144

2.8K 561 22
                                    

ကျွန်တော် မြို့တော်ကို ယွီဝမ်ထုန်နဲ့အတူ လိုက်သွားမယ်။
......................................................................

"အဖိုး၊ ကျွန်တော် မြို့တော်ကို ယွီဝမ်ထုန်နဲ့အတူ လိုက်သွားမလို့။"

လင်းကျန်က သူ၏ဆုံးဖြတ်ချက်ကို လင်းရှင်းကျုံအားပြောလိုက်သည်။ ထင်ထားသည့်အတိုင်းပင် လင်းရှင်းကျုံက ပျော်မြူးသွားကာ "ကောင်းတယ်။" ဟု ထပ်ကာထပ်ကာပြောသည်။

"မင်း စိတ်ပြောင်းသွားပုံပဲ။" လင်းရှင်းကျုံက မှတ်ချက်ပေးကာ အပြုံးကြီးကြီး ပြုံးနေသည်။

လင်းကျန် အံ့အားသင့်ကာ ပြောစရာမဲ့သွားသည်။

"ဟုတ်ပါတယ်။" သူက ပြန်ပြောလိုက်သည်။

လင်းရှင်းကျုံက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြုံးနေသည်။ "မင်းတို့ ဘယ်တော့သွားဖို့ စီစဉ်ထားလဲ။"

အံ့ဩစရာကောင်းသည်မှာ မည်သည့်အချိန်က သူစိတ်ပြောင်းသွားသနည်း၊ သူက ယွီဝမ်ထုန့်ကို သဘောကျသွားပြီလား၊ သူနှင့်ယွီဝမ်ထုန်တို့ မကြာခင်လက်ထပ်တော့မှာလား စသည်ဖြင့် အသေးစိတ်ကျသော မေးခွန်းများကို သူ့အဖိုးက မမေးပေ။

လင်းကျန်က အခိုက်အတန့်မျှ အံ့ဩမှင်တက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ "ကျွန်တော် ထန်းယန်မှာ ရက်ပိုင်းလောက်နေဦးမယ်။ မြို့တော်ကနေ ယွီဝမ်ထုန်ကို ပြန်ခေါ်တဲ့ တော်ဝင်အမိန့်ရောက်လာရင် ကျွန်တော်တို့ ထွက်ကြမှာ။"

လင်းရှင်းကျုံက ခေါင်းညှိတ်ကာ မှတ်ချက်ပေးသည်။

"မင်း သူနဲ့အတူ မြို့တော်ကိုလိုက်သွားမယ်လို့ စိတ်ဆုံးဖြတ်ပြီးမှတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်နော်။ မြို့တော်က ဖြစ်ထွန်းစည်ပင်ပေမဲ့ အဲ့ဒိကဥစ္စာဓနတွေကြောင့် ကန်းမသွားစေနဲ့။ တစ်ချိန်လုံး သတိနဲ့နေပြီး အပြောအဆိုနဲ့စိတ်ထားကို ဆင်ခြင်ပါ။ အခိုက်အတန့်လောက် သတိလွတ်တာနဲ့ ဒုက္ခရောက်သွားနိုင်တယ်။"

"ကျွန်တော် နားလည်ပါပြီအဖိုး။" လင်းကျန်က ပြန်ပြောသည်။

"မြို့တော်မှာ..." လင်းရှင်းကျုံက တစ်ခဏရပ်ကာ ဆက်ပြောသည်။ "မြို့တော်မှာ ငါတို့နဲ့ ရင်းနှီးတဲ့အဆက်အသွယ်တွေ ဆွေမျိုးတွေ မရှိသလို အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ဘာဂုဏ်သတင်းမှ မရှိဘူး။ မင်း မြို့တော်ကိုရောက်သွားရင် အဲ့ဒိကိစ္စတွေကို အနာဟောင်းပြန်ဆွတဲ့လူတွေ ရှိမှာပဲ။ အဲ့ဒါတွေက အတိတ်က ကိစ္စတွေမို့ သူတို့အဲ့လိုလုပ်ရင် ဒေါသမထွက်နဲ့။ မင်းတတ်နိုင်တဲ့အချိန်တိုင်းမှာ အခက်အခဲတွေလျော့ပါးအောင် ကြိုးစားပါ။ မင်းသိထားရမှာ စစ်သူကြီးက မင်းရဲ့အင်အားအကြီးဆုံး နောက်ခံပဲ။ အဲ့ဒိလူတွေက ဘာတွေပဲ ပြောပါစေ မင်းကိုဘာမှမလုပ်ရဲဘူး။ မင်းဘာသာမင်း မဖြေရှင်းနိုင်တဲ့ကိစ္စရှိလာရင် စစ်သူကြီးနဲ့ အမြဲတမ်းတိုင်ပင်လို့ရတယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now