ဇူအန် အံ့သြသွားသည်။
"မင်းက ချူယန် နဲ့ ရင်းနှီးတာလား"

သူတို့ကသာ သူငယ်ချင်းတွေဆိုလျှင် ဝူချင်းဆီမှ အမျက်ပွိုင့် စုဆောင်းရန် မသင့်တော်တော့ပေ။

"ဒါပေါ့ ရင်းနှီးတယ်လေ။ ပိုပြီး ရင်းနှီးစရာမရှိတော့ဘူး" ဝူချင်း သရော်လိုက်သည်။
"သူက အလကားလူတစ်ယောက်ကို ယောက်ျားတော်လိုက်တယ်လို့ ကြားတုန်းက ပုံကြီးချဲ့ပြောနေတယ် ထင်တာ။ ဒါပေမဲ့ အခုကြည့်တော့ ကောလဟလတွေလည်း မှန်တာ ရှိသလိုလိုပဲ။ အလကားလူအပြင် ရှင်က နှာဘူးတစ်ယောက်ရောပဲ။ လပြည့်မြို့မှာ အလှောင်ခံရတာ မဆန်းတော့ဘူး"

ထိုစကားများကြားသော် ဇူအန် စိတ်အေးသွားရသည်။
သူတို့ မရင်းနှီးတာ တော်သေးတယ်။
အခုတွေးကြည့်မှ အိမ်တော်ပြိုင်ပွဲက ယွမ်အိမ်မှာ နောက်ခံ မြို့တော်ဝန်အိမ်တော်တစ်ခု ရှိသောကြောင့် ဒီနှစ် ထူးခြားမည်ဟု ချူယန်ပြောဖူးသည်။ ထိုမြို့တော်ဝန်အိမ်တော်က ဝူအိမ်ဖြစ်ပုံပင်။

ထို့ကြောင့် ဝူချင်းဆီ လျှောက်သွား၍ သေချာ အကဲခတ်လိုက်သည်။ ဒီမိန်းမက ဆိုးရွားလှသော စရိုက်ရှိသော်လည်း အတော်လှကြောင်း ဝန်ခံရပေမည်။
"ဝူသခင်မလေး မင်းက ငါ့ကို နှာဘူးလို့ တစ်ချိန်လုံးပြောနေရအောင် ငါက မင်းကို ဘယ်တုန်းက ဘာလုပ်နေလို့လဲ။ မဟုတ်မှ မင်းခေါင်းထဲမှာ အဲ့လို အတွေးတွေနဲ့ချည်း ပြည့်နေတာလား"

ယောက်ျားတစ်ယောက်နှင့် ထိုသို့ အနီးကပ်နေရခြင်းက ဝူချင်းကို စိတ်တုန်လှုပ်စေသည်။ သူအမြန် နောက်ဆုတ်၍ ပြောလိုက်သည်။
"ရှင့်ရဲ့ ညစ်ညမ်းတဲ့ စကားတွေကို နားထောက်ကြည့်လိုက်။ နှာဘူး မဟုတ်ရင် ဘာ.."

ဇူအန်ကို ဆူပူချင်သော်လည်း သူမ ပြောသောစကားကို ပြန်သတိထားမိပြီး ဆွံ့အသွားသည်။ ဇူအန်ကို နှာဘူးဟု ဆက်ပြောနေလျှင်သူ့စိတ်ထဲ ထိုအတွေးမျိုး တွေးနေသည်ဟု ဝန်ခံရာ ကျသွားပေလိမ့်မည်။

သူတို့မမလေး အရှုံးပေါ်နေသည်ကို မြင်သောအခါ နောက်လိုက်နှစ်ယောက် အမြန် ကူညီလေသည်။
"ဇူအန် မင်း ငါတို့ မမလေးကို ဘယ်လိုတောင် ကစားရဲရတာလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now