ယွီဝမ်ထုန်က မြင်းပေါ်မှချက်ချင်းဆင်းလာသည်။ သူက လင်းရှင်းကျုံထံသို့ သွားကာ ထူပေးလိုက်သည်။ "အိုး၊ သခင်ကြီးလင်း။ ကိန်းကြီးခန်းကြီးတွေမလုပ်ပါနဲ့။ အငယ်တစ်ယောက်အနေနဲ့ သခင်ကြီးဒူးထောက်တာကို ကျွန်တော်က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။"

"ဒီကလူအားလုံး မတ်တပ်ပြန်ရပ်ကြပါ။"

"ကျေးဇူးတင်ပါတယ်။ အရာရှိကြီး။" လင်းကျိုးဝမ်က အခြားလူများနှင့်အတူ မတ်တပ်ပြန်ရပ်သည်။

ယွီဝမ်ထုန်က အရပ်ရှည်ကာခပ်မတ်မတ်နေရုံသာမက အားကောင်းသည့်အရှိန်အဝါလည်းရှိရာ လူများအပေါ်ဖိနှိပ်ထားနိုင်သည်။ သူက အခိုက်အတန့်မျှ အာရုံစိုက်စရာဖြစ်လာသည်။ လင်းမိသားစု၏ အစေခံများက ဤသို့ခံ့ညားထည်ဝါသည့် အရှိန်အဝါရှိသူအား မတွေ့ဖူးပေ။ သူတို့က ချက်ချင်း တိတ်ဆိတ်သွားကာ အသက်ကိုပင် သတိထား၍ရှူနေကြသည်။

"အရာရှိကြီး အဝေးကနေတောင် လာတာ ကျွန်တော်တို့အတွက် တကယ့်ကို ဝမ်းမြောက်စရာပါပဲ။ ကျွန်တော် မြို့တော်ဆီ မရောက်တာ နှစ်တွေကြာနေပြီ။ အရာရှိကြီးရဲ့ မိသားစုကကော အဆင်ပြေပါရဲ့လား။" လင်းရှင်းကျုံကမေးသည်။

"သခင်ကြီးရဲ့ အလေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အရာအားလုံး အဆင်ပြေပြေပါပဲ။" ယွီဝမ်ထုန်က ပြောသည်။ "အဖိုးအသက်ရှင်နေတုန်းကတော့ သခင်ကြီးရဲ့အကြောင်းကို ခဏခဏပြောတယ်။ ကျွန်တော်တို့မိသားစုအပေါ် သခင်ကြီး ကျေးဇူးရှိတာကို ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းမှတ်ထားပါတယ်။"

ယွီဝမ်ထုန်ကစ၍ အတိတ်အကြောင်းပြောမည်ဟု လင်းရှင်းကျုံမမျှော်လင့်ထားပေ။ သူ၏လေသံက ရိုးသားပြီး လင်းမိသားစုက သူတို့ကို အတိတ်တွင် ကယ်တင်ခဲ့သည်အား သူတကယ်မှတ်မိနေသည်မှာ ထင်ရှားသည်။ ဤသည်က လင်းရှင်းကျုံအား အံ့အားသင့်ကာ ပျော်ရွှင်စေသည်။ ယွီဝမ်မိသားစုက သူတို့၏ကျေးဇူးကို သတိရသေးလျှင် စေ့စပ်မှုဖျက်သိမ်းသည့်အတွက် လင်းမိသားစုအား အပြစ်တင်မည်မဟုတ်ပေ။

ယွီဝမ်ထုန်၏ စကားများကို ကြားပြီးနောက် လင်းရှင်းကျုံနှင့် လင်းကျောက်ဝမ်တို့ စိတ်သက်သာရာရသွားသည်။ ယွီဝမ်ထုန်က သူတို့နှစ်ယောက်လုံးကို အကောင်းမြင်စေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now