“…” ချူချူယန်

“…” ရှောင်းရွှယ်ယင်

နှစ်ယောက်လုံး ဇူအန်ကို တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

သူက ဒဏ္ဍာရီလာ အကြည်ရောင်အဆင့် ပိုင်ဆိုင်ထားတာလား။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မိန်းကလေးနှစ်ယောက်သည် သူနှင့် အလွန်အမင်း ရင်းနှီးကြသည်။ ထို့ကြောင့် လပြည့်မြို့တော်၌ သူသည် လူလေလူလွင့်အဖြစ် မည်မျှတောင် နာမည်ကြီးလဲဆိုသည်ကို သူတို့ သိကြသည်။ အဲ့တုန်းက ဇူအန်ကို သူမခင်ပွန်းအဖြစ် မယူခင်တုန်းက ချူချူယန်သည် သူ့အရည်အသွေးကို တိတ်တိတ်လေး စစ်ဆေးခဲ့သေးသည်။ ထိုတုန်းက သူသည် အနိမ့်စား ဒင်အဆင့်သာ ရှိခဲ့သည်။

တကယ်လို့ ဒီတစ်လျှောက်လုံး သူ့သိုင်းပညာအစစ်နဲ့ ကျင့်ကြံခြင်းတွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုရင်တောင် သူ့အရည်အသွေးကိုတော့ ဖုံးဝှက်ထားနိုင်မှာ မဟုတ်ဘူးမလား။

“သူက ဒဏ္ဍာရီလာ အကြည်ရောင်အဆင့် အရည်အသွေးပိုင်ရှင် ကျင့်ကြံသူလား။ အကြီးအကဲ ရှင် အထင်မှားနေတာများဖြစ်မလား” ချူချူယန် မေးလိုက်သည်။

ဤတစ်ခေါက်တွင် ဇူအန်က သူ့အစွမ်းအစများနှင့် သူမကို အထင်ကြီးစေခဲ့သည်မှာ အမှန်ပင်။ သို့သော် သူ့ကို ဒဏ္ဍာရီဝင် အကြည်ရောင် အရည်အသွေးပိုင်ရှင်အဖြစ်တော့ သူမ လက်မခံနိုင်သေးပါ။ သူမ၏ အနိမ့်စားကျာအဆင့် အရည်အသွေးနှင့်ပင် အဆင့် ၆ သို့ ရောက်နိုင်ခဲ့သည်။ အဲ့ဒါဆို သူက အခုချိန်မှာ ဘာလို့ အဆင့် ၃ ပဲ ရောက်နေအုံးမှာလဲ။

“သူ့ရဲ့ ဒီလောက်တောင်အားနည်းပုံကြောင့် ငါလည်း စိတ်ရှုပ်ထွေးသွားပါသေးတယ်။ ဒါပေမယ့် ဒီကိစ္စမှာ ငါ အထင်မှားတာ လုံးဝမဖြစ်နိုင်ဘူး။ စောနတုန်းက ငါ သူ့သွေးနဲ့ ထိတွေ့မိသွားခဲ့တယ်။ သူက အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ထားတာ အသေအချာပဲ” မိန်လိက ပြန်ပြောလိုက်သည်။

မိန်းကလေးသုံးယောက်၏ အကြည့်များ သူ့ပေါ်သို့ စိုက်ရောက်လာသည်ကို ခံစားမိသည့်အခါ ဇူအန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး ပြောလိုက်သည်။ “ငါက ငါ့အရည်အသွေးကို ဖုံးကွယ်ပြီး မင်းတို့လိုမျိုး သာမာန်လူထုကြားမှာ ရောနှောနေဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာတော့ ငါ ဖော်ထုတ်ခံလိုက်ရပြီထင်တယ်။ ဟုတ်ပါတယ် ငါက ဒဏ္ဍာရီလာ အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ သူပဲ။ ဒီကိစ္စကြောင့်နဲ့ အနာဂတ်မှာ ငါ့ကို ခွဲခြားခွဲခြား မဆက်ဆံကြဖို့ မျှော်လင့်ပါတယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now