အပိုင်း (၇)

Start from the beginning
                                    

" မေမေ မမာ၍ အမြန်လိုက်လာပါ "

ဘုရားရေ ။ မေမေ ... မေမေ ။ မေရီနှင့် အမြဲအနီးကပ်ရှိနေခဲ့သည့် မေမေ ။ မေရီ့နှလုံးသားထဲကို ဂီတအမွေအနှစ်မျိုးစေ့များ စိုက်ပျိုးပေးခဲ့သည့်မေမေ ။ မေမေအဆင်မှပြေရဲ့လား ။ စိုးရိမ်စိတ်တို့က မဖိတ်ခေါ်ပါဘဲ လှိုက်တက်လာသည် ။

ကြေးနန်းရရချင်း ပြန်ဖို့စီစဉ်ရသည် ။ ဦးညီပုက မေမေ့ကို ညီမရင်းတစ်ယောက်လိုခင်ရှာသည်မို့ သူကပဲ ကားနှင့်လိုက်ပို့ရန် ပြောသည် ။ မေရီကတော့ မေမေဆီရောက်ဖို့သာ အဓိကရယ်ပါ ။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် အရေးပါသည်ဟုမထင် ။ စိတ်ထဲမှာလည်း မေမေ အမြန်ကျန်းမာဖို့သာ ဆုတောင်းနေမိသည် ။

ဘွားလေးတို့လင်မယားကလည်း သူ့တူမ မေမေ့ကို စိတ်ပူ၍ လိုက်လာကြသည် ။ ထို့ကြောင့် ဂျစ်ကားလေးပေါ်တွင် မေရီနှင့်အတူ ဒရိုင်ဘာ ၊ ဦးညီပု ၊ ဘိုးလေးနှင့် ဘွားလေးတို့ပါလာခဲ့ကြသည် ။

ရှမ်းပြည်နယ်ဘက်သို့ ချင်းနင်းဝင်ရောက်လာသည်နှင့်အမျှ အအေးဓာတ်တို့က စိမ့်ဝင်လာသည် ။ သို့သော် ထိုအအေးဓာတ်တို့က မေရီ့ရင်ထဲမှ အပူကိုငြိမ်းသတ်နိုင်ခြင်းငှာ မစွမ်းသာပေ ။ မေမေများ တစ်ခုခုဖြစ်သွားခဲ့ရင် ဆိုသည့်အတွေးက ရူးချင်စရာကောင်းသည် ။ မေမေ မရှိတော့မည့်ဘဝတစ်ခုကို မေရီ စိတ်ကူးတောင် ယဉ်မကြည့်ဖူးခဲ့ပါ ။

မနက်စောစော မန်းလေးမှ ထလာသည်မို့ သီပေါကို ညမမှောင်မီ ရောက်သွားသည် ။ မေမေသည် လွန်ခဲ့သည့် ၁ လကျော်ကတည်းက ရောဂါလက္ခဏာများခံစားနေရသည်ဟုသိရသည် ။ ရောဂါကြီးကြီးမားမားမဟုတ်လောက်ဘူးထင်၍ ဘယ်သူ့မှမပြောဘဲ ကြိတ်ကုနေရာမှ ယခု တစ်ပတ်အတွင်းအတော် ပြင်းပြင်းထန်ထန်ခံစားနေရခြင်းဖြစ်သည် ။ မေရီစိတ်ပူမှာစိုး၍ ကြိတ်ကုပြီး ယခုလို ရောဂါသည်းမှသာ သံကြိုးရိုက်လိုက်ခြင်းဖြစ်သည် ။ မေမေရောဂါကို ဆရာဝန်များကလည်း မကုသနိုင်ဘူးဟုလည်း ဆိုသည် ။ မေမေ ပြန်ကောင်း ၊ မကောင်းက မေမေ့ကံအပေါ်မူတည်သည်တဲ့ ။ အို အရာအားလုံးကို ကံပေါ်ပဲ ပုံချလိုက်ရတော့မတဲ့လား ။

အိမ်အဝတွင် ဖေဖေက ဆီးကြိုရင်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြသည် ။ သူရင်နှင့်အမျှချစ်ရတဲ့ အမျိုးသမီး ယခုလို ဝေဒနာခံစားပြီး နေ့လား ညလား ဖြစ်နေသည့်အခြေအနေမို့ သောကတို့က ပြောပြစရာမလိုဘဲ မျက်နှာတွင်အထင်းသားပေါ်နေသည် ။ ပြေး၍ခိုဝင်လိုက်သော ဖေဖေ့ရင်ခွင်သည် နွေးထွေးမှုရှိသော်လည်း စိတ်သက်သာရာတော့မရ ။

ချစ်သက်ဝေWhere stories live. Discover now