သူ့အဖေအား ကျောပေးထားရင်း လင်းမောက်မောက်က လင်းကျန်အား မဲ့ရွဲ့ပြသည်။ "ကျွန်တော့်အဖေက တကယ်လျင်တာပဲ။" သူက တီးတိုးပြောသည်။

လင်းကျန်၏အကြည့်များ နူးညံ့သွားကာ လင်းမောက်မောက်အား ပုန်းလျှိုးကွယ်လျှိုး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ညီအစ်ကိုများက စားပွဲသို့ရောက်သည်အထိ လက်ကိုင်ရင်းလျှောက်လာကြသည်။ လင်းကျန်က လင်းရှင်းကျုံနှင့် လင်းကျိုးဝမ်တို့အား နှုတ်ဆက်သည့်အနေဖြင့် ဦးညွှတ်လိုက်သည်။ ထို့နောက် သူနှင့်လင်းမောက်မောက်တို့က ထိုင်ခုံအသီးသီး၌နေရာယူလိုက်သည်။

ဖုချိုက်ဝေက လင်းကျန်၏ရှေ့၌ စွပ်ပြုတ်တစ်ခွက် ချပေးသည်။ "ရော့၊ ဒါလေး နွေးနေတုန်းသောက်လိုက်။"

လင်းကျန်က သူ့အဒေါ်အား ကျေးဇူးတင်လိုက်ပြီး စွပ်ပြုတ်ပူပူကို ငုံသောက်လိုက်သည်။ စွပ်ပြုတ်က အတော်ပူသေးသော်လည်း အနံမွှေးကာ အရသာရှိသည်။ သူ၎င်းကိုမျိုချလိုက်သောအခါ အနွေးဓာတ်က ဗိုက်ထဲပျံ့သွားပြီး သူလမ်းတစ်လျှောက်၌ ခံစားခဲ့ရသော အအေးဓာတ်ကို ဖယ်ထုတ်လိုက်သည်။

သူ့အဒေါ်က ဤစွပ်ပြုတ်အား သူမသောက်မီ အခိုက်အတန့်ကမှ ပြင်ထားကြောင်း သူသိသည်။ သူ သူ့အဒေါ်၏စွပ်ပြုတ်အား မသောက်ရတော့သည်မှာ မည်မျှကြာပြီဖြစ်သနည်း။

လင်းကျန်က သူ့မျက်ဝန်းများထဲမှ ပြင်းပြသောခံစားချက်များကို မဖော်ထုတ်ရဲသဖြင့် အနည်းငယ်ခေါင်းငုံ့ထားသည်။ သူက စွပ်ပြုတ်အား ဖြည်းဖြည်းချင်း ကုန်အောင်သောက်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ပြီးမှသာ ခေါင်းပြန်မော့လာသည်။

သူဤနေရာသို့ ရောက်သောအချိန်မှစ၍ သူ့အဖိုးနှင့်ဦးလေးတို့၏ အမူအရာများ၌ ဘာထူးဆန်းမှုကိုမှ သတိမထားမိပေ။ သူ့ခြံဝန်းထဲ၌ ဖြစ်ပျက်ခဲ့သောအရာများကို မသိသည့်အလား သူတို့၏မျက်နှာများက ပုံမှန်အတိုင်းပင်။

"လူတိုင်း မြန်မြန် စားကြတော့။ မင်းတို့အားလုံး ဆာနေလောက်ပြီ။" လင်းရှင်းကျုံပြောလိုက်ရာ လူတိုင်းက တူများအား အသင့်ပြင်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now