Unicode...
ဦးချစ်တီးဆိုင်မှာ မင်းထွဋ် ပြုံးပြုံးကြီးထိုင်ပြီး မနက်စာစားနေတယ်။ ဒီနေ့တော့ ဦးချစ်တီးဆိုင် လူရှင်းတယ်။ မနေ့ညက ဘုရားပွဲနောက်ဆုံးရက်မို့ ဒီနားတစ်ဝိုက် ရပ်ကွက်ကလူတွေ ပွဲကိုက်နေကြတာလေ။ တချို့လည်း ရုံးတက်ကျောင်းတက်ဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းဖို့ ဘယ်ရှိလိမ့်မလဲ။ အောင်နိုင်ဆန်းတောင် သူ့အေးအေးကြိုင်ကြောင့် ညလုံးပေါက် ပွဲစောင့်နတ်ကြီး ဖြစ်ကျန်ခဲ့တာ။ ဒီမနက် ကျောက်ဝိုင်းတောင် မဆင်းနိုင်ဘူးတဲ့။
မင်းထွဋ် မနက်စာ လက်ဖက်ရည်နဲ့ နံပြားကို လက်စသတ်ပြီး ပိုက်ဆံရှင်းနေတုန်း ဆိုင်ထဲကို ဘိုသစ်ဝင်လာတယ်။
"ဟာ ကိုထွဋ် ... ပြန်ပြီလား... ထိုင်ပါဦးဗျ"
"မထိုင်တော့ဘူး ဘိုသစ်ရေ... ငါ သွားစရာရှိလို့ဟ"
"ဟုတ်သားပဲ.... ဝတ်ကောင်းစားလှတွေနဲ့ပါလား ... ဘယ်တုံး"
"အဟဲ ဆံပင်သွားညှပ်မလို့"
မင်းထွဋ် အင်္ကျီကော်လာကို တမင်ထောင်ပြပြီး ဆိုင်ထဲကနေ မြောက်ကြွကြွနဲ့ ထွက်လာခဲ့တယ်။ ခြေလှမ်းတွေက တစ်ဖက်ရပ်ကွက်က မာမီရွှေမြရဲ့ ဆံသဆိုင်ဆီ...။ ဟိုတစ်ခါ ဘိုသစ်နဲ့ ပြဿနာတက်ပြီးတော့ သူ့ရဲ့ အိမ်ကို စုံစမ်းထားတာ။ အားတဲ့နေ့ကျမှ သေသေချာချာလေး သွားတောင်းပန်ဖို့ဆိုပြီးပေါ့။ ဒါမှမဟုတ် အဲနေ့က သွေးသစ်ညို မာမီရွှေမြကို လိုက်ပို့လို့ သူနဲ့ပတ်သက်တာမှန်သမျှ သိချင်ဇောနဲ့ စုံစမ်းမိတာလား။ ကိုယ့်ကိုကိုယ် မသိတော့ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ဆံပင်လည်းညှပ်ရင်း မာမီ့ဆီကအကြံတောင်းရတာပေါ့။
မာမီရွှေမြဆိုင်မှာလည်း လူရှင်းနေပြန်တယ်။ မာမီကိုယ်တိုင် ပွဲကိုက်နေလား မသိပါဘူး။ မင်းထွဋ် ဆိုင်ထဲက ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ခဏကြာမှ မာမီကအနောက်ထဲကနေ ပြာတိပြာတာနဲ့ ထွက်လာတယ်။
"ဟယ် ဧည့်သည်ရောက်နေတာပဲ... စိတ်မရှိနဲ့နော် ... အဒေါ် အနောက်ထဲမှာ မနက်စာသွားစားနေလို့"
"ရတယ်ဗျ.... ကျွန်တော် ဆံပင်ညှပ်မလို့... ရတယ်မလား"
မာမီရွှေမြက မင်းထွဋ်ကို မျက်မှောင်ကုတ်ပြီး သေချာကြည့်တယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်