145

2.9K 562 33
                                    

စစ်သူကြီးက ငါတို့ကို ကိုယ်တိုင်သင်ပေးမှာလား။
.............................................................

ယွီဝမ်ထုန်က လင်းကျန်၏တိတ်ဆိတ်မှုနောက်ကွယ်တွင် တစ်စုံတစ်ခုရှိပုံပေါ်ကြောင်း သတိထားမိသည်။ "ဘာဖြစ်လို့လဲ။"

လင်းကျန်က မသိစိတ်ဖြင့် ခေါင်းခါလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။"

ယွီဝမ်ထုန်က မျက်လုံးမှေးကာကြည့်သည်။ လင်းကျန်က သူ့ကိုတစ်စုံတစ်ခုဖုံးကွယ်ထားသည်မှာ သိသာသည်။

သူ့ထံ အကြည့်ခံနေရသောလင်းကျန်က ဖော်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်းလွှဲရန်ပြင်သည်။ သို့သော် သူဘာမှ မပြောရသေးခင်မှာပင် ယွီဝမ်ထုန်က ဇွတ်ဆက်ပြောသည်။ "မင်း ယွီဝမ်မိသားစုရဲ့အိမ်မှာ မနေချင်ဘူးလား။"

အံ့အားသင့်သွားသောလင်းကျန်က တွေးပင်မတွေးဘဲ ချက်ချင်းပြန်ပြောသည်။ "အဲ့ အကြောင်းမဟုတ်ပါဘူး။"

ယွီဝမ်ထုန်က မျက်လုံးထပ်မှေးလိုက်၍ သူကလင်းကျန်၏စိတ်ဝိညာဉ်ကိုပင် တည့်တည့်မြင်နိုင်သည့်အလား ကြောက်ခမန်းလိလိစူးရှသည်။

လင်းကျန်က ထိုသို့စိုးရိမ်ပူပန်မှုကြောင့် ကြောင်အမ်းသွားကာ အသက်ရှူသံပင်တိုးမိသည်။

"မင်းကို တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်တယ်။ ကိုယ့်ကိုပြော မင်းအဖိုးလား၊ ဒါမှမဟုတ် မင်းဦးလေးလား။"

ဤတုန့်ပြန်စကားက လင်းကျန်ကို ပြောစရာမဲ့သွားစေသည်။

သူက တစ်ခွန်းမှပင် မဟရသေးသော်လည်း ယွီဝမ်ထုန်က အရာအားလုံးကို ခန့်မှန်းနိုင်ခဲ့သည်။ 'သူက ငါ့ကိုဘာလို့ ကောင်းကောင်းသိနေတာလဲ။'

"အဲ့...အဲ့ဒါက..." လင်းကျန်က ချောင်းဟန့်၍ အားတင်းကာ အမှန်အတိုင်း ပြောလိုက်သည်။ "ကျွန်တော်က မြို့တော်မှာ အိမ်ကျယ်ကျယ်တစ်လုံးကိုဝယ်ဖို့ ရည်ရွယ်ထားတယ်။"

ယွီဝမ်ထုန် ပြန်မပြောနိုင်ခင် လင်းကျန်က အမြန်ဆက်ပြောသည်။ "ကျွန်တော် ရှင်းပြမယ်။ ကျွန်တော်က စီးပွားရေးတစ်ခုစဖို့ စီစဉ်ထားတယ်။ လက်ရှိမှာ ကျွန်တော့်မိသားစုက မြို့ထဲက တခြားဆိုင်တွေဆီကို ဆေးပင်တွေရောင်းတယ်။ ဒီတစ်ကြိမ်ကျရင် ကျွန်တော် မြို့တော်မှာ ထန်းယန်ကနေတင်ပို့လာတဲ့ ဆေးပစ္စည်းတွေကိုရောင်းဖို့ ဆေးဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်။ ဒါပေါ့၊ အဲ့ဒါက မလွယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကိုယ့်ဘာသာကိုယ် ကုန်သည်အဖွဲ့ဖွဲ့တာက အတော်အားထုတ်စရာလိုပေမဲ့ အနည်းဆုံးတော့ လင်းမိသားစုက မြို့တော်မှာ တဖြည်းဖြည်းနဲ့အခြေခိုင်လာပြီး အဆက်အသွယ်မရှိလောက်အောင် အားနည်းတော့မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က အရှေ့တိုင်းရိုးရာတက္ကသိုလ်မှာတက်ဖို့ စီစဉ်ထားတယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now