"ဒါပေမဲ့ ကျင့်ကြံသူတွေက လွန်လွန်ကြူးကြူးသုံးရင် တစ်ချိန်ကျ မျိုးတုံးသွားမှာပဲလေ"ဇူအန် ပြောလိုက်သည်။
ဂူတွေကသာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပါက သူ့အကျိုးအတွက် ရသမျှအကုန် ထုတ်လိုက်မည်ပင်။ သူ့အရင် ကျင့်ကြံသူတွေကလည်း ဒီလိုအတွေးမျိုး ရှိခဲ့ဖူးမှာ သေချာသည်။

"ငါပြောသလိုပဲ။ ဒီဂူတွေက သီးသန့်ကမ္ဘာတွေပဲ။ အဝင်ဝက ဂူထဲက မတူညီတဲ့ ပုံစံရှိတဲ့ မတူညီတဲ့နေရာကို ရောက်စေတယ်။ ဒီနေ့အထိ ငါတို့ စူးစမ်းဖူးတာ နေရာအနည်းငယ်ပဲ ရှိသေးတာ။ သူတို့ကို ပြုန်းအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး" ကျီတန်ထု မျက်လုံးလှန်ပြလိုက်သည်။
"ပြီးတော့ သူတို့က တစ်ချိန်လုံး ပွင့်နေတာမဟုတ်ဘူး။ အများစုက နှစ်အနည်းငယ်မှ တစ်ခါပွင့်တာ။ ရက်အနည်းငယ်ကနေ လတစ်ချို့အထိပဲ ပွင့်ကြတာ"

ဇူအန် တဖြည်းဖြည်း ပုံပေါ်လာပြီဖြစ်သည်။
"အဲ့တာဆို ခင်ဗျားက ကျုပ်ကို အာဆယ်မြေအောက်ဂူထဲဝင်ပြီး မှေးမှိန်ကြာပွင့် ရှာစေချင်တယ်ပေါ့။ ခင်ဗျားပြောပုံအရ အဲ့တာက ပညာရှင်အများကြီး မက်မောတဲ့ ရတနာတစ်ခု။ ကျုပ်လိုလူက အဲ့လိုပညာရှင်တွေရဲ့ မျက်စိအောက်ကနေ ဘယ်လို လုနိုင်မှာလဲ"

ကျီတန်ထု စိတ်မရှည်စွာ လက်ခါလိုက်သည်။
"မင်းက တကယ် ဘုမသိဘမသိပဲ။ မြေအောက်ဂူထဲမှာ ရတနာကို တွေ့နိုင်တာ အင်အားအကြီးဆုံးလူမဟုတ်ဘူး။ ကံကောင်းတဲ့လူ ရတာ။ မင်းက ကံကောင်းနေသရွေ့ ပစ္စည်းက မင်းမျက်စိရှေ့မှာ ပေါ်လာမှာပဲ"
"ဆိုးဝါးတဲ့ ကံနဲ့ မွေးလာတဲ့ အင်အားကြီးပညာရှင် အများကြီးရှိတယ်။ သူတို့က ဒီလို အခွင့်အရေးအများကြီးကို လွတ်သွားကြတာပဲ။ ပြောသာပြောရတာ ပညာရှင်အများစုက ကံကောင်းကြတယ်။ မဟုတ်ရင် သူတို့ အဲ့လောက်အဆင့်ထိကို ရောက်လာနိုင်မှာ မဟုတ်ဘူး"

ဇူအန် မျက်နှာ ခါးသက်သွားသည်။ သူသာ ကြိုသိခဲ့ရင် လောင်းကစားဝိုင်းမှာ ကံကောင်းခြင်းဆေးလုံးကို သုံးခဲ့မှာ မဟုတ်ဘူး။ နောင်တတစ်ပွေ့တစ်ပိုက်ဖြင့် ဇူအန် နှလုံးသားလေးလံသွားရသည်။

ကျီတန်ထုက သူ့မျက်နှာထားကို ကြာပွင့်ယူရန် စိုးရိမ်နေသည်ဟု ထင်သွားပြီး နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ မင်းက ကံအတော်ကောင်းတဲ့လူလို့ ငါပြောနိုင်ပါတယ်။ ဘာပဲပြောပြော အလကားလူဖြစ်နေတာတောင် ချူအိမ်က ပထမသခင်မလေးရွေးတာ ခံရသေးတာပဲ။ မင်းမှာ မြေအောက်ဂူဝင်ခွင့် ရအောင်ယူနိုင်သရွေ့ ကောင်းတာတစ်ခုခုတော့ ကြုံလာမှာ သေချာတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now