မြေအခန်းနှင့် အနက်ရောင်အခန်းရှိလူများမှာ အဆင့်၃ အများဆုံးဖြစ်ပြီး တစ်ချို့တစ်လေက ထိုထက်နိမ့်သေးလေသည်။
အဝါရောင်အခန်းကမူ တစ်ကျောင်းလုံးတွင် လူဦးရေအများဆုံးဖြစ်ပြီး အဆင့်၂ရောက်လျှင်ပင် အခန်းလူမိုက်ခေါင်းဆောင် လုပ်၍ရလေပြီ။
ဤအဆင့်အရ ဇူအန်၏လက်ရှိအခြေအနေသည် သာမန်ကျောင်းသားတစ်ယောက် ဖြစ်လေသည်။ ၎င်းကို သဘောပေါက်လိုက်ခြင်းက ဇူအန်ကို စိတ်သက်သာရာရစေသည်။

ဇူအန် တစ်နေ့လည်လုံး ကံစမ်းလျက် ပျင်းစရာကောင်းသော စာသင်ချိန်ကို ကုန်ဆုံးနေရသည်။ အတန်းပြီးသည်နှင့် ကျောင်းသားများရုန်းရင်းဆန်ခတ် ကျောင်းပေါက်ဝကို သွားကြလေသည်။ ဒီငရဲတွင်းမှ မြန်မြန်လွတ်ရန် ကြံနေကြခြင်းပင်။
သိသိသာသာပင် စာသင်ချိန်၏ အနှိပ်စက်ခံနေရသူမှာ ဇူအန်တစ်ယောက်တည်း မဟုတ်ချေ။

ဝေဆောင်လည်း ထူးမခြားနားပေ။
"သူဌေး မနက်ဖြန်တွေ့မယ်" ပုခုံးတိုက်၍ လူအုပ်ကြား တိုး၀င်သွားလေသည်။ မကြာမီ အရိပ်ပင်မမြင်ရတော့ချေ။

ဤရင်းနှီးနေသော မြင်ကွင်းသည် ဇူအန်အရင်ဘဝမှ ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများ အပြေးအလွှားကျောင်းဝသို့ စုပြုံတိုးထွက် ကြသည်ကို အမှတ်ရစေသည်။ အရိုးသားဆုံးပြောရလျှင် ဇူအန် အိမ်လွမ်းနေလေပြီ။

အဆင့်တက်ခြင်းကြောင့်ဖြစ်လာသော ခန္တာကိုယ်ပြောင်းလဲမှုကို သတိထား၍ ဇူအန် အေးအေးဆေးဆေး အထုပ်သိမ်းနေလေသည်။ အခုချိန်တွင် သူသည် ယောက်ျားသား ၁၄၃ ယောက်နှင့် ညီမျှလေသည်။
ထိုခွန်အားသည် အရင်ဘဝတွင် ဆင်တစ်ကောင်ကို အလဲထိုးနိုင်ပေသည်။ တတိယအဆင့်တွင်ပင် ဒီလောက်အားကောင်းနေပြီ။ အဆင့် ၈ ၊ အဆင့် ၉ နှင့် မာစတာအဆင့်များ မည်မျှအထိ အားကောင်းနိုင်ကြောင်း ဇူအန် တွေးမိသည်။

ဒီလောကက တကယ် ကြောက်စရာကောင်းတာပဲ။ အားနည်းတဲ့ယောက်ျားတစ်ယောက်ကသာ အဆင့်မြင့်တဲ့ မိန်းမကျင့်ကြံသူနဲ့ တွဲမိရင် သူတို့ ပူပြင်းတောက်လောင်နေတုန်း အဲ့ဒီယောက်ျား ကျိုးသွားမလားပဲ။ ဒီလိုသာဖြစ်သွားရင် နောက်ဘဝပြန်ဝင်စားရင်တောင် သိမ်ငယ်စိတ်ဝင်နေတော့မှာပဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now