“ရေကန် အောက်ထဲမှာ ချိတ်ပိတ်ခံထားရတဲ့ အပြစ်မဲ့တဲ့ ချင်စစ်သည် ၂သိန်း ကျော်ကရော ဘယ်လိုလဲ။ သူတို့တွေက ရက်စက် ကြမ်းတမ်းတဲ့ မိစ္ဆာတွေလို့ နင် ထင်သလား”

ဇူအန် ပြန် ပြောစရာစကားမရှိပေ။

“ပြီးတော့ နင့်မှာ တစ်ခြား ရွေးချယ်စရာ မရှိဘူး။ ကျန်းဟန် က အဲ့ဒီ သေလွန်ဝိညာဉ်တွေကို ဖြေရှင်းပြီးသွားရင် ဟိုနေရာမှာရှိနေတဲ့ မိန်းကလေးလည်း သေချာပေါက် အသတ်ခံရမှာပဲ” မိန်လိ က သူမ၏ အကြံကို ဆက်လက်တွန်းပို့လိုက်သည်။

ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့မှာ ဇူအန် တစ်ကိုယ်တည်းစကားပြောနေသည်ကို မြင်ရသောအခါ ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဆန်းကြယ်သော မိန်းမအသံတစ်ခုက သူတို့၏ နားထဲသို့ ရုတ်တရက် ရောက်လာသောအခါမှ သူတို့ အံအားသင့်သွားကြသည်။

“ဘယ်သူစကားပြောနေတာလဲ” ရှောင်းရွှယ်ယင် က သူမ၏ ပတ်ဝန်းကျင် ကို သတိကြီးစွာ ကြည့်လိုက်သည်။
ချူချူယန်လည်း သတိကပ်လိုက်သည်။ သို့သော် ထိုအသံမှာ ရင်းနှီးနေသည်ဟု သူမ ခံစားနေရသည်။ ၎င်းအသံကို သူမ တစ်ပိုင်းတစ မေ့မျောနေစဉ်အချိန်က ကြားခဲ့ဖူးသည့် အရိပ်အယောင် ခံစားချက်ရှိနေသည်။

“လျှောက်ကြည့်မနေနဲ့။ သူ့ကို မင်းတို့ ရှာတွေ့မှာမဟုတ်ဘူး။ သူ့ကို ဒီရှေးဟောင်း ဂူသင်္ချိုင်းရဲ့ ပိုင်ရှင်လို့တော့ တွေးထားလို့ရတယ်” ဇူအန် ရှင်းပြလိုက်သည်။

“ဒီဂူသင်္ချိုင်းရဲ့ ပိုင်ရှင်...” ရှောင်းရွှယ်ယင် မျက်နှာဖြူဖပ်သွားသည်။ အကယ်၍ ဖုတ်ကောင်ဗိုလ်ချုပ်တောင် သူတို့ကို မျှော်လင့်ချက်မဲ့သည်အထိ သန်မာနေလျှင် ပိုင်ရှင်ဖြစ်သူမှာ မည်မျှ စွမ်းအားကြီးမားလိမ့်မည်ကို သူတို့ မမှန်းဆနိုင်တော့ပေ။

“အားဇူ ငါ့အတွက်ကြောင့်နဲ့ သူ တောင်းဆိုတာကို သဘောမတူလိုက်နဲ့။ လက်ရှိအခြေအနေမှာ ငါ အသက်ဆက်ရှင်နေလည်း မထူးတော့ဘူး။ ဒီနေရာ ကနေ စနိုးကိုခေါ်ပြီးတော့ အမြန်ထွက်ပြေးသွားသင့်တယ်” ချူချူယန်၏ ထက်မြက်မှုက ထိုမိန်းမအသံ က သူမကို ငါးစာချကာ ဇူအန်ကို တစ်စုံတစ်ခု လုပ်ပေးရန် လှုံ့ဆော် နေသည်ကို သတိပြုမိလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Место, где живут истории. Откройте их для себя