"သခင်မကျားက တကယ်ကိုအံ့ဖွယ်ကောင်းလို့ ကျွန်တော့်လိုငယ်ရွယ်သူတောင် အလိုလိုလေးစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခံရသူဆိုတော့ ကျားယွမ်လင်းကို ပြစ်မှုကြောင့် ဖမ်းပေးဖို့ အစိုးရဆီ တောင်းဆိုပိုင်ခွင့်ရှိသင့်တယ်။ ကျွန်တော်ပြောတာဟုတ်တယ်မလား၊ တရားသူကြီးထောင်ခင်ဗျ။ "လင်းကျန်က ထောင်ဖန်းကို ကြည့်လိုက်သည်။

ဖန်းရှီ အခိုက်အတန့်မျှ မှင်တက်သွားကာ မျက်နှာပေါ်မှ တည်ငြိမ်မှုသည်လည်း မုန်းတီးမှုအဖြစ်ပြောင်းလဲသွားပြီး လင်းကျန်အား အေးစက်စက်စိုက်ကြည့်နေသည်။

လင်းကျန်က အနည်းငယ်မျှပင် မကြောက်လန့်သွားပေ။ ဖန်းရှီက သူမြင်ဖူးသောမကောင်းဆိုးဝါးများနှင့်ယှဉ်ပါက ဘာမှကိုမဟုတ်ချေ။ နှစ်ဦးသားကြားညပ်နေသော ထောင်ဖန်းမှာ အတော်ကသိကအောက်ဖြစ်နေသည်။ "ဒါက..."

"အရာရှိထောင်ဖန်းက ထန်းယန်မှာအကြီးဆုံး ရာဇဝတ်တရားသူကြီးပါ။ ကျွန်တော်တို့လင်းမိသားစုက ဆွေကြီးမျိုးကြီးမိသားစုမဟုတ်ပေမဲ့ သူတို့ရဲ့ကျားမိသားစုထက် မနိမ့်ကျပါဘူး။ အရာရှိထောင်က ကျားမိသားစုဆီ ဘက်လိုက်နေတယ်ဆိုတာ အမှန်များလား။"

ထောင်ဖန်း နှလုံးခုန်သံများမြန်လာကာ လင်းကျန်အား စူးရှသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ထောင်ဖန်း၏အနောက်မှ ထောင်ရိက ရုတ်တရက်ဝင်ပြောသည်။ "သခင်လေးလင်းက အထင်လွဲနေပါပြီ။ ဒီနေ့ ကျွန်တော့်အဖေက ဧည့်သည်အဖြစ်နဲ့ ရောက်လာတာပါ။ ကျားယွမ်လင်းကို ဖမ်းဆီးဖို့အတွက်ဆို ရုံးတော်ဆီ လူလွှတ်ပြီး ရုံးတော်သားတွေကိုခေါ်ရမှာပါ။"

သက်တောင့်သက်သာဖြစ်နေရုံသာမက မျက်လုံးများထဲတွင်ပင် အသိအမှတ်ပြုပုံပေါ်နေသော ထောင်ရိအား လင်းကျန်လှည့်ကြည့်မိသည်။

'အသိအမှတ်ပြုတာလား။' လင်းကျန် အလွန်ပဟေဠိဖြစ်နေသကဲ့သို့ ခံစားရသည်။ သူ၏ယခင်ဘဝတွင် ထောင်ရိက မြို့တော်၌ စာသွားသင်နေပြီး ထန်းယွမ်တွင် တစ်နှစ်ပတ်လုံး မရှိသည့်အတွက် လင်းကျန်နှင့်ဘာမှမသက်ဆိုင်ခဲ့ပေ။ သူသိရှိရသလောက်ဆိုလျှင် ထောင်ရိက ထန်းယန်တွင် ကြာကြာမနေခဲ့ပေ။ ကျားမိသားစုမှ အဖြစ်အပျက်ပြီးနောက် သိပ်မကြာခင်မှာပင် ထောင်ရိက ထန်းယန်မှထွက်ခွာသွားပြီး လင်းမိသားစု ဒုက္ခရောက်နေချိန်အထိပင် ထောင်ရိပြန်ရောက်လာသည်ဟု လင်းကျန်သတင်းမကြားပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now