89

4.7K 737 20
                                    

ပြိုင်ဘက်များကို ကျန်ချောင်းဖိအားပေးခြင်းနှင့် ဓားပြများ၏ လှုပ်ရှားမှု
..................................................................................

"ဝူအားနျိုကို အစွမ်းထက်ဆေးတစ်ချို့ ညွှန်းပေးခဲ့တဲ့အတွက် သဘက်ခါကျရင် ဝူအားနျို လမ်းလျှောက်နိုင်လိမ့်မယ်လို့ သမားတော်ကပြောပါတယ်။"

မနက်ပိုင်းတွင် အစောင့်များ၏နေရာ၌ လင်းကျန်ရှိနေစဉ်တွင် ရှားဖုန်းရောက်လာကာ သမားတော်တစ်ယောက်က ဝူအားနျို၏ဒဏ်ရာများကို ကုပေးပြီးပြီဖြစ်ကြောင်း ပြောသည်။

"ငါသိပြီ။ ဝူအားနျိုရဲ့ဒဏ်ရာအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ သမားတော်ကို ပြောလိုက်ဦး။"

"စိတ်ချပါ၊ သခင်လေး။ ကျွန်တော် အဲ့အကြောင်း ပြောပြီးပါပြီ။ သမားတော်လင်က ကျွန်တော်တို့နဲ့ အဆင်ပြေပါတယ်။ ဒီ့အပြင် သူက နှုတ်လုံတဲ့လူပါ။"

ဝူအားနျိုအား ကုပေးခဲ့သည့် သမားတော်က သမားတော်လင်မှန်း လင်းကျန်သိပြီးနောက် ထပ်မပြောတော့ချေ။ သမားတော်လင်က လင်းမိသားစုနှင့်အမြဲတမ်း ပါဝင်ကူညီတတ်သဖြင့် လင်းကျန် သူ့ကိုယုံကြည်သည်။

ယနေ့မှာ ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းကို လင်းမိသားစု၏အစောင့်များ လေ့ကျင့်သည့်တတိယမြောက်ရက်ပင်။ သူတို့က ယင်းအစီအရင်တွင် ပိုကျွမ်းကျင်လာကြသည်။ ပထမဆုံးလေ့ကျင့်သည့်ရက်ကတည်းကပင် အစောင့်များ၏ခြံကို ဝင်ခွင့်မရှိဘဲမဝင်ရဇုန်အဖြစ် ကန့်သတ်ထားသည်။ ယခုအခါတွင် အစောင့်များက ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းကို ပုံဖော်ထားသည်။ စစ်ရေးပြကွင်းပြင်ထဲမှ အခြေအနေမှာ ချက်ချင်းတင်းမာလာသည်။ လေဖြင့်လွင့်လာသောသစ်ရွက်တစ်ရွက်ပင် ဤအခင်းအကျင်းထဲရောက်သွားပါက ပြန်မထွက်နိုင်ပေ။

လင်းကျန်၏ဘေးတွင်ရပ်နေသည့် ရှားဖုန်းမှာ အစီအရင်ကိုအခိုက်အတန့်မျှကြည့်မိရုံဖြင့် အလွန်စိတ်လှုပ်ရှားမိသည်။ ဤအစောင့်များက သူတို့ဖြစ်နေကျပုံစံနှင့် မတူညီစွာ အကြီးအကျယ်ပြောင်းလဲသွားသည်။ သူက အစီအရင်ရှေ့တွင် ရပ်နေရုံသာဖြစ်သော်လည်း ဖိအားကြီးကြီးမားမားကို ခံစားနေရသည်။ သူသာ ဤအစီအရင်ထဲ ထောင်ချောက်မိသွားလျှင် ပြန်ထွက်နိုင်ရန်အခွင့်အရေးရှိမည်မဟုတ်ဟု ယုံကြည်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now