သို့သော် အဆင့်တစ်ခုတက်ရန် လိုအပ်သော အမျက်ပွိုင့် ပမာဏကို သတိရလိုက်လျှင် တုန်ရီစွာ ခေါင်းယမ်းလိုက်မိသည်။
ထားလိုက်ပါတော့ ဒီချိန်မှာ အဲ့တာတွေ မစဉ်းစားသင့်ဘူး။ နောက်လာမယ့်နှစ်ရက်က ပြိုင်ပွဲကိုပဲ အာရုံစိုက်လိုက်ရအောင်။

သူ့လက်ရှိအရည်အချင်းအရ ယွမ်ဝမ်ဒုံ လက်ထဲမှ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည်ဟု ယုံကြည်မှုရှိလေသည်။ သို့သော် ကျန်းလော့ဖူစကားအရ ကျင့်ကြံသူများက အဆင့်အလိုက် အင်အားကောင်းသွားကြသည်။ အားကောင်းသော ကျင့်ကြံသူများက အထောက်အပံ့များကို ကိုယ်တိုင် ရယူနိုင်၍ အင်အားတိုးတက်မှုလည်း မြန်ပေလိမ့်မည်။ ထို့ကြောင့် သူ့အစွမ်းအစများကို တစ်ချိန်လုံး လျှို့ဝှက်ထားခြင်းက မသင့်တော်ပေ။

ဇူအန် ယခုအချိန်တွင် ချူအိမ်သားတစ်ယောက်ဖြစ်ရခြင်း၏ အကျိုးကို သိလိုက်လေသည်။ သူက လှေအကြီးစားတစ်ခုပေါ်တွင် ထိုင်နေပြီး အကျိုးကို ရအောင်မယူလျှင် အလကားဖြစ်ပေလိမ့်မည်။ အနည်းဆုံး ချူအိမ်မှ တစ်ခြားအိမ်သားများ သူ့ကို အသိအမှတ်ပြုအောင် လုပ်ရပေမည်။

သူ့ဇနီးနှင့် ယောက္ခမများ၏ သူ့အပေါ် အထင်သေးမှုကို မကျေနပ်သော်လည်း အတွင်းထဲတွင် ထိုအရာက ဖြစ်သင့်ကြောင်း သိလေသည်။ သူက တကယ်ပင် အလကားကောင် ဖြစ်ခဲ့လေသည်။ သူသာ သူတို့နေရာမှာဆိုလျှင် သူ့ကိုယ်သူ ထိုသို့ နှာခေါင်းရှုံမိမည်ပင်။

အမှန်တော့ ချူဟွမ်ကျောက်ကို ဖယ်လိုက်လျှင် ချူချူယန်နှင့် ချူကျုန်းထန်လည်း သူ့အပေါ် အတော်လေး ကောင်းပေသေးသည်။ ချင်ဝမ်ယွီ တစ်ယောက်တည်းသာ သူ့ကို ဆူပူ၍ အိမ်စည်းကမ်းရေးရန် အပြစ်ပေးခြင်းပင်။
ဟမ့် ခင်ဗျား အတွင်းခံကို ဟိုနှာဘူး ကျီတန်ထုဆီ ပေးလိုက်ရမှာ...

ကျန်းလော့ဖူ အကြံပေးချက်က ချူအိမ်ရှေ့တွင် သူ့အစွမ်းအစကို ထုတ်ပြရန်အချိန်ရောက်ကြောင်း ဇူအန်ကို ထောက်ပြလိုက်သည်။ အနည်းဆုံးတော့ ချူအိမ်အတွက် သူက အဖိုးတန်တစ်ယောက်ဖြစ်ကြောင်း ပြရမည်။ ထိုသို့ဖြစ်လာလျှင် ချူချူယန်ရော သူ့ကို ကပ်လာနိုင်သေးသည်....
တွေးကြည့်သည်နှင့်ပင် ဇူအန် ရယ်လိုက်မိသည်။ တံတွေးများပင် ပါးစောင်ဘေးမှ စီးကျလာသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now