ယွီဝမ်ချီက ကျိုးဖုကွေ့ပြန်မရောက်သေးကြောင်း ညည်းနေစဉ်တွင် ခဏကြာပြီးနောက် ကျိုးဖုကွေ့နှင့်အခြားလူနှစ်ယောက် ပေါ်လာသည်။

အံ့ဩစရာကောင်းသည်မှာ ကျိုးဖုကွေ့နှင့်အခြားလူနှစ်ယောက်အပြင် ယွီဝမ်ထုန်၏ကိုယ်ရံတော် ရှဲ့ရှီကိုပါ သူမြင်လိုက်ရသည်။

"မင်း...မင်း..." ယွီဝမ်ချီက ဒေါသနှင့် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။

လုံးဝစိတ်ဓာတ်ကျနေသည့်မျက်နှာနှင့် ကျိုးဖုကွေ့က ယွီဝမ်ချီကို မကြည့်ဝံ့ပေ။ အခြားလူနှစ်ယောက်ကလည်း ခေါင်းငုံ့ထားကြသည်။

"ဒုသခင်လေး၊ စစ်သူကြီး စကားအမှာပါးလိုက်တာကို ကျွန်တော်ယူလာပါတယ်။ ဒုသခင်လေးသာ ဒီလူတွေကို ခေါ်ပြီး မြို့တော်ဆီချက်ချင်းမပြန်သေးရင် စစ်သူကြီးက ဒုသခင်လေး ဘယ်တော့မှပြန်လို့မရအောင် လုပ်ပါလိမ့်မယ်။" ရှဲ့ရှီက တင်းမာသောလေသံဖြင့် ခြိမ်းခြောက်သည်။

ယွီဝမ်ချီ ဒေါသထွက်သွားသည်။ 'ကိုယ်ရံတော်သာသာက ငါ့ကိုဘယ်လိုလုပ် ဒီလိုပြောရဲရတာလဲ။'

"ခွေးမသား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ ငါ့ကိုတောင် ခြိမ်းခြောက်ရဲတယ်။"

"ဒါက စစ်သူကြီးရဲ့အမိန့်ပါ။ ဒုသခင်လေး အထွန့်တက်စရာရှိရင် ကျေးဇူးပြုပြီး စစ်သူကြီးကို သွားပြောပါ။"

"ယွီဝမ်ထုန်ရဲ့နာမည်ကိုပြောလိုက်တာနဲ့ ငါ့ကိုခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား။" ယွီဝမ်ချီက အော်ပြောကာ ခုံပုတစ်လုံးကို ပြင်းပြင်းကန်လိုက်သည်။

ရှဲ့ရှီက ဓားရှည်ကိုကိုင်ကာ လက်ပိုက်ပြီး သူ့ကိုအေးစက်စက်ကြည့်သည်။ "ဒုသခင်လေး၊ ကျေးဇူးပြုပြီး စထုပ်ပိုးပါတော့။"

ယွီဝမ်ချီက အတော်ကြာ အံကြိတ်နေပြီးနောက် ဒေါသတကြီးလှည့်ထွက်ကာ ကျိုးဖုကွေ့၏မျက်နှာကို ရုတ်တရက် ခပ်ပြင်းပြင်းရိုက်ကာ အပြစ်ဆိုသည်။ "စလုပ်တော့လေ၊ ဘာမှအသုံးမကျတဲ့ကောင်တွေရဲ့။ ငါ့ကို ကိုယ့်ဘာသာကိုယ် လုပ်ခိုင်းစေချင်တာလား။"

"အာ့။" ကျိုးဖုကွေ့က နာကျင်စွာညည်းကာ သေလောက်အောင်ကြောက်သွားပြီး ထုပ်ပိုးရန် အပေါ်ထပ်သို့အမြန်တက်သွားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now