ချူဟွမ်ကျောက် နောက်လှည့်၍ ဇူအန်ကို ခပ်စူးစူးအော်လိုက်သည်။
"နင် ပါးစပ်ပိတ်ထား"

သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

လူအုပ်ကလည်း လုံးဝငြိမ်ကျသွားလေသည်။ ချီရှို့ မျက်တောင်ခတ်၍ အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ဒီလူက အရှက်မဲ့တာ ကမ်းကုန်ပဲ" ဘေးမှ လူအုပ်ကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

သင်သည် ပွဲကြည့်သူများထံမှ အမျက်ပွိုင့် ၆၆ ရယူလိုက်သည်...၆၆...၆၆..၆၆....

ဇူအန် ကောင်းကင်ပေါ်တက်သွားသည်ဟု ခံစားလိုက်ရသည်။
ငါတော့ ချမ်းသာတာပဲ။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် အကယ်ဒမီကို မနေ့ကတည်းက လာခဲ့ပါတယ်။

ရုတ်တရက် လူရိပ်တစ်ခု ချူဟွမ်ကျောက် နှင့် ရီချန်းလျန် ကြားကို ခုန်ဝင်လာသည်။
"ချူမိန်းကလေး ရီချန်းလျန်က ယှဉ်ပြိုင်ဖို့ သဘောမတူမှတော့ ခုလို ဖိအားပေးတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"

ထိုသူက လေထဲတွင် ဝဲပျံနေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်တစ်ဖက်ဖြင့် ငိုကြွေးခြင်းကြာပွတ်ကို ဆုတ်ကိုင်လိုက်သည်။ သူက တက်ကြွဖျက်လတ်သော စစ်သည်တစ်ယောက် ပုံစံအတိုင်းပင်ဖြစ်သည်။

ကျောင်းသူများအကြား အုတ်အုတ်ကျက်ကျက် ဖြစ်သွားရသည်။

"အိုး… အဲ့တာ ယွမ်သခင်လေးပဲ"

"ယွမ်သခင်လေးက တကယ်ကို တင့်တယ်တာပဲ"

"သူက ငိုကြွေးခြင်းကြာပွတ်ကို ဒီလောက်လွယ်လွယ်ဖမ်းနိုင်တာ အဆင့်၄ ရောက်သွားပြီဖြစ်ရမယ်"

"ဘာအဆင့် ၄လဲ သူက အဆင့်၄ထိပ်ဆုံးကို ရောက်နေတာကြာပြီ။ မကြာခင် အဆင့်၅ ရောက်တော့မှာဟ"

ဇူအန်မျက်နှာ မှောင်မည်းသွားသည်။

ဒီမိန်းမတွေ တကယ်အပြောင်းအလဲ မြန်တာပဲ။ အခုလေးတင်ပဲ ငါ့အတွက် ပြောပေးနေသေးတယ်။ အခုကျ တစ်မျိုးပြောင်းသွားပြန်ပြီ။

လူသစ်က ဆောင်းတွင်း၏ကန်ရေပြင်အလား တည်ငြိမ်သော လေသံဖြင့် ပြောလေသည်။
"မင်းလုပ်နေတာက ကျောင်းစည်းကမ်း ဖောက်ဖျက်နေတာပဲ။ ဒီကိစ္စ ပေါက်ကြားသွားရင် လပြည့်မြို့တော်ဝန်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now