ယွီဝမ်ချီက မည်မျှပင်မလိုလားသော်လည်း ယွီဝမ်ထုန်၏ ဩဇာကိုစိန်မခေါ်ရဲပေ။ လူသတ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း သူက မြို့ထဲမှထွက်လာလိုက်ရသည်။

သူတို့မြို့ထဲမှ ထွက်လာသည်အထိ ရှဲ့ရှီက သူတို့နောက်သို့လိုက်လာခဲ့ပြီး ယင်းက ယွီဝမ်ချီကို သွေးအန်လုနီးပါး ဒေါသထွက်စေသည်။

သူတို့ မြို့နှင့်ဝေးလာသောအခါ ယွီဝမ်ချီက ကျိုးဖုကွေ့ကို မြင်းပေါ်မှကန်ချကာ ဟောက်လိုက်သည်။ "မင်းဘာဖြစ်နေတာလဲ။ ဘာလို့ယွီဝမ်ထုန်ရဲ့လူကို ငါ့ဆီခေါ်လာတာလဲ။"

ကျိုးဖုကွေ့က မြေကြီးပေါ်သို့ပြုတ်ကျ၍ နာကျင်ကာ တုန်ယင်နေသော်လည်း သူ့သခင်လေး၏မေးခွန်းကို လစ်လျူရှု၍မရမှန်းသိသဖြင့် ဒူးထောက်လိုက်သည်။ မုန်းတီးမှုနှင့်ဒေါသတို့ တလက်လက်တောက်ပနေသောမျက်လုံးများအားဖုံး၍ ခေါင်းငုံ့ထားကာ ငိုသံဖြင့်ကျယ်လောင်စွာအော်ပြောလိုက်သည်။ "ဒုသခင်လေးခင်ဗျ၊ အဲ့ဒါအားလုံးက ဟိုအသုံးမကျတဲ့လင်းကျောက်ဝမ်ကြောင့်ပါ။ ကျွန်တော်တို့တွေက သူ့ဆီမှာ တကယ်ဆိုးဆိုးရွားရွားအလိမ်ခံလိုက်ရပါတယ်။"

ကျိုးဖုကွေ့က သူတို့အကျပ်ကိုင်ခံရသဖြင့် လျှို့ဝှက်ချက်များကိုထုတ်ပြောကာ ဝန်ခံစာရွက်တွင် အမှတ်အသားပြုခဲ့ရသည့်အကြောင်းကိုကျော်ကာ သူတို့ကိုထောင်ချမည်ဟု လင်းကျောက်ဝမ်ကခြိမ်းခြောက်ကြောင်း ယွီဝမ်ချီကို ပြောပြလိုက်သည်။

"အဲ့ဒိ လင်းကျောက်ဝမ်က တော်တော်မောက်မာပါတယ်။ သူက ကျွန်တော်တို့ဘယ်သူဆိုတာကို ကောင်းကောင်းသိပေမဲ့ လေးစားမှုတစ်စက်မှတောင်မပြဘဲ ပြက်ရယ်ပြုပြီး ယွီဝမ်မိသားစုကို လုံးဝအလေးမထားပါဘူး။ တော်တော်တရားလွန်ပါတယ်။"

ယွီဝမ်ချီ၏မျက်နှာက ဒေါသကြောင့်ညိုမည်းနေသည်။ "ယွီဝမ်မိသားစုကို မဟုတ်ဘူး။ သူက ငါတို့ရဲ့ဆင့်ပွားယွီဝမ်မိသားစုကိုပဲ ပြက်ရယ်ပြုတာ။ လင်းမိသားစုက ဘာမှမဟုတ်ဘူး၊ စာမတတ်တဲ့ တောသားတွေပဲ။ သူတို့နောက်မှာ ယွီဝမ်ထုန်ရှိတာနဲ့ ဆင့်ပွားယွီဝမ်မိသားစုကို သူတို့အထင်သေးလို့မရဘူးဆိုတာ သိစေရမယ်။ သူတို့က မြေကြီးပေါ်ကို ရှူးပန်းပြီး ကိုယ့်ကိုယ်ကိုယ် ဘာနဲ့တူလဲဆိုတာကို ကြည့်သင့်တယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းTempat cerita menjadi hidup. Temukan sekarang