လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၆၃ (အကြိုည)

12.9K 2.1K 217
By Ling____

အခန်း ၆၃
အကြိုည

ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးတစ်စင်းသည်ကား နွေဦးနှောင်း ရာသီတစ်ဖြစ်လဲ နွေရာသီအစောပိုင်းကာလ၏ ညဉ့်ကောင်းကင်ယံတစ်ခွင်ကို ထက်ပိုင်း ခွဲခြမ်းလိုက်သည်။ စန္ဒာလဝန်းကြီးနှင့် ကြယ်တာရာတို့၏ အရိပ်အယောင်များမှာ ပျောက်ကွယ်သွားကြလေပြီ။

ရေခဲတမျှအေးစက်လှသော မိုးစက်မိုးပေါက်တို့ သွန်းဖြိုးရွာကျလာချိန်ဝယ် ကမ္ဘာလောက ကြီးအတွင်း လေးလပိုင်း ကောင်းကင်ယံတစ်ခွင်ပျံ့လွင့်နေခဲ့သည့် မွှေးပျံ့ကြိုင်လှိုင်သော ထုံသင်းရနံ့များမှာ အကုန်အစင် ဆေးကြောသန့်စင်ခြင်းခံလိုက်ရရှာသည်။

တည်းခိုဆောင်အတွင်း အိုဟောင်းနေပြီဖြစ်သော အခန်းငယ်လေး၏ ခေါင်မိုးထက်ဆီမှ မိုးရေစက်များ ယိုစိမ့်ကျဆင်းနေသည်။ အခန်းထဲတွင်မူ ပဲစေ့အရွယ်ခန့်သာရှိသော ဆီမီးရောင်ဝါတစ်ခု ထွန်းလင်းနေ၏။ အနီရောင်ဝတ်စုံနှင့်အမျိုးသားတစ်ယောက်က လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် ဖယောင်းတိုင်မီးစာကို သူ၏ လက်ချောင်းများဖြင့် တို့ထိနေသည်။ သူ့မျက်နှာအမူအရာမှာ ခက်ထန်မာကြောနေလျက်။

ထိုသူမှာ စွင်းတင်ပင်တည်း။

ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်မှ တိုးဝင်တိုက်ခတ်လာသော လေပြည်လေညင်း တစ်သုတ်ကြောင့် ဖယောင်းတိုင်မီးတောက်ကလေးမှာ အနည်းငယ် ဝေ့ဝဲလှုပ်ခတ်သွားရှာ သည်။ စွင်းတင်၏အကြည့်များမှာ လေးနက်သွား၏။ သူက ပြတင်းပေါက်အပြင်ဘက်မှ အခန်းထဲသို့ ဝင်ရောက်လာသော ဝတ်စုံနက် အဆိပ်ကင်းမြီးကောက်အဖွဲ့သား တစ်ယောက်ကို ခေါင်းမော့ကြည့်လိုက်ရင်း သူ့ထံသို့ယူဆောင်လာမည့် သတင်းစကား တစ်ခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

အဆိုပါဝတ်စုံနက်အဆိပ်ကင်းမြီးကောက်က သူ့ရှေ့ရင်ဘတ်အတွင်းမှ စာတစ်စောင်ကို ထုတ်ယူကာ သူ့အား လက်ဆင့်ကမ်းပေးလိုက်သည်။ စွင်းတင်က လှမ်းယူလိုက်ပြီး ခပ်သော့သော့ဖတ်ရှုလိုက်ပြီးသော် အဆိုပါစာရွက်ကို လက်နောက်ပြန်အနေအထားဖြင့် ဆီမီးတိုင်ပေါ်တွင်တင်ကာ မီးရှို့ပြာချလိုက်၏။ သူ့မျက်နှာထက်ဝယ် သွေးဆာနေသော အပြုံးတစ်ခု လှစ်ဟထွက်ပေါ်လာကာ မူလကတည်းက တစ္ဆေသရဲသဖွယ်ဖြစ်နေသော သူ၏မျက်နှာမှာ ပို၍သွေးနီရောင်လွှမ်းလာကာ ကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူက လက်ကိုမြှောက်ကာ အင်္ကျီလက်ကို အပေါ်သို့လိပ်တင်လိုက်သည်။ သူ့လက်ဖဝါးမှာ ခရမ်းရောင်သန်းနေလျက်ရှိသည်။ ၎င်းမှာ ထိုလက်တစ်ဖက်​​ဖြင့်​ လေဟာနယ်အတွင်းမှ တစ်စုံတစ်ခုကို လှမ်း၍ဖမ်းဆုပ်လိုက်သယောင်ပြုလိုက်ပြီး မှုန့်မှုန့်ညက်ညက်ကြေအောင် ချေမွဟန်ပြုလိုက်သည်။ ထို့နောက် လက်ချောင်းလေးများကို အသာအယာ လိမ်ယှက်လိုက်လေသည်။

အဆိပ်ကင်းမြီးကောက်မှာ အမိန့်ကိုလက်ခံရရှိသွားသည့်နှယ် နောက်လှည့်ကာ ပြတင်းပေါက်မှတဆင့် ခုန်ချထွက်ခွာသွားလေသည်။

ထိုလူနှစ်ယောက်ကိုကြည့်ရသည်မှာ အသံတိတ်ရုပ်သေးပြဇာတ်တစ်ပွဲကို သရုပ်ဖော် တင်ဆက်နေသည့်နှယ်။

စွင်းတင်က ခေါင်းကို မဆိုစလောက်မော့လိုက်ကာ မျက်နှာပေါ်ဝယ် ကျေနပ်အားရသော အမူအရာတချို့လှစ်ဟထွက်ပေါ်လာပြီးသော် တစ်ကိုယ်တည်းရေရွတ်လိုက်၏။

"ရွှဲဖန်း....နောက်ဆုံးတော့ မင်း လူလုံးထွက်ပြလာပြီပေါ့လေ"

