ထိုသို့ပြော၍ တစ်ချက်မော့သောက်လိုက်ပြီးမှ ပြန်ပေးသည်။
သူ့နှုတ်ခမ်းက ခွက်ပေါ်တွင် အရာမှိန်မှိန်ကျန်ခဲ့သည်။ ဇူအန် မျက်လုံးမှေးလိုက်သည်။

သူက တကယ်ကို နေရာတိုင်း သဲလွန်စပေးနေတာပဲ။ ဒါက သိသိသာသာ ပျားရည်ထောင်ချောက် ကြီး။ ဒါပေမဲ့ ပစ်မှတ်က ဘာလဲ။ ချူအိမ်ရဲ့ သတင်းကို ငါ့ဆီက လိုချင်တာလား။ ဒါမှမဟုတ် ငါ့ကို ချူချူယန် ဆီက လုယူပြီး သူ့မာနသူ ဖြည့်ဆည်းချင်ရုံလား..။

သူအကြာကြီး စဉ်းစားနေပြီး သူက ရုပ်ချောလွန်း၍ ဟုပင် ကောက်ချက်ချလိုက်သည်။သူက ငါ့ခန္ဓာကိုယ်ကို တပ်မက်နေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်။ အဲ့တာအဖြစ်နိုင်ဆုံးပဲ။

ထို့ကြောင့် ဇူအန် ခွက်ကိုမြှောက်၍ ပြုံးလိုက်ပြီး
"ကျန်းမိန်းကလေးက နောက်နေပါပြီ။ မင်းအရက်ကို ဆေးခတ်မယ်လို့ ကျုပ်က ဘယ်လိုလုပ် ထင်ပါ့မလဲ။ လာပါ သောက်ရအောင်"

ကျန်းတန် မျက်လုံးလှန်လိုက်မိသည်။
နင်ခုနကပဲ ပါးစပ်ကနေ အကုန်ထုတ်ပြောလိုက်ပြီးတော့။ အတော်လေးကို မျက်နှာပြောင်တာပဲ ဟမ့်

ဇူအန်ကတော့ ခပ်တည်တည်ပင် စိတ်ချရရန် ကျန်းတန် နှိုက်ပြီးသော ဟင်းပန်းကန်များကိုသာ လိုက်စားသည်။ ပထမအလုတ်တွင် ဇူအန်မျက်လုံးပြူး၍
"ကျန်းမိန်းကလေး မင်းရဲ့ ဟင်းချက်စွမ်းရည်က ထိပ်တန်းပဲ။ ကျုပ်တစ်သက် ဒီလောက်အရသာရှိတာ မစားဖူးဘူး"

သူ့နှစ်ဘဝစာလုံး ဒီလောက်အရသာရှိသော ဟင်းကို မစားဖူးချေ။ သူ့အရင်ဘဝတွင် စားချင်စရာများ ပြည့်နေသော်လည်း ကီးဘုတ်သူရဲကောင်း တစ်ယောက်အနေနဲ့ သူ့မှာ သွားစားရန် အချိန်နှင့် ပိုက်ဆံ မရှိပေ။

"ဆရာဇူ မြှောက်နေပါပြီ။ ကျွန်မ လက်ရာက ချူအိမ်ပထမသခင်မလေးနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ" ကျန်းတန် ပြောလိုက်သည်။

သူ့ဇနီးနှင့် သူ့ကြား သွေးခွဲခြင်းက သိသာလွန်းသည်။ သို့သော် သူလိုက်ရောလိုက်လေသည်။
"ငါ့မိန်းမလား ဟမ်..သူက ထမင်းရော ချက်တတ်လို့လား"

သူက အရက်ခွက်ကို ကိုင်၍ မော့ချလိုက်သည်။

ကျန်းတန် နှုတ်ခမ်းများ ဝမ်းသာအားရ အပေါ်သို့ တွန့်ချိုးသွားသည်။ သူမအစီအစဉ်က အလုပ်ဖြစ်လေသည်။
ဟမ့် သူက မြို့တော်ဝန်အိမ်က သမီးမို့လို့ ငါ့ထက် အရာရာအသာစီးရနေတာ။ မဟုတ်ရင် ငါ့ကို သူဘယ်ယှဉ်နိုင်ပါ့မလဲ..။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now