153

2.5K 515 10
                                    

ချောင်းမြောင်းလုပ်ကြံခြင်း
................................

"ဒါဆို အတည်ဖြစ်သွားပြီနော်။" လင်းကျန်က ပြုံးသည်။

လင်းကျန်သည် ကျန်းဆေးဆိုင်များနှင့် စီးပွားရေးနှစ်ချီပူးပေါင်းထားသော ဆေးစိုက်ခင်း၏ပိုင်ရှင်ဖြစ်ရုံသာမက ယွီဝမ်ထုန်ဟူသည့် နောက်ခံရှိနေသည့်အတွက် အထွေထွေဆိုင်ထိုင်က သဘောတူလိုက်သည်မှာ သဘာဝကျသည်။ ထိုလူ မရူးနေလျှင် ခင်မင်ကျွမ်းဝင်မှုပိုတိုးလာမည့် အခွင့်အရေးကို ငြင်းပယ်မည်မဟုတ်ပေ။

*****
ဆေးစိုက်ခင်းရှိ လက်ဖက်ရည်ဆိုင်တွင် ကျန်းဆေးဆိုင်များ၏ဆိုင်ထိုင်နှင့်အတူ လက်ဖက်ရည်သောက်ကာ ပန်းခန်း၏အလှကို ရှုစားပြီးနောက် လင်းကျန်နှင့်ယွီဝမ်ထုန်တို့က ပြန်ရန်ပြင်သည်။

လင်းကျန်က မတ်တပ်ထရပ်၍ ဘေးပတ်ဝန်းကျင်ကို နေရခက်သောမျက်နှာထားဖြင့်ကြည့်သည်။ သူက လက်ဖက်ရည်များစွာသောက်ထားရာ ရေအိမ်တက်ရန်လိုနေသည်။

ကံကောင်းသည်မှာ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးက အလွန်မျက်စိရှင်သည်။ ဤနေရာက လက်ဖက်ရည်ဆိုင်ဖြစ်ရာ ဧည့်သည်များ ရေအိမ်သွားချင်သော အဖြစ်နှင့်မကြာခဏ ကြုံတတ်သည်။

လင်းကျန်က ယွီဝမ်ထုန်ကို ရှက်တက်တက်ဖြင့်ပြောသည်။ "ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်။"

ယွီဝမ်ထုန်က ပြုံးပြသည်။ "သွားသာသွားပါ။"

သူတို့ရောက်နေသည်မှာ နာရီအနည်းငယ်မျှရှိနေပြီဖြစ်သော်လည်း ကျန်းဆေးဆိုင်၏ဆိုင်ထိုင်မှာ ယွီဝမ်ထုန်၏ အပြုံးနှင့်နူးညံ့သောအမူအရာကို ယခုမှပင်မြင်ဖူးခြင်းပင်။ ယင်းကသူ့ကို ပိုအံ့ဩသွားစေသည်။ 'ယွီဝမ်ထုန်နဲ့ လင်းကျန်က တစ်ယောက်ကိုတစ်ယောက် ခံစားချက်တကယ်ရှိတာပဲ။ ငါလင်းကျန်နဲ့ ဆက်ဆံရေးပိုကောင်းအောင်လုပ်လိုက်တာ မှန်သွားတယ်။"

အထွေထွေဆိုင်ထိုင်က ထိုအကြောင်းတွေးကာ စိတ်လှုပ်ရှားလာသော်လည်း မျက်နှာပေါ်တွင် ဘာအရိပ်အယောင်မှ မပြချေ။

လင်းကျန်က စားပွဲထိုးနောက်သို့လိုက်ကာ အောက်ထပ်သို့ဆင်းသွားသည်။ လျှိုရိက သူတို့နောက်မှလိုက်လာသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now