သူက လင်းနို့တစ်ကောင်သဖွယ် သူ၏ဝတ်ရုံကို တင်းကျပ်စွာ ရစ်ပတ်လွှမ်းခြုံလိုက် ပြီးနောက် ရူးနှမ်းသော အပြုံးပန်းတစ်ပွင့်ကို ဆင်မြန်းကာ အခန်းတွင်းမှ ထွက်ခွာသွားလေသည်__သူနှင့်ရွှဲဖန်းတို့နှစ်ဦးသားမှာ ရှစ်နှစ်တိုင်တိုင် တစ်ဦးနှင့်တစ်ဦး သတ်ပုတ်ရန်စောင်ခဲ့ကြသူများဖြစ်သည်။ လူ့ဘဝသက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့ သော ရှစ်နှစ်ပေါင်း အရေအတွက် မည်မျှရှိနိုင်ဦးပါမည်နည်း။ ဖုန်းရာတောင်၏ အရှင်သခင်ကို ပြောင်းလဲချိန်တန်ချေပြီ။ ရွှဲဖန်းကို လက်စတုံးပစ်ပြီးနောက် ကျောက်သလင်းပြာကို လက်ဝယ်ပိုင်ဆိုင်သွားသည်နှင့်တစ်ပြိုင်နက် လောကကြီးတွင် သူ့ကိုနှောင့်ယှက်ဟန့်တားမည့်သူ တစ်ယောက်တလေမျှမရှိနိုင်တော့ပေဟု စွင်းတင် ယုံကြည်နေသည်။

မကောင်းဆိုးဝါး၊ သရဲတစ္ဆေတို့ နေထိုင်ရာအရပ်ဒေသမှ သူထွက်ခွာလာခြင်းကိုလည်း မည်သူမျှ ပိတ်ပင်ဟန့်တားနိုင်မည်မဟုတ်ပေ။ ကြောင်သူတော် ကြွက်သူခိုး ယောင်ဆောင်ထားကြသော ဖြောင့်မတ်မှန်ကန်လှပါသည်ဆိုသော သူတော်ကောင်း ဂိုဏ်းဂဏများကို နောက်ဆုံးတွင် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းပစ်မည် __ ဤကမ္ဘာလောကကြီးပေါ်တွင် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ကောက်ကျစ်ယုတ်မာခြင်း ဟူသည့်အကြောင်းတို့ကို စကားထဲထည့်ပြောစရာလိုပါဦးမည်လော။

သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးပင် မဟုတ်ပါလော။

ရွှဲဖန်းနှင့်ပတ်သက်​သော သဲလွန်စတို့ ပေါ်ထွက်လာပြီဖြစ်သည်။ သို့ဖြစ်ရာ စွင်းတင်၏ တစ်ခုတည်းသောပိုက်ကွန်ဖြင့် လက်ရဖမ်းဆီးမှုကို စောင့်ဆိုင်းနေရန်သာလိုတော့ပေ သည်။

တစ်ချိန်တည်း၌ လော့ရန်မြို့၏ ဆောင်ကြာမြိုင်နယ်နိမိတ်အတွင်း အလွန်တရာ ချောင်ကျသော မထင်မရှားနေရာတစ်နေရာတွင် တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကင်းမြီးကောက်ဂိုဏ်းချုပ်သည်ကား လက်ထဲတွင် အဖြူရောင်နှင့် အနက်ရောင် ကျားစေ့များဖြင့် ဆော့ကစားနေသည်။ ထိုကျားစေ့တို့အား တခဏမျှ ပိုင်းခြားလိုက်၊ တခဏအကြာတွင် ပြန်ရောနှောလိုက်လုပ်နေသည်။ သူ့မျက်နှာထက်ဝယ် နက်ရှိုင်းသော အဓိပ္ပါယ်တို့ပါဝင်နေသည့် အပြုံးတစ်ပွင့် ဖြည်းဖြည်းချင်း လှစ်ဟထွက်ပေါ် လာနေ၏။

ကျိုးကျစ်ရှူးတို့အဖွဲ့သည်လည်း တည်းခိုခန်းတွင် ဆက်လက်တည်းခိုနေထိုင်နေရင်း အရှင်ခုနစ်နှင့် နတ်ဆေးဆရာလေးတို့ကို စောင့်ဆိုင်းနေကြ၏။ သူတို့နှစ်ယောက်သားမှာ ရှူကျုံးရှိ ရုပ်သေးအိမ်တော်တွင် တာဝန်ဝတ္တရားများကို မေ့လျော့ကာ အချိန်ကာလ နေ့ရက်တို့ကိုသတိမမူမိဘဲ အိပ်မက်ကမ္ဘာထဲတွင် ကြည်နူးပြုံးပျော်စွာ နေထိုင်နေကြသည့် အခိုက်အတန့်အတွင်း အလယ်ပိုင်းမြေပြန့်ဒေသ၏ အခြေအနေမှာ နောက်ဆုံး၌ တစ်ချက်ထိလိုက်သည်နှင့် ပေါက်ကွဲသွားတော့မည့်နှယ် ခက်ထန်တင်းမာနေသော အနေအထားမှသည် မည်သို့မျှထိန်းချုပ်လို့မရနိုင်တော့ဘဲ တဒင်္ဂအတွင်း အပြောင်းအလဲ များစွာဖြစ်ပေါ်သွားနိုင်သော အဆင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

ယနေ့အချိန်အခါတွင် စံအိမ်တော်ငါးအိမ်သည်လည်း ပြိုကွဲပျက်စီးသွားခဲ့လေပြီ။ ရှေးယခင်အခါက ကြီးကျယ်ခမ်းနားထည်ဝါမှုအားလုံးမှာ ဆုတ်ယုတ်ပျက်စီးသွားခဲ့ရှာပြီး အဝါရောင်ပထဝီမြေထု၏ အောက်အနက် သုံးပေခန့်သို့ တိမ်မြုပ်သွားပြီဖြစ်သည်။ ကောင်းချုံနှင့် ကျောက်ကျင့်တို့နှစ်ဦးတည်းသာလျှင် အောင်မြင်စွာ အသက်ရှင် ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။

သရဲတောင်ကြားမှ ကြိုးဆွဲတစ္ဆေရွှဲဖန်းနှင့်ပူးပေါင်းကာ နောက်ဆုံးသော ဆူးညှောင့်ခလုတ် တစ်ခုဖြစ်သည့် ကျောက်ကျင့်ကို အပြတ်ရှင်းရန်ကြံစည်ခဲ့သော ကောင်းချုံ၏အစီအစဥ်မှာ နောက်ဆုံး၌ ပျက်သုဥ်းသွားကာ ဘူးပေါ်သလိုပေါ်ပေါက်သွားသည့် အချိန်တခဏ အတွင်းဝယ် သိုင်းလောကတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားကြလေတော့သည်။

