အစပိုင်းတွင် လေးသမားများက ဇူအန်ကိုပစ်ရန် အသင့်ပြင်ထားသော်လည်း မြင်းကမြန်လွန်း၍ အခွင့်မသာပေ။ ထို့အပြင် ဓာတ်မီးကိုကြောက်၍ လေးသမားများက နေရာမပြောင်းရဲပေ။ ထို့ကြောင့် သူတို့စွမ်းဆောင်ရည် အကန့်အသတ်ရှိနေသည်။

တပ်သားများ၏ အစီအရင်တကွဲတပြား ဖြစ်သွားသည်နှင့် သူတို့မြားများလည်း အစပိုင်းလောက် အရေးမပါတော့ပေ။

ဇူအန် နေရာကို လှည့်ပတ်ကာ မြင်းစီးနေရတာ ဖင်ပင်ကျိန်းလာလေပြီ။ ယိမ်းခါလွန်းပြီး အန်ချင်လောက်သည့်အချိန်မှသာ ဝင်နိုင်သော ဟာကွက်အသေးလေးတစ်ခု တွေ့လိုက်ရသည်။

အခွင့်အရေးကို အရယူကာ ခြေလျင်တပ်သားများ၏ အစီအရင်ကို ဒေါင်လိုက်ဖြတ်ပြီး လေးသမားများရှိရာ ဒုန်းစိုင်းသွားလိုက်သည်။လေးသမားများကို အရင်ဖြေရှင်းရမည်ဖြစ်ကြောင်း ဇူအန်သိသည်။ မဟုတ်ပါက သူတို့အရှိန်ပြန်ရသည်နှင့် အဝေးမှ တိုက်ခိုက်ခြင်းက အန္တရာယ် များလှသည်။

စစ်မြင်း၏ တစ်ဟုန်ထိုး ဝင်ရောက်မှုက လေးသမားများ၏ အစီအရင်ကို ပြိုကွဲစေပြီး ယောက်ယက်ခတ်စေသည်။

ဇူအန် မြင်းပေါ်မှ ခုန်ဆင်းက မြင်းကို ခြေလျင်တပ်များထံ ပို့၍ အချိန်ဆွဲလိုက်လေသည်။ အခွင့်အရေးကို အသုံးချကာ လေးသမားများ၏ အသက်ကို လိုက်နှုတ်တော့သည်။

လေးသမားများက အဝေးမှဆိုလျှင် ကြောက်စရာကောင်းသော ရန်သူဖြစ်သော်လည်း အနားသို့ကပ်နိုင်လျှင် အသတ်ခံရမည့် သိုးများနှင့် မခြားပေ။ အနီးကပ်တိုက်ရာတွင် ခြေလျင်တပ်နှင့် မြင်းတပ်လောက် မကျွမ်းကျင်ပေ။ ထို့အပြင် ဇူအန်၏ ပျော့ပျောင်းပြီး ခန့်မှန်းရခက်သော ခြေလှမ်းများကြောင့် တားဆီးရန်နေနေသာသာ အဝတ်စကိုပင် ဖမ်းမမိချေ။

ထိုတစ်ချိန်လုံး ရှောင်းရွှယ်ယင်မှာ သစ်ပင်တက်နေသော ခိုအာလာဝက်ဝံငယ်ကဲ့သို့ ဇူအန်ကို ဖက်တွယ်ထားသည်။ ဇူအန်လှုပ်ရှားမှုကို အနှောင့်အယှက်မဖြစ်ရန် ရှိသမျှအားကုန်သုံး၍ ဖက်တွယ်ထားလေသည်။

အနီးကပ်ကြည့်၍ အဖြေရှာရန် ဇူအန်ခြေလှမ်းသိုင်းကို သေချာစောင့်ကြည့်နေမိသည်။ သို့သော် အဲ့တာက ခေါင်းမူးတာပဲ အဖတ်တင်သည်။ ထို့ကြောင့် ခေါင်းကိုလှည့်ကာ ပတ်ဝန်းကျင်မှ အသံများကို နားစွင့်လိုက်မိသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now