွင်းအစောင့်ခေါင်းဆောင် ကျိုးပင်းချွမ်က ထွက်လာပြီး အေးစက်စက်မျက်နှာထားဖြင့်မေးသည်။

"ဒီအဆောက်အအုံမှာရှိတဲ့လူတိုင်းက နန်းတွင်းအစောင့်တွေပဲ။ ဘာလုပ်ကြံသူမှမရှိဘူး။" အခြားလူတစ်ယောက်က မဖော်ရွေသောလေသံဖြင့် ဝင်ပြောသည်။ "ငါတို့နေရာမှာ လာရှုပ်နေမဲ့အစား လုပ်ကြံသူတွေကိုပဲ ဘာလို့သွားမဖမ်းတာလဲ။"

"ယွီဝမ်ထုန်ကိုယ်တိုင်တောင် ငါတို့ရဲ့အခန်းတွေကို ဒီလိုလာရှာခွင့်မရှိဘူး။ ငါတို့တွေက အရှင်ဧကရာဇ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ မင်းတို့က ယွီဝမ်ထုန်ရဲ့အစောင့်သာသာပဲ။ မင်းတို့ရဲ့ဒီလုပ်ရပ်က လွန်နေပြီ။" ခေါင်းဆောင်ကျိုးက ယောင်ရိတို့ထွက်သွားစေရန် ခြောက်လှန့်အော်ဟစ်သည်။

ယောင်ရိသာ ကြောက်လန့်၍ ထွက်သွားလျှင် ယောင်ရိမဟုတ်တော့ပေ။

သူ့အမြင်တွင် တိုင်ချိန့်ကိုပင် သိပ်ဂရုမစိုက်ရာ နန်းတွင်းအစောင့်များကို ထည့်ပြောရန်ပင်မလိုချေ။

"အခန်းတွေကိုရှာစမ်း။"

ကျန်လျှိုတို့က သူ့အနောက်မှ ချက်ချင်းထွက်လာသည်။

"အတင့်ရဲလိုက်တာ။ ယောင်ရိ၊ ဒီကိစ္စကို အရှင်ဧကရာဇ်သိသွားရင် မင်းရဲ့စစ်သူကြီးအပေါ် အမျက်ထွက်မှာကို မင်းမစိုးရိမ်ဘူးလား။" ကျိုးပင်းချွမ်ကဟိန်းဟောက်သည်။

"ငါတို့တွေက လုပ်ကြံသူကိုဖမ်းဖို့အတွက်ပဲ ဒီဆတ်သားစခန်းကို ရှာနေတာ။ မင်းတို့က အဲ့ဒါကိုဘာလို့စိတ်လှုပ်ရှားနေကြတာလဲ။ မင်းတို့က လုပ်ကြံသူကို ဒီမှာတကယ်ဖွက်ထားလို့လား။" ယောင်ရိက သံသယအကြည့်ဖြင့်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို စတွေးနေပုံပေါ်သည်။

ကျိုးပင်းချွမ် ဆွံ့အသွားသည်။ "မင်း"

သူတို့စကားပြောနေစဉ်တွင် ကျန်လျှိုတို့က အခန်းကိုစရှာနေပြီပင်။ သူတို့က အယောင်ဆောင်ထားသူဖြစ်မလား၊ နောက်ကျောတွင် ဒဏ်ရာရထားသလားဆိုသည်ကို မြင်နိုင်ရန်အတွက် ထိုနန်းတွင်းအစောင့်များ၏ မျက်နှာနှင့်နောက်ကျောများကိုပါ စစ်ဆေးကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now