အာ..ဒါလည်း အဓိပ္ပာယ် မရှိဘူး။ ကျီတန်ထုက ကျန်းလော့ဖူနဲ့ သွေးမတော်ဘူးလေ။ သူ့လို နှာဘူးက ကျန်းလော့ဖူကို မငမ်းတာ လုံးဝ သဘာဝမကျဘူး။

"ဘာဖြစ်လို့လဲ အားဇူ" ကျီရှောင်ချီ ဇူအန် နဖူး ကြုံ့လိုက် ပြန်ဖြေလိုက်ကိုကြည့်၍ စိတ်ပူစွာ မေးလေသည်။

"အာ..ဘာမှ မဖြစ်ပါဘူး။ ဒါနဲ့ မင်းအမေက ဘယ်မှာလဲ။ ငါတစ်ခါမှ မင်းပြောတာ မကြားဖူးပါဘူး" ဇူအန် အနည်းငယ် စကားနှိုက်လိုက်သည်။

ကျီရှောင်ချီ မျက်နှာငုံ့လိုက်ပြီး
"ကျွန်မ မွေးကင်းစတည်းက သူဆုံးသွားတာ။ သူ့ကို ကျွန်မ လုံးဝမမှတ်မိဘူး"

ပြောရင်းဖြင့် မျက်ရည်ဝဲလာသည်။ ကျီရှောင်ချီ ငိုခါနီးသည်ကို မြင်သော် ဇူအန် ပျာယာခတ်သွားသည်။
"ငါ မမေးလိုက်သင့်ဘူး။ တောင်းပန်ပါတယ်။ မငိုပါနဲ့"

ကျီရှောင်ချီ မျက်ရည်သုတ်၍ ခေါင်းမော့လိုက်သည်။ အားတင်းပြုံးလိုက်ပြီး
"ရပါတယ်။ ကျွန်မ ကျင့်သားရနေပါပြီ"

ထိုအကြောင်း ဇူအန် ဆက်မမေးရဲတော့ပေ။ နောင်အခွင့်အရေးရမှ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူတို့က အဝါရောင် မြက်ခင်းလွင်ပြင်ပေါ်တွင် ရပ်နေလေသည်။ ကြည့်ရတာ ဆောင်းဦးရာသီပင်။ လွင်ပြင်ထဲတွင် သစ်ပင်လေးများ ဟိုတစ်စု ဒီတစ်စုနှင့် တောင်ကုန်းငယ်များလည်း မြင်နေရသည်။
မိုးကုပ်စက်ဝိုင်းတစ်လျှောက် အဝါရောင်နှင့်အမည်းရောင်အရာများ ဝိုးတဝါးမြင်နေရသည်။ တောင်တန်းကဲ့သို့ ပုံစံပေါ်နေသော်လည်း ဝေးလွန်းသောကြောင့် မခွဲခြားနိုင်ပေ။

ဒီဂူက ငါထင်တာထက် ပိုပြီး သမရိုးကျဆန်တာပဲ။
ဇူအန် သက်ပြင်းချလိုက်သည်။ သူက ဒိုင်နိုဆောတို့ အခြားမိစ္ဆာများ ကျက်စားရာတစ်နေရာသို့ ရောက်မည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ သို့သော် အပြင်လောကနှင့် သိပ်မကွာခြားပေ။

မြေအောက်ဂူဝင်၍ စိတ်လှုပ်ရှားနေသော လူအုပ်လည်း တည်ငြိမ်စပြုလာပြီ။

"မြန့်မြန့် သွားရအောင်" ချူချူယန် ဇူအန်နှင့် ကျီရှောင်ချီ စကားလက်ဆုံကျနေသည်ကို မြင်သော်လည်း အမူအရာက ပုံမှန်အတိုင်း အေးစက်စက်ပင်။ မျက်နှာမှ အတွေးကို မမြင်နိုင်ပေ။ ခြေထောက်တစ်ဖက်ထောက်၍ ဝတ်ရုံတစ်ချက်လွင့်သွားကာ တစ်ခဏအတွင်း ပျောက်ကွယ်သွားလေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