တခဏအတွင်းမှာပင် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ဖြေရှင်းချက်ထုတ်ပြနိုင် သွားလေသည်__ကျောက်သလင်းပြာအစိတ်အပိုင်းတစ်ခုစီ၏တည်နေရာအတိအကျကိုသိသောသူ၊ လူတိုင်း၏အားနည်းချက်ကို သိထားသောသူ၊ ကျောက်အိမ်တော်ရှိ ကျောက်သလင်းပြာတစ်ပိုင်းကို အလွယ်တကူခိုးယူသွားနိုင်သောသူ၊ တစ်မိုးအောက်ရှိ သူရဲကောင်းအားလုံးကို လက်ခုပ်ထဲတွင်ထည့်ထားကာ လိမ်လည်လှည့်ဖျားနိုင်သောသူ၊ ရှိန်ရှန့််ထံမှ ကျောက်သလင်းပြာတစ်ပိုင်းကို ညာတာပါတေးနှင့်ထုတ်ယူလာစေခဲ့သူ.... တင်းကြပ်သောအစောင့်အကြပ်များကြားထဲမှပင် ကျောက်သလင်းပြာကို ကိုယ့်ဘာသာ ကိုယ် ခိုးယူသွားနိုင်သောသူ ....ထိုအရာအားလုံးကို ရှန်းဟယ်အမိန့်ပြား၏ အရှင်သခင် ဖြစ်သူ ကောင်းသူရဲကောင်းမှလွဲ၍ အခြားမည်သူကများ လုပ်ဆောင်နိုင်ပါမည်နည်း။

လိမ်လည်လှည့်ဖျားခံခဲ့ရသူများသည်ကား နောက်ဆုံးတွင်မူ အသိဉာဏ်အလင်းပွင့် သွားကြချေပြီ။ လျှပ်တစ်ပြက်အတွင်း သူတို့၏စိတ်နှလုံးထဲဝယ် ခံစားချက်ပေါင်းစုံ၊ အတွေးပေါင်းစုံ စုန်ဆန်လှိုက်တက်လာပြီး တကယ့်ကိုပင် မည်ကဲ့သို့ တရှုံ့ရှုံ့ ငိုကြွေးဝမ်းနည်းရမလဲဆိုသည်ကို မသိတော့ပါချေ။

ကောင်းချုံမှာ အရူးတစ်ယောက်သဖွယ် အားပါးတရအော်ဟစ်ရယ်မောရင်း အသက်ဇီဝိန် ချုပ်ငြိမ်းသွားခဲ့လေပြီ။ ကြိုးဆွဲတစ္ဆေရွှဲဖန်းမှာ ဒဏ်ရာရထားပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့သည်။ ကျောက်ကျင့်မှာလည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သလို ကျောက်သလင်းပြာနှင့်ပတ်သက်သော သဲလွန်စကို မည်သူတစ်ဦးတစ်ယောက်မျှ မသိကြတော့ပါချေ။

တစ်ဆက်တည်းမှာပင် ဟွရှန်းဂိုဏ်းချုပ် ယွီချိုးဖုန်းသည် ရှိန်အိမ်တော်သို့မသွားရောက်မီ ညကြီးသန်းခေါင်အချိန်မတော်၌ ကောင်းချုံနှင့်အတူတကွ လျှို့ဝှက်အကြံအစည်များ တိုင်ပင်ခဲ့သည်ဟူသော ကောလာဟလတို့ ထွက်ပေါ်လာကြပြန်သည်။ ကျောက်အိမ်တော် ၏မိသားစုပိုင်ဖြစ်သော ကျောက်သလင်းပြာ ပျောက်ဆုံးသွားသည့်ရက်တွင် ယွီချိုးဖုန်း၏ သားဖြစ်သူ ယွီထျန်းကျယ်မှာ ကျောက်အိမ်တော်မှ ညကြီးမိုးချုပ် ထွက်ပြေးသွားခဲ့သည်။ အစပိုင်းတွင် ၎င်းမှာ ကြိုးဆွဲတစ္ဆေ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ထိုစဥ်က ရှာတွေ့ခဲ့သောအလောင်းမှာ ခေါင်းပြတ်နေသော အလောင်းတစ်လောင်းသာဖြစ်သည်။ ပြန်လည်တွေးတောကြည့်မည်ဆိုပါက သေသူမှာ ယွီထျန်းကျယ်၏အလောင်းဖြစ်ပါသည်ဟု ထိုစဉ်က မည်သူကများ အမှန်တကယ် သက်သေပြနိုင်ပါမည်နည်း။

ထိုကိစ္စများအတွင်းရှိ သပွတ်အူအရှုပ်အထွေးကြီးကို ပြောနေစရာ လိုအပ်ပါဦးမည်လော။

သန့်ခွမ်းမှာ သေဆုံးသွားပြီဖြစ်သလို ကောင်းရှောင်လျန်မှာလည်း ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းမသိပါချေ။ အစောကြီးကတည်းက ကြိုတင်တိုင်ပင်ထားကြသည့် အလား ကောင်းအိမ်တော်တွင် ရှိသမျှလူတိုင်းမှာ ကစဥ့်ကလျား ထွက်ပြေးသွားကြလေပြီ။ ယွီချိုးဖုန်းသည်လည်း မည်သည့်နေရာတွင် ရောက်နေမှန်းမသိပေ___လက်ရှိအချိန်၌ အဆိုးဝါးဆုံးအဖြစ်အပျက်သည်ကား ကျောက်သလင်းပြာ အစိတ်အပိုင်းငါးခုလုံးမှာ တစ္ဆေမိစ္ဆာတို့၏လက်တွင်းသို့ အညီအမျှ ရောက်ရှိသွားကြခြင်းဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က လက်နက်တိုက်မှာ ပွင့်လုဆဲဆဲဖြစ်နေပြီး အနှီရူးနှမ်းသော မိစ္ဆာကျမ်းတစ်ဆူဖြစ်သည့် လျို့ဟယ်စိတ်ကျင့်စဥ်ကျမ်းမှာလည်း ကမ္ဘာလောကကြီး အတွင်းသို့ နောက်တစ်ကြိမ်ပြန်လည်ပေါ်ထွက်လာတော့မည်ဖြစ်သည်။

