လျှိုရိ၏မျက်နှာအမူအရာပြောင်းသွားပြီး လက်ကောက်ဝတ်က ပိုပျော့ပျောင်းလာကာ ဓားလှုပ်ရှားသည့်ပုံစံ ပြောင်းသွားသည်။ယခင်က သာမန်မျှသာရှိသော သူ၏ဓားတိုက်ခိုက်ချက်က ချက်ချင်းလျင်မြန်ရက်စက်လာသည်။ သူက အငိုက်မိသွားသည့် အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကို ခုခံလိုက်သည်။

တစ်ချိန်ထဲမှာပင် ဘယ်ဘက်လက်ချောင်းနှစ်ချောင်းကို ပါးစပ်ထဲထည့်၍ စူးစူးရှရှလေချွန်လိုက်သည်။

လူနှစ်ယောက်ထဲမှတစ်ယောက်က ဤအဖြစ်အပျက်ကို မြင်သောအခါ လျှိုရိကိုသတ်ရန် ပို၍ရက်စက်စွာတိုက်ခိုက်သည်။ အခြားတစ်ယောက်ကလည်း ရေအိမ်ထဲသို့ဝင်ရန် အားသွန်ခွန်စိုက် ကြိုးစားသည်။

ထိုအခိုက်အတန့်တွင် တိုက်ခိုက်သံများကို ကြားနေရသည့်လင်းကျန်က မြန်မြန်လက်စသတ်ကာ ဘောင်းဘီပြန်ဝတ်ပြီး ကူညီရန်ပြေးလာသည်။

ခြေသံကြားလိုက်သည့် လျှိုရိက အလျင်စလိုအော်ပြောသည်။ "အထဲမှာပဲနေပါ၊ သခင်လေး။ လုပ်ကြံသူက နှစ်ယောက်တောင်ပါ။ ကျွန်တော်က သူတို့ကို ထိန်းပဲထိန်းထားနိုင်ပါတယ်။ စစ်သူကြီးလာတဲ့အထိစောင့်ပါ။"

လင်းကျန်က မျက်မှောင်ကြုတ်သည်။ 'လုပ်ကြံသူက နှစ်ယောက်လား။ ငါက ပစ်မှတ်ပေါ့။'

သေချာတွေးရန် အချိန်မရှိသဖြင့်သူကမြန်မြန်လှည့်ကာ ထွက်ပေါက်ဆီသို့သွားပြီး သတိဝီရိယဖြင့်ကြည့်၍ လုပ်ကြံသူနောက်တစ်ယောက် ပေါ်လာနိုင်ခြေကို အသင့်စောင့်ကြည့်နေသည်။

"မဖယ်ရင် မင်းသေမယ်။" ညဝတ်စုံနှင့်အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော လုပ်ကြံသူက လျှိုရိကိုမ​ကျော်နိုင်သဖြင့် ခြိမ်းခြောက်သည်။

လျှိုရိက လှောင်ပြောင်လိုက်သည်။ "မင်းတကယ်တတ်နိုင်ရင် လုပ်လိုက်လေ။"

သူက ဝင်ပေါက်တွင် ခိုင်မြဲစွာရပ်နေပြီး ဓားချက်များမှာ ပိုလျင်မြန်၍ အင်အားကြီးလာသည်။ ရန်သူနှစ်ယောက်က ရေအိမ်နားသို့ ခြေတစ်လှမ်းပင် ကပ်ခွင့်မရချေ။

လင်းကျန်ထွက်သွားပြီးနောက် လက်ဖက်ရည်ဆိုင်ထဲတွင် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသော ယွီဝမ်ထုန်က စူးရှရှလေချွန်သံကို ကြားလိုက်ရသောအခါ ရုတ်တရက်မတ်တပ်ထရပ်သည်။ သူ၏မျက်နှာက သိသိသာသာပြောင်းသွားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now