အခန်း၁၇

4.3K 469 19
                                    

စတင်ဘာလ၏ ရာသီဥတုမှာ မိုးပြေးတို့နှင့် အတော်ဆွေးလို့ကောင်း၏ ။ မြန်မာလနှင့် သတ်မှတ်ရသော် ဝါခေါင်လထဲရောက်နေပြီဖြစ်၍ မိုးနှောင်းအားလည်း ကောင်းချိန်ဖြစ်သည် ။ အခုနေသာနေပေမယ့် တော်ကြာမိုးတိမ်တောင်များထိုးတက်လာပြီး တစ်နေကုန်မိုးဆွေချင်လည်းဆွေတက်၏ ။
ဘာရယ်မဟုတ် သုစေ အခန်းရှေ့မှ ဝရံတာဘက်ထွက်ပြီး အပြောင်းလဲမြန်လှသော စက်တင်ဘာ၏ ဥတုသဘာဝကြောင်း တွေးတောနေမိ၏ ။
အစက မနက်စာလေးစားပြီး စာလုပ်မည်ဆိုသည့်စိတ်ကူးသည် အုံ့မှိုင်းလာသော မိုးသားများကြောင့် ကျောင်းစာအုပ်ကို ပစ်ချပြီး ကော်ဖီတစ်ခွက်သာ သွားဖျော်လိုက်သည် ။

အစေ့ကိုကိုယ်တိုင်လှော်ပြီးကျိတ်ထားသည်မို့ လက်ဆက်သည့် ကော်ဖီရနံ့သည် မိုးနံ့တို့နှင့် လွန်စွာ ပနာရလှသည် ။ ဒါ့ပြင် စာအုပ်တစ်အုပ်ကိုပါ အဖော်ပြုလိုက်လျှင်ဖြင့် သုစေမင်း၏ စက်တင်ဘာမိုးနေ့များသည် လွန်စွာလှပသွားပါလိမ့်မည် ။ ထို့ကြောင့် ကျောင်းစာအုပ်ကိုချကာ ကိုယ်ပိုင်စာအုပ်စင်မှ ဆရာမကြီး ဂျူး၏ အမှတ်တရ ဆိုသည့်စာအုပ်ကို ထုတ်ယူပြီး ကော်ဖီတစ်ခွက်နှင့် ဝံရံတာဘက်သို့ သုစေ ပြန်ထွက်လာခဲ့သည် ။

ပြီး‌နောက် ကြိမ်ကုလားထိုင်မှာအကျနဝင်ထိုင်ပြီး ကော်ဖီတစ်ကျိုက်ရှိုက်သောက်ရင်း မိုးရွာခြင်းနှင့်ပင် ဇာတ်လမ်းစထားသော ဆရာမဂျူး၏ လက်ရာကောင်းတစ်ပုဒ်ထဲ ပြင်ပကမိုးရနံ့များနှင့်အတူ စိတ်အာရုံတို့ နှစ်မြှုပ်ထားလိုက်ပါ၏ ။

ဇာတ်ရှိန်တက်နေချိန်မှာတော့ ပြင်ပလောကမှာလည်း မိုးများသည်းထန်စွာပင်ရွာနေလေပြီဖြစ်သည် ။ ထို့ကြောင့် ဖတ်လက်စကို ခဏချကာ တံစက်မြိတ်မှ ကျလာသော မိုးပေါက်များကို ကြည့်နေမိသည် ။
သုစေအတွက်တော့ အိမ်ခေါင်မိုးနှင့်မိုးရေစက်တို့ ထိခတ်ရာမှ ထွက်ပေါ်လာသော မိုးစက်မိုးပေါက်အသံများသည် လွန်စွာမှ သာယာနာပျော်ဖွယ်ကောင်းလှပါသည် ။ သို့သော် သူ့ရဲ့သာယာနာပျော်ဖွယ်ကောင်းသော အသံလေးကို လွှမ်းခြုံပြီး ထွက်ပေါ်လာသော အသံတစ်သံကြောင့် အလိုမကျစွာ မျက်မှောင်ကုတ်သွား၏ ။
တဖြည်းဖြည်းပို၍နီးကပ်လာသော အသံမှာ စက်ရုံကထွက်လာပြီးကတည်းက အင်ဂျင်တစ်ခါမှမကိုင်ရသေးသော ဆိုင်ကယ်စက်သံဖြစ်နေ၏ ။
တဖက်လမ်းချိုးလောက်ကတည်းက ကြားနေရသော ထိုဆိုင်သံအိတ်ဇောသံပြင်းပြင်းသည် ခုတော့ သုစေတို့ခြံတံခါးဝ ထိရောက်လာပါပြီ ။

အိုဘယ့်~ဖူးစာ(Completed)Dove le storie prendono vita. Scoprilo ora