မြေပြန့်လွင်ပြင်ဒေသရှိ သိုင်းလောက၏ အမှောင်မိုက်ဆုံး အချိန်အခါရောက်ရှိလာချေပြီ။

တည်းခိုခန်းတွင်နေထိုင်ရင်း ခုနစ်ရက်မြောက်နေ့ ညသန်းခေါင်ယံအချိန်ကို ကျော်လွန်လာပြီးနောက် တခဏမျှအကြာဝယ် ကျိုးကျစ်ရှူးခမျာ ဤတစ်ညတာအတွင်း အသက်တစ်ချက်ကို ဖြည်းဖြည်းမှန်မှန် ရှူသွင်းရှူထုတ်ပြုလုပ်နေရင်း ဟိုဘက်လှိမ့်လိုက်၊ သည်ဘက်လှိမ့်လိုက်လုပ်ကာ မည်သို့မျှ အိပ်မပျော်သည့်အဆုံးတွင်မူ သေရည်အိုးတစ်လုံး ကိုပိုက်ကာ သေရည်ခွက်အပဲ့လေးတစ်ခွက်ကို ယူဆောင်ပြီး အိမ်ခေါင်မိုးပေါ်တွင်ထိုင်ကာ သေရည်များကို တစ်ကျိုက်ပြီးတစ်ကျိုက် သောက်သုံးနေလိုက်သည်။

ကုရှန်းမှာ ခြံဝန်းလေးထဲတွင်ထိုင်နေကာ ကျိုးကျစ်ရှူးကို နောက်ကျောပေးထားလျက် ညဉ့်ကောင်းကင်ယံကို ငူငူငိုင်ငိုင် ငေးမောကြည့်ရှုနေ၏။ သူ(မ)၏ သိုင်းပညာအရည် အချင်းလောက်နှင့်တော့ သူ့အနောက်ဘက်ရှိ အိမ်ခေါင်မိုးပေါ်တွင် လူတစ်ယောက် ရှိနေကြောင်းကို သတိမထားမိခဲ့ပါချေ။

ကုရှန်းမှာ မကြုံစဖူး ဆူညံပူညံ အော်ကြီးဟစ်ကျယ်လုပ်​မနေပါချေ။ သူက မေးစေ့ကို လက်တစ်ဖက်ဖြင့်ထောက်ထားရင်း ရှည်လျားသွယ်ပျောင်းသော ခြေထောက်များကို ဆန့်တန်းထားလျက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေရှာသည်။ လက်ထဲတွင် မြက်ပင်တစ်ပင်ကိုဆုပ်ကိုင်ထားရင်း ဟိုလှုပ်သည်လှုပ် ဆော့ကစားလို့နေသည်။ သူ(မ)၏ ထိုပုံစံကိုကြည့်ရသည်မှာ *'ယမန့်နေ့ည၏ ကြယ်တံခွန်များမှာ ယနေ့ညအခါရှိ ကြယ်တံခွန်များမဟုတ်တော့ဘဲ အေးစက်သော လေပြင်းမုန်တိုင်းနှင့် ဆီးနှင်းထုများ အကြားဝယ် ညသန်းခေါင်ယံအချိန်ရောက်သည်အထိ မည်သူ့အတွက်ကြောင့် တစ်ကိုယ် တည်း ထီးထီးမားမားရပ်နေသူ' တစ်ယောက်၏ အငွေ့အသက်မျိုး မဆိုစလောက် ထွက်ပေါ်နေပြန်သယောင်။

(T/N -- *ချင်မင်းဆက်ခေတ်မှ ကဗျာဆရာ ဟွမ်ကျင်ရန်၏ ကဗျာမှကောက်နုတ်ချက် ဖြစ်ပါတယ်)

ဝမ်းခယ့်ရှင်က အခန်းတံခါးကိုတွန်းဖွင့်ကာ အပြင်ဘက်သို့ထွက်လာခဲ့သည်။ ကုရှန်း၏ နောက်ကျောပြင်ကို တွေ့မြင်လိုက်ရသောအခါ ရုတ်တရက် သက်ပြင်းဖွဖွချလိုက်မိသည်။ **မိမိ၏အိမ်မှ သမီးကညာဖြစ်သူ ကြီးပြင်းအရွယ်ရောက်လာသည်ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရသော ဝမ်းနည်းညှိုးငယ်သည့် ခံစားချက်တစ်မျိုးတစ်ဖုံ ရှင်သန်ပေါက်ဖွား လာတော့သည်။ သူက အခန်းထဲမှ ဖြည်းဖြည်းချင်းထွက်လာပြီး ကျိုးကျစ်ရှူးကို တစ်ချက်မျှမော့ကြည့်လိုက်ပြီးနောက် ကုရှန်း၏နံဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ဝင်ထိုင်လိုက်သည်။

(T/N -- **ကြင်ယာတော်' ယန်'အတွက် ရည်ရွယ်စပ်ဆိုထားသော ကဗျာဆရာ ပိုင်ကျွီးရိ၏ 'ထာဝရဝမ်းနည်းမှုတေးသံ' ကဗျာမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။)

ကုရှန်းက သူ့ကိုလှည့်ကြည့်ကာ စိတ်မပါလက်မပါဖြင့်ဆိုလိုက်၏။

"သခင်"

ဝမ်းခယ့်ရှင်က ပြုံးပြလိုက်၏။ ဤတစ်ကြိမ် သူပြုံးပြလိုက်ချိန်ဝယ် ဖိန့်ဖိန့်တုန်အောင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အငွေ့အသက်တို့ရှိမနေပါဘဲ အလွန်တရာ သိမ်မွေ့ညင်သာပြီး မဆိုစလောက် နူးညံ့နွေးထွေးနေသယောင်။ သူက မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ။ မင်းရဲ့ စာပေပညာရှင်ကြီး ချောင်သခင်လေးနဲ့ နှစ်ယောက်သား စကားများထားကြတာလား။ သူက မင်းကို စိတ်ဆိုးအောင်လုပ်လိုက်လို့လား"

ကုရှန်းက ဆက်လက်၍ စိတ်မပါလက်မပါပြန်ပြောလိုက်၏။

"လုပ်ရဲလုပ်ကြည့်ပါလား....ဒီအဘွားကြီးက သူ့ကို သင်းကွပ်ပစ်လိုက်မှာပေါ့"

