ယခင်နေ့က တော်ဝင်အမိန့်ရောက်လာမည်ဖြစ်ကြောင်း အကြောင်းကြားသူက လင်းမိသားစုဝင်များထံ လာပြောသောအခါ ထိုအမိန့်တော်က ယွီဝမ်ထုန်အတွက် ပိုအရေးကြီးပြီး လင်းမိသားစုကိုမူ အလျဉ်းသင့်၍ စာတိုသာပို့လိုက်သည်ဟု ထင်ခဲ့ကြသည်။

မမျှော်လင့်ထားစွာဖြင့် ပထမဆုံးတော်ဝင်အမိန့်တော်တွင် ဧကရာဇ်က လင်းမိသားစု၊ တိတိကျကျပြောရလျှင် လင်းရှင်းကျုံကို ချီးမွမ်းထားသည်။ ယေဘုယျ ဆိုလိုချက်မှာ လင်းရှင်းကျုံ၏ စောစီးစွာနှုတ်ထွက်သွားခြင်းက အတော်နှမြောစရာကောင်းပြီး လင်းရှင်းကျုံသာ အသက်ကြီးမနေပါလျှင် ဧကရာဇ်က လင်းရှင်းကျုံကို မြို့တော်သို့ပြန်ခေါ်ကာ မူလရာထူးကိုပြန်ပေးလောက်သည် ဟူသတတ်။ ထို့နောက် ဧကရာဇ်က လင်းကျောက်ဝမ်ကိုချီးမွန်းထားပြီး နောက်နှစ်နှစ်ကြာတွင် လင်းကျောက်ဝမ်သာ အရည်အချင်းစစ်ပွဲအောင်လျှင် သူကရာထူးတိုးပေးမည်ဟု အာမခံထားသည်။ ဧကရာဇ်က လင်းကျောက်ဝမ်ကို ချီးမွမ်းပြီးနောက် လင်းကျန်က ဉာဏ်ကောင်းပြီး အကျင့်သိက္ခာကောင်းသဖြင့် သူကလင်းကျန်ကို တော်ဝင်တက္ကသိုလ်၌ နေရာတစ်နေရာပေးရန်ဆုံးဖြတ်လိုက်ကြောင်း ပြောသည်။ အမိန့်တော်၏နောက်ဆုံးပိုင်းမှာ လင်းမိသားစုအား ပေးလိုက်သည့် လက်ဆောင်အမြောက်အမြား၏အကြောင်းပင်။

ကနဦးတွင် သူတို့က ဇဝေဇဝါဖြစ်နေသော်လည်း နောက်ပိုင်းတွင်အခြေအနေကို နားလည်သွားသည်။

ဧကရာဇ်၏ ချီးမွမ်းစကားများမှာ စိတ်ကူးယဉ်စရာချည်းပင်။ တော်ဝင်တက္ကသိုလ်မှ နေရာတစ်နေရာကို လင်းကျန်အတွက် အာမခံပေးသည့် အချက်မှလွဲ၍ ကျန်သည့်အရာများက လက်တွေ့မကျပေ။

သို့သော် လင်းကျန်က တော်ဝင်တက္ကသိုလ်မှ ထိုနေရာကိုမရလျှင်ပင် တော်ဝင်တက္ကသိုလ်ကဲ့သို့ ကောင်းမွန်းသော အရှေ့တိုင်းရိုးရာတက္ကသိုလ်သို့ သွားနိုင်သည်။ ယခုခေတ်တွင် ပညာရေးနယ်ပယ်၌ အလေးထားစရာများရှိလာရာ အရှေ့တိုင်းရိုးရာတက္ကသိုလ်ကို ရွေးချယ်ခြင်းက ပိုကောင်းမည်ဟု လင်းကျန်ယုံကြည်သည်။

လင်းကျန်က အတော်ကသိကအောက်ဖြစ်နေသော်လည်း လေးလေးစားစား အရိုအသေပေးကာ အမိန့်တော်ကို လက်နှစ်ဖက်ဖြင့်လက်ခံလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now