ချီရီ နှင့် ပန်ချွမ် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ အမှန်ပင် လူသတ်ရန် ရည်ရွယ်ချက်မှာ အဓိပ္ပါယ်မရှိပေ။
ချူကျုံးထန်လည်း ဇူအန်ကို တအံတသြလှည့်ကြည့််မိလိုက်သည်။

တစ်လျှောက်လုံးတွင် သူ၏ သားမက်သည် စိတ်ထဲပေါ်တိုင်း ဘယ်အရာမဆို ပေါက်တက်ကရ ပြောတတ်သော နမော်နမဲ့ အမူအကျင့်ရှိသူ ဟု တွေးထင်ထားခဲ့သည်။ ရိုးရိုးသားသားဆိုရလျှင် ပြိုင်ပွဲကြိုးဝိုင်းအတွင်း တွင် ပြသခဲ့သော ထူးချွန်မှုကို မြင်ရသည့််တိုင် ဇူအန်အပေါ် သူ၏ အမြင်မှာ သိပ်မပြောင်းလဲခဲ့ပေ။ တကယ်တွင် ဇူအန်သည် ချူမိသားစုတွင် မရှားသော အဆင့်သုံး ကျင့်ကြံသူ တစ်ဦးမျှသာဖြစ်သည်။

သို့သော်လည်း ပြဿနာအရင်းအမြစ် အပေါ်တွင် ဇူအန်၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမှာ သူ့ကို အမှန်ပင် အထင်ကြီးသွားစေသည်။ ဇူအန်အပေါ် တစ်ချိန်လုံး သူနှင့် မိန်းမဖြစ်သူတို့ အထင်အမြင်လွဲနေသည်ကို သတိထားမိလိုက်သည်။

ယခင်က ငြိမ်သက်စွာ ပွဲ ကြည့်နေသော မေချောက်ဖုန်သည် ယခုအချိန်တွင် ရှေ့တိုးကာပြောလိုက်သည်။ “အဲ့ဒါက ပြောဖို့ခက်တယ်။ ဇူအန်က ဘယ်လောက် အရေထူသလဲဆိုတာကို  မနေ့က ကြိုးဝိုင်းထဲမှာ ကျုပ်တို့ တွေ့ခဲ့ကြပြီးပြီပဲ။ ယွမ်ဝမ်ကျီ က သူ့ခယ်မကိုပဲ အပြစ်လုပ်ခဲ့တာကို သူက လက်ကို ဖြတ်ပစ်လိုက်ပြီးတော့ ကီကြောကို ဖျက်ဆီးပစ်လိုက်တယ်။ အဲ့ဒါက သခင်ရန် အပေါ်ကို လက်စားချေတဲ့ ဇူအန်ရဲ့ ဇာတိနဲ့ လုံးဝ ထပ်တူကျနေတယ်”

တရားခွင်တွင် ရှီခွန်း ပါဝင်ရန် မသင့်လျော်သဖြင့် မေချောက်ဖုန်တွင် ရွေးချယ်စရာမရှိဘဲ ကြားဝင်လိုက်ရသည်။

ထိုစကားကြားရသောအခါ ရန်ဝေ့၏ ဇနီးသည် အားကိုး ရှိသွားသည့်ဟန်  ချက်ချင်း ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။ အဲ့ဒါပဲ ဖြစ်ရမယ်။ သခင်ကြီးတို့ ကျွန်မရဲ့ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေပေးပါ။ ကျွန်မရဲ့ ခင်ပွန်းက သနားဖွယ်ရာ သေဆုံးခဲ့ရတာပါ”

ဤရှုပ်ထွေးသော အခြေအနေသည် ချီရီ နှင့် ပန်ချွမ် တို့ကို မျက်မှောင်ကုပ်သွားစေသည်။ မည်သို့ ကိုင်တွယ်ရမည်ကို သူတို့ မသိကြပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now