ဝမ်းခယ့်ရှင်တစ်ယောက် သူ့ကိုယ်သူ ပြန်လည်၍ ဆင်ခြင်သုံးသပ်လိုက်မိလေသည်။ မျက်လုံး၊ နှာခေါင်း အပြည့်အစုံပါသည့် ကြည့်ကောင်းရှုပျော်ရှိသော မိန်းမပျိုလေးတစ်ဦး။ မိမိသည်ကား ထိုကဲ့သို့အပြုအမူ၊ အကျင့်စရိုက်မျိုးရှိသော မိန်းကလေးတစ်ဦးဖြစ်လာ အောင် မည်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့မိပါသနည်း။

သူက သမ်းဝေလိုက်ပြီး ကုရှန်း၏ဦးခေါင်းကို မပြင်းမပျော့ပုတ်ကာ မေးမြန်းလိုက်သည်။

"ဒါဖြင့် ဘာဖြစ်နေတာလဲ။ ညဉ့်နက်သန်းခေါင်ရောက်နေပြီဟာကို မအိပ်သေးဘဲနဲ့ ဒီခြံဝန်းထဲမှာ ဘာတွေဝမ်းနည်းပြီး ဘာတွေကြေကွဲနေတာလဲ"

ကုရှန်းက လက်နှစ်ဖက်ဖြင့် မေးထောက်ထားလျက်ပင် သူ့ကိုငူငူငိုင်ငိုင် လှမ်းကြည့်လာ သည့်တိုင် စကားတစ်ခွန်းမျှ မပြောပါချေ။

ဝမ်းခယ့်ရှင်က သက်ပြင်းဖွဖွချလိုက်ပြီး ကုရှန်း၏ခေါင်းကို ရိုက်ပုတ်ကာ ဆိုလိုက်သည်။

"ငါပြောမယ်....မင်း ဘာဖြစ်လို့ ဟိုငကြောင်လေး ချောင်ဝေ့နင်နောက်ကိုလိုက်ပြီး အရပ်လေးမျက်နှာလျှောက်သွားရင်း လူတွေကိုကယ်တင်နေရတာလဲ။ ကုသိုလ်ကောင်းမှု လုပ်နေတာလား...ဘာလဲ....ချင်းဖုန်းဓားဂိုဏ်းက အဘိုးကြီးတွေက ချောင်ဝေ့နင်ကို မင်းနဲ့သဘောမတူမှာစိုးလို့လား"

ကုရှန်းက မျက်လွှာချလိုက်သည်။ သူ့ပုံစံမှာ အလွန်တရာ ငယ်ရွယ်နုနယ်သော ကလေးမလေးတစ်ဦးသဖွယ်။ ပါးကိုဖောင်းကားလျက် နှုတ်ခမ်းကိုကိုက်ထားကာ စကားတစ်ခွန်းမျှမဆိုဘဲ မြေပြင်ပေါ်ရှိ အုတ်ချပ်တစ်ချပ်ကို သူ့လက်ညှိုးလေးဖြင့် ကလော်ထုတ်နေ၏။

သိုင်းပညာအစွမ်းအစချင်း ယှဥ်ပြိုင်ရမည်ဆိုလျှင် သူ မကြောက်၊ ရုပ်ရည်သွင်ပြင်ချင်း နှိုင်းယှဉ်ရမည်ဆိုလျှင်လည်း သူ မကြောက်ပေ၊ သို့သော် သူ(မ)၏ နောက်ခံအသိုင်းအဝိုင်း အကြောင်း ထုတ်ဖော်ပြောကြားရမည်ကိုတော့ စိုးထိတ်ကြောက်ရွံ့နေခဲ့လေသည်။

သိုင်းပညာအရာတွင် တစ်မိုးအောက်တစ်ယောက် ပြိုင်ဘက်ကင်းသူဖြစ်သော်ငြား၊ တိုင်းပြည်တစ်ခွင်၊ မြို့ရွာအလီလီကို ကျဆုံးသွားစေနိုင်သော ရုပ်ဆင်းအင်္ဂါ ချောမောလှပသူတစ်ဦးဖြစ်သော်ငြား ထိုအရာတို့သည် သူ(မ)၏ နောက်ခံအသိုင်းအဝိုင်း ကင်းမဲ့သောအချက်ကို မည်သို့မျှမယှဉ်နိုင်ပါချေ။ မည်သို့ပင် မိန်းမကောင်းလေးတစ်ဦး ဖြစ်သည်ဟု ဆိုစေကာမူ မည်သူက ယုံကြည်ပါအံ့နည်း။

ဖုန်းရာတောင်ခြေတွင် လူတစ်ယောက်တလေသော်မျှ မရှိပါဘဲနှင့် အမျိုးကောင်း မိန်းမပျိုလေးတစ်ဦး မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။ ရူးကြောင်ကြောင် တောင်ကြား အရှင်သခင်ဖြစ်သူက သူ(မ)ကို ကလေးပေါက်စလေးအရွယ်တွင် ကောက်ယူခဲ့ပြီး သူ့အနားတွင် ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။ သူ(မ)ထံတွင် အဖေမရှိ၊ အမေမရှိ၊ မျက်လုံးဖွင့်လိုက်သည်နှင့် တွေ့မြင်ရသမျှအရာများသည်ကား တစ်ယောက်ယောက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် တစ်ယောက်ယောက်လက်ချက်ဖြင့် အသတ်ခံရခြင်းတို့သာ ဖြစ်သည်။ ထိုကဲ့သို့သော ကလေးမလေးသည် အမျိုးကောင်းသမီးပျိုကညာတစ်ဦး ဖြစ်လာနိုင်ပါမည်လော။

ကုရှန်းကိုယ်တိုင်သည်ပင် ဇဝေဇဝါဖြစ်နေရှာသည်။ သူ(မ)သည် အလိုရှိသည့်အရာကို အမြဲတစေ ရအောင်ယူခဲ့သူဖြစ်သည်။ ရံဖန်ရံခါ မသမာသောနည်းလမ်းများကို အသုံးပြုခဲ့ပြီး ရံဖန်ရံခါ နူးညံ့လိုက်၊ ရိုင်းစိုင်းလိုက်ဖြင့် ဇွတ်တရွတ်နိုင်သူတစ်ဦးဖြစ်သည်။ တစ်ခါတရံ အလွန်အင်မတန်စိတ်သဘောထားကောင်းမွန်သူမဟုတ်စေကာမူ မိမိသည် အလင်းရောင်ကိုထိတွေ့ခွင့်မရှိသောမိန်းကလေးတစ်ဦးဖြစ်​ကြောင်း ပထမဆုံးအကြိမ် သဘောပေါက်သွားရလေသည်။

