သူ၏ယခင်ဘဝတွင် လင်းကျန် ထောင်ရိအပေါ် ဘာထင်မြင်ချက်မှ မရှိပေ။ ယခုဘဝတွင်လည်း ထောင်ရိက ဘာကြောင့်သဘောထားပြောင်းသွားမှန်း သူမသိချေ။

ဤသံသယကို ခေတ္တမျှ ဖိနှိပ်လိုက်ရင်း လင်းကျန်ပြောလိုက်သည်။ " ကျွန်တော် သိပြီ။ အဲ့လိုလည်း အဆင်ပြေပါတယ်။ ဒီအငယ်က စောင့်ဆိုင်းဖို့ဆန္ဒရှိပါတယ်။ သခင်မကျားကလည်း ဘာကန့်ကွက်စရာမှ မရှိဘူးမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကျားယွမ်လင်း ပြည်နှင်ဒဏ်အပေးခံရရင်တောင် သခင်မက ကြားဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ ပြောထားတယ်မဟုတ်လား။"

လင်းကျန်၏ စူးရှကာ ဂရုမစိုက်သောအကြည့်များက ဖုန်းရှီ၏ အေးစက်ကာကြမ်းကြုတ်သည့်အကြည့်များနှင့် ဆုံသွားသည်။ နှစ်ဦးသားက အခိုက်အတန့်မျှ ထိပ်တိုက်တွေ့နေပြီးမှ နောက်ဆုံးတွင်တော့ ဖုန်းရှီက အကြည့်လွှဲသွားသည်။ သူမက မျက်လွှာချကာ အားနည်းဟန်ဆောင်နေသည်။ "ဒါပေါ့ သခင်လေးလင်းရယ် ငါက ငါ့စကားတွေကို ဖျောက်ဖျက်ပစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယွမ်လင်းက မင်းကို ညီလေးတစ်ယောက်အဖြစ် အမြဲတမ်း ဆက်ဆံပေးခဲ့တာလေ။ ဒီနေ့က သူအရက်သောက်ပြီးမူးနေလို့ ရူးကြောင်ကြောင်ကိစ္စတွေ လုပ်မိတာပါကွယ်။ သူ့အစား ငါကပဲ မင်းကို တောင်းပန်ပါတယ်။ မင်းဘာလို့ သူ့ကိုသေတဲ့အထိ ဖိအား ပေးကိုပေးရမှာလဲ။"

"သခင်မကျား မှားနေပြီ။ ပထမဆုံးတစ်ချက်အနေနဲ့ ဒီနေ့မှာ ကျားယွမ်လင်းက အရက်တွေသောက်ထားပေမဲ့ ခေါင်းကြည်ကြည်နဲ့ ထောင်ချောက်ဆင်လိုက်နိုင်သေးတယ်။ ပြီးတော့ ဒီမှာဘယ်သူကမှလည်း မျက်လုံးကန်းနေတာမဟုတ်လို့ အဲ့ဒါကိုမြင်နိုင်တယ်။ ဒုတိယအချက်အနေနဲ့ သူကအရက်မူးနေရင်တောင် သူ့အဖေရဲ့ကိုယ်လုပ်တော်နဲ့ ဖောက်ပြန်ထားတဲ့အချက်ကိုတော့ ငြင်းဆန်လို့မရဘူး။ ပြီတော့ သူက ကျွန်တော့်ကို သိက္ခာချခဲ့တယ်။ အခုဒီအချက်တွေက အမှန်တရားပဲ။ သူကသာ ကျွန်တော်တို့ရဲ့နှစ်ချီသူငယ်ချင်းသံယောဇဉ်ကို အရင်ပစ်ပယ်ခဲ့တာ။ ကျွန်တော့်ဘက်က ပြန်တုန့်ပြန်တာ သံသယဖြစ်စရာမလိုလောက်အောင်ကို သဘာဝကျတယ်။ ဒီတော့ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးက ကျားယွမ်လင်းဘက်က အရင်ဆုံးအရှက်မဲ့တာနဲ့ အကြင်နာမဲ့တာကြောင့်ပဲ။ သူ့ကိုသေစေဖို့လည်း ကျွန်တော်မရည်ရွယ်ဘူး။ သခင်မကျားက သူ့အတွက် ကြားဝင်ပေးနေသေးရင် အပိုလုပ်နေတာပါပဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now