ရှောင်းရွှယ်ယင် အလျှင်အမြန် ပြေးသွားကာ ဇူအန်ကို ထူပေးလိုက်သည်။ အနီးကပ်မြင်ရမှ သူ၏ ဒဏ်ရာများ မည်မျှ ဆိုးရွားသည်ကို သေချာတွေ့လိုက်ရသည်။ သူမ၏ ဆေးတစ်ပုလင်း ထုတ်ရန် သူမ၏ ဝတ်ရုံထဲ နှိုက်လိုက်သည်။ သို့သော်လည်း ယခင် တိုက်ပွဲတွင် အရာအားလုံး အသုံးပြုခဲ့ပြီးပြီကို သူမ နောက်ကျမှ သတိရလိုက်သည်။

“အစ်မချူ စိတ်လွတ်သွားပြီလား” ရှောင်းရွှယ်ယင်က ချူချူယန်ကို စိုက်ကြည့်ကာ ဒေါသဖြစ်သွားသည်။ “ခုနက ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို လက်ခံဖို့ နင့်အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ဒါတွေအားလုံးက နင့်ကို ကယ်ဖို့အတွက်ပဲလေ။ ဒီလောက်အထိ လုပ်စရာမလိုဘူးမဟုတ်လား”

ရှောင်းရွှယ်ယင် က သူ့ဘက်တွင် ရပ်တည်ပေးနေသည်ကို မြင်ရသောအခါ ဇူအန် အံသြသွားသည်။ မတတ်နိုင်သော အပြုံးတစ်ခုဖြင့် မှတ်ချက်ပေးလိုက်သည်။
“အရင်က ငါ့ကို ကယ်ဖို့ကြိုးစားတဲ့သူက အခု ငါ့ကို သတ်ဖို့လုပ်နေတယ်။ အရင်က သတ်ဖို့ကြိုးစားခဲ့တဲ့သူကတော့ အခု ငါ့ကို ကယ်ဖို့လုပ်နေတယ်။ ဒီကမ္ဘာကြီးက တကယ်ကို ရယ်စရာကောင်းတဲ့နေရာတစ်ခုပဲ”

ရှောင်းရွှယ်ယင်က ဇူအန်ကို မျက်စောင်းထိုးလိုက်သည်။ “ဒီလောက် ဆိုးတဲ့ ဒဏ်ရာ ရထားတာတောင်မှ ဟာသလုပ်ချင်စိတ်ရှိသေးတယ်”

“ငါ အသက်ရှင်နေတုန်းပဲလေ မဟုတ်ဘူးလား” သူမ ခန္ဓာကိုယ်မှ ပျော့ပျောင်းမှုကို ဇူအန် ခံစားမိနေသည်။ သူ့ကို သတ်ရန် တစ်ချိန်လုံးကြိုးစားနေခဲ့သော မိန်းကလေး ကို လက်ခံပေးရန် ခက်ခဲနေသည်။

ရှောင်းရွှယ်ယင် ကြောင်သွားသည်။ ဇူအန်သည် ငကြောက်ဟု သူမ ထင်မြင်ခဲ့ဖူးသည်။ သို့သော်လည်း အံသြစရာမှာ သူ့မျက်နှာပေါ်မှ တည်ငြိမ်မှုကို တွေ့လိုက်ရခြင်းဖြစ်သည်။ လူအရှေ့တွင် အမြဲပေါ့ပျက်သည့် အသွင်အပြင်ရှိသူ က သေခြင်း၏အရှေ့တွင် လေးနက်မှုကို ပြခဲ့သည်။

သူမ၏ အရှေ့တွင် ရှိနေသော နှစ်ယောက်ကို ကြည့်ကာ မိန်လိ၏ နှုတ်ခမ်းများ လှောင်ပြုံး ပြုံးလိုက်သည်။ “နင့်လို နိမ့်ကျတဲ့ လူမျိုးကို မိန်းကလေးတွေ အများကြီး နှစ်သက်ကြမယ်လို့ မထင်ထားဘူး”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now