အကျည်းတန်အရုပ်ဆိုးသော ချွေးမဖြစ်သူသည်ပင် သူ(မ) ၏ယောက္ခထီးနှင့် ယောက္ခမတို့ကို မျက်နှာချင်းဆိုင်ရဲမည်ဖြစ်သော်ငြား သူ(မ)သည် 'ခရမ်းရောင်မိစ္ဆာ' ဖြစ်သည့်အတွက် ထိုကဲ့သို့ ရင်မဆိုင်ရဲရှာပါချေ။

ကုရှန်းမှာ အချိန်အတန်ကြာ တွေးတောစဥ်းစားနေပြီး နောက်ဆုံး၌ ဖျစ်ညှစ်ပြုံးပြလိုက် ရင်း ဝမ်းခယ့်ရှင်ကို ခွန်းတုံ့ပြန်လိုက်သည်။

"သခင့်ရဲ့လူပဲကောင်းတယ်။ *တစ်ယောက်တည်း ဝဝလင်လင် စားနိုင်သောက်နိုင်ပြီး တစ်အိမ်လုံး ဗိုက်မဝမှာကို စိုးရိမ်စရာမလိုဘူး။ အိမ်မှာလဲ ပူညံပူညံလုပ်မဲ့ အဒေါ် ၇ တို့၊ အဒေါ် ၈ တို့လဲမရှိဘူး.....အိုင်းယိုး"

(T/N -- *ထောက်ပံ့ကျွေးမွေးစရာမိသားစုမရှိတဲ့ တစ်ကိုယ်တော်၊ တစ်ကောင်ကြွက်သမား ဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ပါ။)

စကားမဆုံးသေးခင်မှာပင် သူ့ဦးခေါင်းမှာ တစ်စုံတစ်ခုဖြင့် ပစ်ပေါက်ခံလိုက်ရသည်။ သူခေါင်းမော့ကြည့်လိုက်သောအခါ ကျိုးကျစ်ရှူးက အိမ်ခေါင်မိုးပေါ်မှနေ၍ အထက်စီး ဆန်ဆန် အောက်သို့ခေါင်းငုံ့ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့်သေရည်ခွက်ကို မတွေ့ရတော့ဘဲ ကုရှန်းအား မပွင့်တပွင့်ပြုံးလျက် ကြည့်နေ၏။

ကုရှန်းမှာ သေရည်ခွက်နှင့် အပေါက်ခံလိုက်ရသောကြောင့် အသည်းခိုက်အောင် နာကျင်သွားရှာပြီး ဦးခေါင်းကို လက်ဖြင့်အုပ်ကိုင်ကာ ဝမ်းခယ့်ရှင်ကို ရန်တွေ့လိုက်လေ တော့သည်။

"သခင်...ကိုယ့်လူကို ကောင်းကောင်းကြည့်မထားဘူးလား"

ကျိုးကျစ်ရှူးက ခေါင်မိုးပေါ်မှ ပျံဝဲသက်ဆင်းလာပြီးသော် ဝမ်းခယ့်ရှင်၏ပုခုံးကိုပုတ်ကာ ညွှန်ကြားစေခိုင်းလိုက်လေသည်။

"သွား၊ မင်းရဲ့သခင်ကြီးအတွက် အိပ်ရာကို နွေးနွေးထွေးထွေးဖြစ်အောင် သွားပြင်ဆင်ထား ချေ"

ဝမ်းခယ့်ရှင်က အလွန်အင်မတန် သိတတ်ရိုကျိုးစွာဖြင့် တုံ့ပြန်ဖြေကြားသံတစ်ချက်ပြုကာ နောက်ထပ်အပိုစကားတစ်ခွန်းမျှမပြောတော့ဘဲ ထွက်သွားလေတော့သည်။ ကုရှန်းခမျာ မျက်လုံးအပြူးသားဖြစ်သွားလျက် အသက်ပြင်းပြင်း ရှိုက်ရှူသွင်းလိုက်ရသည်။ ဤကမ္ဘာလောကကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာမဟုတ်လျှင် မိမိသည် အိပ်မက်ဆိုး မက်နေခြင်းဖြစ်လိမ့်မည်ဟု ခံစားလိုက်ရလေသည်။

ကျိုးကျစ်ရှူးက မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီးသော် သက်ပြင်းချလျက်ဆို၏။

"မင်းက ဘာမှမဖြစ်သေးဘဲ ဘာတွေကို လျှောက်ပြီးတွေးပူနေတာလဲ။ ငါတောင် ဘာမှပူပန်​မနေဘူး__ ငါဆို အစတုန်းက နောက်ထပ်တစ်နှစ်ခွဲလောက်တော့ အသက်ရှင်နိုင်အုံးမယ်လို့ထင်နေခဲ့တာ။ အခုကြည့်ရသလောက်ဆိုရင် တကယ်တမ်း အဲ့လောက်တောင် အချိန်မရှိတော့ဘူးနဲ့တူတယ်။ နတ်ဆေးဆရာလေး ပြောစကားအရ ဆိုရင် ငါ့ရဲ့သွေးကြောတွေဟာ ငါ့ရဲ့အတွင်းအားစွမ်းအင်တွေကို ခံနိုင်ရည်မရှိတော့ဘူးတဲ့ ....ဆန့်ကျင်ဘက်အနေနဲ့ ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ သိုင်းပညာဟာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာပြီ။ ဘယ်အချိန် မီးစာကုန်ဆီခမ်းသွားပြီး ယမမင်းကြီးနဲ့ သွားတွေ့ရမလဲမသိဘူး"

ကုရှန်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ မျက်လုံးအဝိုင်းသားနှင့် သူ့ကိုငေးကြည့်နေမိသည်။ အတန်ကြာသောအခါမှ သူက ခပ်တိုးတိုးပြန်ပြောလာသည်။

"ရှင်က တကယ့်ကို ကံဆိုးတဲ့သူပဲ"

သူ(မ)၏ပါးစပ်ပုပ်ထဲမှ စကားကောင်းထွက်လာနိုင်စရာ အကြောင်းမရှိသည်ကို
ကျိုးကျစ်ရှူး နဂိုမူလကတည်းက ကြိုတင်မျှော်လင့်ထားပြီးဖြစ်လေရာ အနှီစကားကို ကြားလိုက်ရသော် မရယ်ဘဲမနေနိုင်တော့ပေ။ သူက ခေါင်းကိုခါယမ်းလျက်ဆို၏။

