အပိုင်း(၃၈)

4.7K 260 4
                                    

ပွင့်ဖတ်ရှည်သွယ်သွယ်နှင့်ခွာညိုပန်းလေးတွေက အစွမ်းကုန်ဖူးပွင့်လို့နေခဲ့ကြ၏။ ဆောင်းလေကိုနှစ်သက်လွန်းလှတဲ့သော်လေးဟာ ဒီလိုလမျိုးကိုတော့ သဘောမကျမိပြန်သလို။ သော်လေးအကြိုက်ဆုံးဒီဇင်ဘာလဟာ သော်လေးအမေသေဆုံးတဲ့ဇန်နဝါရီလနှင့်ကပ်လျက်မို့ သော်လေးရင်ဟာ နွေးလာလိုက်၊ အေးသွားလိုက်ဖြစ်နေရ၏။

"ခုရော ပျော်လား"

သော်လေးရဲ့ဘေးခုံတွင်ထိုင်ရင်းမှ ရှိန်းထူးကမေး၏။ ရှိန်းထူးအသံက မကျယ်လှသော်လည်း သော်လေးက ကိုယ့်အတွေးနဲ့ကိုယ်မို့ ဆတ်ခနဲပင်တုန်သွားမိ၏။ ဆောင်းလေက စားပွဲပေါ်ရှိစာအုပ်လေးရဲ့စာမျက်နှာတစ်ချို့ကို လှန်ချပစ်တော့မယ့်အထိ အားပြင်းစွာတိုက်ခတ်နေခဲ့သည်။

"နေရတာပျော်တယ်မလား သော်လေး"

ရှိန်းထူးက တွေတွေလေးငေးနေသော သော်လေးကိုကြည့်ရင်း ထပ်မေးနေပြန်သည်။ မာန်၀င့်ထည်ပြောလို့ သော်လေးနဲ့မာန့်ရဲ့ဆက်ဆံမှုကို သိခဲ့ရပြီးပြီ။ ရင်ထဲမှာကတော့ ခုထိတစစ်စစ်နာကျင်နေရတုန်း။ သူထင်တာမမှားဘူးဆို ဒီနာကျင်မှုဟာ‌ သေရာပါတော့မှာ အမှန်..။

"အကို ဘာကိစ္စရှိလို့လာတာလဲဗျ"

မိမိကိုချစ်နေမှန်းသိတဲ့လူတစ်ယောက်ရဲ့ရှေ့မှာ တခြားတစ်ယောက်နဲ့မိမိသိပ်ပျော်နေပါကြောင်း ပြောဖို့ထိ သော်လေးစိတ်ကမမာနိုင်တာမို့ စကားလမ်းကြောင်းလွှဲပစ်မိ၏။

"မနက်ဖြန် သော်လေးအမေနှစ်ပတ်လည်မလား"

သော်လေးရင်ထဲနွေးသွားရ၏။ အမေသေဆုံးတဲ့အချိန်မှာစ၍ သူကလွဲ ဘယ်သူ့ကမှ အမေ့နှစ်ပတ်လည်ကို အမှတ်မရခဲ့ဖူးဘူးမလား။

"အကို မှတ်မိတယ်နော်"

"အကို မှတ်ထားပါ့မယ် လို့ ကတိပေးထားတယ်လေ"

ရှိန်းထူးက တည်ကြည်စွာပင်ဖြေမိ၏။ သူ့မေးခွန်းကို ဒီကလေးမဖြေသေးတာကိုလဲ ကြိုးစားမေ့ပစ်ပေးလိုက်သည်။

"မနက်ဖြန်သော်လေးကို ဘုရားလိုက်ပို့ပေးမယ်လို့ ကိုယ်ကတိပေးခဲ့ဖူးတယ်။ ကိုယ် ကတိတည်ချင်တယ် သော်လေး။ ဒါပေမယ့် အဆင်ပြေမှပါလေ"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now