အခန်း (၇) အခန္း (၇)

2.6K 486 72
                                    

[Unicode]

သစ်ခွပန်းလေးဟာ သူမစိတ်များ နည်းနည်းရှုပ်ထွေးလို့နေသေးသည်ဟု ခံစားမိ၏။ သို့သော် သူမဟာ တုန်းဖန်းချင်းချန်းတစ်ယောက် မတ်တပ်ထရပ်လျက် တံခါးအပြင်ဘက်သို့ ခြေလှမ်းသွားသည်ကိုတော့ ခံစားလို့ရနေပါသေးသည်။

သို့ပေမဲ့လည်း နောက်ဆုံးမှာ လူတစ်ယောက်အား သူကောင်းကောင်းကြီးရှာတွေ့ခဲ့ရပြီဖြစ်သဖြင့် နုလုံးအိမ်ထဲမှ ယိုဖိတ်ကျလာသည့် တုန်းဖန်းချင်းချန်း၏  စိတ်လှုပ်ရှားနေခြင်းများဟာ ခြေ(၂)လှမ်း လှမ်းပြီးသွားသည့်အခါ သူ့ခန္ဓာကိုယ်၏အဖြစ်ကို တွေ့ရှိသွားသဖြင့် လျှပ်တပြတ်အတွင်း ကြက်ပျောက်၊ ငှက်ပျောက် ပျောက်လို့သွားကြတော့သည်။ သူက စားပွဲခုံအား လှမ်းကိုင်ထားလျက် စိတ်ရှည်ရှည်ထား၍ စကားဆိုလိုက်သည်။ "ဒီအရှင်ရဲ့ဘယ်ခြေကို ခြေတုကြီးတစ်ခုလို နောက်ကျကျန်ရစ်နေတာမျိုး မဖြစ်စေနဲ့။ ငါ့အတွက် ရွှေ့ပေးစမ်းကွာ"

သစ်ခွပန်းလေးက သူ့ဟိန်းဟောက်သံကြောင့် အလန့်တကြားအံ့အားသင့်လို့သွားမိသည်။ တုန်းဖန်းချင်းချန်းက စားပွဲခုံအား လွှတ်လိုက်ကာ ခြေလှမ်းအကျဲကြီးလှမ်းလျက် အခန်းထဲ မြန်မြန်ဆန်ဆန်လျှောက်သွား၏။ "ခြေထောက်ကိုမ၊ ကျဲကျဲလျှောက်" သစ်ခွပန်းလေးကိုပါ တစ်ပါတည်းဆွဲလာရသကဲ့သို့ဖြစ်နေသဖြင့် သူ့ကိုယ်သူ စိတ်အခန့်မသင့်ဖြစ်မိလာကာ သစ်ခွပန်းလေးအား သူ့ခြေလှမ်းများနှင့် အမီလိုက်နိုင်အောင် တွန်းအားပေးလာတော့သည်။

"လက်ကိုလွှဲလေ၊ မင်းအရင်က လမ်းမလျှောက်ဖူးဘူးလား... ဒီအရှင်ကို လက်ရော၊ ခြေရော လှုပ်မရနေတာမျိုး ဖြစ်မနေစေနဲ့"

သစ်ခွပန်းလေးဟာ တုန်းဖန်းချင်းချန်း၏အော်သံကြောင့် ​အ​ယောင်​ယောင်၊ အမှားမှားဖြစ်ကုန်ကာ ခန္ဓာကိုယ်အား ယိုင်လဲကျပြီးရင်းကျအောင်လုပ်မိတော့၏။ သူမခမျာ မည်သည်က မည်သည့်အရပ်ဖြစ်သည်ပင် အမှန်တကယ်မသိတော့ချေ။ သို့သော် ဤမျှစိတ်များကမောက်ကမဖြစ်သည့်ကြားက အခန်းထဲတွင် တုန်းဖန်းချင်းချန်းနှင့်အတူ ဆက်လျှောက်နေမိသေးသည်။ သစ်ခွပန်းလေးဟာ အံ့သြစရာကောင်းလောက်အောင် တုန်းဖန်းချင်းချန်း၏ခြေလှမ်းအကွာအဝေးအတိုင်း လျှောက်နေလေ၏။ ဤခန္ဓာကိုယ်တွင် အမှတ်သညာနည်းနည်းပါးပါးရှိနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်၊ အတန်ကြာလျှောက်လာခဲ့ပြီးနောက် သူမဟာ သဘာဝကျကျဖြစ်သထက်ဖြစ်လာကြောင်း ခံစားမိလာသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now