"နင့်မေလခွမ်း...ကုရှန်း တကယ်လို့ မင်းသာ မိန်းကလေးတစ်ယောက်ဖြစ်မနေဘူးဆိုရင် ငါ မင်းကို သေချာပေါက် တစ်နေ့ရှစ်ကြိမ်လောက် ရိုက်ပစ်မိလိမ့်မယ်"

ကုရှန်းမှာ သတိကြီးစွာထားကာ ဘေးတစ်ဖက်သို့ ဖင်တရွှေ့ရွှေ့ဖြင့် နေရာပြောင်းသွားရင်း ကျိုးကျစ်ရှူးကို သတိထားစောင့်ကြည့်နေရှာတော့သည်။ နောက်ပိုင်းတွင်မှ အနှီလူသည် သေရည်ယမကာကိုသာ သောက်သုံးနေပြီး သူ့ကိုအမှန်တကယ် ရိုက်နှက်လိုစိတ် မရှိကြောင်း မြင်တွေ့သွားသောအခါမှ သက်ပြင်းချလိုက်ရှာ၏။ သူက စဉ်းစားတွေးတော လိုက်ပြီးသော် အလွန်အမင်း သနားကရုဏာသက်နေသောလေသံဖြင့် နှစ်သိမ့်စကားဆို လာ၏။

"အရှင်ခုနစ်ပြောတာတော့ သေတော့မသေချာပေမဲ့ နတ်ဆေးဆရာလေးက ရှင့်အသက် တစ်ချောင်းကို ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိပြီဆို"

ကျိုးကျစ်ရှူးက သေရည်တစ်ကျိုက်ကို ပါးစပ်ထဲတွင်ငုံထားပြီး မျိုမချချင်လိုသည့်နှယ် အချိန်အတန်ကြာအောင် နှံ့နှံ့စပ်စပ်အရသာခံနေသည်။ အတန်ကြာသောအခါမှသာ သူက ခွန်းတုံ့ပြန်လိုက်၏။

"ခက်ခဲပါတယ်လေ"

ကုရှန်းမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်မှောင်ကြုတ်လိုက်ရင်း အနည်းငယ် နားမလည်နိုင်တော့သလို။ အချိန်အတန်ကြာသောအခါမှ သူက ကျိုးကျစ်ရှူးကို ခြေဖျားထိပ်လေးဖြင့် တစ်ချက်မျှ အသာအယာလှမ်းကန်ကာ မေးမြန်းလိုက်၏။

"ရှင် အသက်မရှင်ချင်တော့ဘူးလား"

ကျိုးကျစ်ရှူးက သူ့ကို ဖျတ်ခနဲလှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။

"မင်းကမှ အသက်မရှင်ချင်တော့တာလေ"

"ဒါဖြင့် ရှင် အဲဒီအချိန်တုန်းက ဘာဖြစ်လို့....."

ကျိုးကျစ်ရှူး ပြုံးလိုက်သည်။

ထိုအမျိုးသား၏ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း ပြုံးရယ်လိုက်သည့်ပုံစံကို တွေ့မြင်လိုက်ရသောအခါ ကုရှန်းခမျာ ဘာရယ်ကြောင့်မှန်းမသိဘဲ နှလုံးခုန်နှုန်းများ မဆိုစလောက် မြန်ဆန်လာသယောင် ခံစားလိုက်ရသည်။ ၎င်းမှာ ကမန်းကတန်း အကြည့်လွှဲလိုက်ရင်း စိတ်ထဲ၌ တွေးတောလိုက်၏။

ချောမောလှပတဲ့ မဒီပျိုကညာလေးတွေကို ဘေးအန္တရာယ်ကပ်ဆိုးတွေလို့ ပြောကြတယ်။ လတ်စသတ်တော့ ချောမောလှပတဲ့ အမျိုးသားတွေဟာလဲ ကပ်ဘေးဆိုးကြီးတစ်ခုပဲ မဟုတ်ဘူးလား။

ထို့နောက် ကျိုးကျစ်ရှူး၏စကားသံကိုသာလျှင် ကြားလိုက်ရလေသည်။

"ငါ့အတွက်တော့ ဒီဘဝမှာရွေးချယ်စရာ လမ်းနှစ်လမ်းပဲရှိတယ်__ ကောင်းကောင်းမွန်မွန် အသက်ရှင်မလား၊ ကောင်းကောင်းမွန်မွန် သေဆုံးမလားဆိုတာပဲ။ အဲဒီအတွက်ကြောင့် အချိန်ခဏလောက်တော့ ငါသည်းခံနေခဲ့တာပဲ။ ဒါပေမဲ့ ငါ့ကို ဟန့်တားမဲ့အတွေးမျိုး ဘယ်သူမှ မတွေးနိုင်ကြဘူး"

သူသည် လိမ္မာပါးနပ်စွာ အကွက်ရွေ့တတ်သူတစ်ဦးဖြစ်သလို ရံဖန်ရံခါ စိတ်သဘောထား နူးညံ့ပျော့ပျောင်းသူဖြစ်သည်။ သို့သော် စိတ်သဘောထားပျော့ပျောင်းညင်သာရမည့် အချိန်အခါမဟုတ်လျှင်ဖြင့် သူ၏နှလုံးသားမှာ ကျောက်စိုင်ကျောက်သားကဲ့သို့ မာကြောတောင့်တင်းနေတတ်ပြန်သည်။ သူတစ်ပါးအပေါ်တွင် ရက်စက်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ရက်စက်တတ်သူဖြစ်သည်။ အမြဲတစေ တစ်ဇွတ်ထိုး တစ်ယူသန် ဆန်ပြီး သူလိုချင်သောအရာကို မည်သည့်အခါမျှ စိတ်ရှည်လက်ရှည် သည်းခံစောင့်ဆိုင်း တတ်သူမဟုတ်ပါချေ။ ဘေးလူများအဖို့ ထိုက်တန်ခြင်းမရှိဟု သတ်မှတ်ထားသော တန်ရာတန်ကြေးမျိုးကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ ဘယ်သောအခါမျှ နောက်ပြန် လှည့်မကြည့်တတ်သလို ဘယ်သောအခါမျှလည်း နောင်တမရခဲ့ပေ။

ငါဟာ ဦးခေါင်းကိုမော့ကာ မိုးကောင်းကင်ကြီးကို ဟားတိုက်ရယ်မောလိုက်ပြီး ခရီးတစ်ခုကို အစပြုခဲ့လေတယ်...ငါဟာ ဘယ်လိုများ သာမညောင်ညလူသားတစ်ဦး ဖြစ်နိုင်မှာပါလဲ....

(T/N -- ကဗျာဆရာကြီး လီပိုင်၏ 'နန်းမြို့တော်သို့ဝင်ရန် နန်လင်မြို့မှမိသားစုကို စွန့်ခွာခြင်း' ဆိုတဲ့ ကဗျာထဲက စာသားဖြစ်ပါတယ်)

ကျိုးကျစ်ရှူးက ကုရှန်းကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ကောင်မလေး....မင်းဘယ်သူလဲဆိုတာကို မင်းကိုယ်မင်းပဲ ဆုံးဖြတ်ရမှာ။ သူများတွေရဲ့ ပြောစကားကို ဂရုစိုက်စရာမလိုဘူး။ ကြည့်လိုက်ရင် ဉာဏ်ကောင်းမလိုလိုနဲ့ ဘာဖြစ်လို့ ဒီသဘောတရားလေးကိုတောင် နားမလည်နိုင်ရတာလဲ"

ကုရှန်းခမျာ နားထောင်နေရင်း ကြောင်တက်တက်ဖြစ်သွားရှာ၏။ ကျိုးကျစ်ရှူးက သူ့လက်ထဲရှိသေရည်အိုးကို ကုန်စင်အောင် သောက်သုံးလိုက်ပြီးသော် အိုးကို ဘေးတစ်ဖက်သို့ လွှင့်ပစ်ကာ အခန်းထဲသို့ပြန်ဝင်သွားလေတော့သည်။

သူက အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အမှောင်ထုထဲမှ လက်တစ်ဖက်ဆန့်ထွက်လာကာ သူ့ကို တင်းကျပ်စွာ သိုင်းဖက်ထားလိုက်ပြီး အခန်းတံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်၏။ ကျိုးကျစ်ရှူးက မည်သည့်ခုခံဟန့်တားမှုမျိုးကိုမှ လုပ်မနေတော့ဘဲ ထိုလူက သူ့အား ခုတင်ပေါ်သို့ တွန်းလှဲချလိုက်သည်ကို အသာတကြည် ခွင့်ပြုလိုက်လေသည်။ သူက မျက်ဝန်းတစ်စုံကို ဖြည်းဖြည်းချင်း ပင့်ကြည့်လိုက်သော အခါဝယ် ဝမ်းခယ့်ရှင်နှင့် အကြည့်ချင်းဆုံစည်းသွား၏။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်တွင်မှ ဝမ်းခယ့်ရှင်က ရုတ်တရက် ခေါင်းကိုငုံ့ကိုင်းလာကာ သူ့နှုတ်ခမ်းနှစ်လွှာကို ကိုက်ခဲနမ်းရှိုက်လာတော့သည်။ သူ၏ အသက်ရှူသံတို့မှာ အနည်းငယ် ကမောက်ကမဖြစ်နေလျက် ထိုအသက်ရှူသံများထဲတွင် ဖော်မပြနိုင်သော အန္တရာယ်အငွေ့အသက်တို့ ကိန်းအောင်းနေသယောင်။ ဤသို့ဤနှယ် ​အချိန်အတော်ကြာသောအခါမှသာ ကျိုးကျစ်ရှူးက ရုတ်ချည်းပင် သူ့ကိုတွန်းထုတ်လိုက် ပြီး တံတောင်ဆစ်ကိုပင့်မြှောက်ကာ ဝမ်းခယ့်ရှင်၏နံရိုးအောက်ကို တံတောင်ဖြင့် တစ်ချက်ဆောင့်ထိုးလိုက်ပြီးသော် ဝမ်းခယ့်ရှင်၏ခန္ဓာကိုယ်ကို ဆတ်ခနဲမှောက်လှန်ကာ သူ့အောက်တွင် ဖိနှိပ်ထားလိုက်လေသည်။ သူ့လက်နှစ်ဖက်မှာ ဝမ်းခယ့်ရှင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထောက်ကန်ထားနေလျက်။ ကပိုကရိုပြေလျော့သွားသော ဆံနွယ်များမှာ သူ၏နားထင်တစ်လျှောက်မှသည် ဝမ်းခယ့်ရှင်၏ရင်ဘတ်ပေါ်သို့ တွဲလိုး တွဲလောင်း ဝဲဖြာကျဆင်းနေလျက်ရှိသည်။ အမှောင်ထုထဲဝယ် အဆိုပါမျက်ဝန်းတစ်စုံ တည်းသာလျှင် ရင်သပ်ရှုမောဖွယ်ကောင်းအောင်လောက် တောက်ပလင်းလက်နေ၏။

ကျိုးကျစ်ရှူးက မေးမြန်းလိုက်သည်။

"တကယ်လို့ ငါသေသွားရင် မင်းအတွက် ဆုံးရှုံးစရာမရှိဘူးမလား"

ဝမ်းခယ့်ရှင်က မည်သည့်စကားမျှမဆိုပေ။ သူက ဘေးဘက်သို့မျက်နှာလွှဲလိုက်ကာ ကျိုးကျစ်ရှူး၏ လက်ကောက်ဝတ်ကို သွားဖြင့်ခပ်ကြမ်းကြမ်း ကိုက်ခဲလိုက်လေတော့ သည်။ သူ့ပုံစံကိုကြည့်ရသည်မှာ ကျိုးကျစ်ရှူး၏သွေးကို သောက်သုံးကာ အသားကို စားသုံးချင်နေသယောင်။ ကျိုးကျစ်ရှူးမှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားသော် ငြား ရှောင်ဖယ်ခြင်းမပြုသလို စကားတစ်ခွန်းမျှမပြောဘဲ ဝမ်းခယ့်ရှင်ကို စိတ်တိုင်းကျ ကိုက်ခဲခွင့်ပေးထား၏။ တဖြည်းဖြည်း သွေးများစိမ့်ထွက်လာကာ ဝမ်းခယ့်ရှင်၏ နှုတ်ခမ်းထောင့်စွန်းမှတဆင့် အိပ်ရာခင်းများပေါ်သို့ ကျဆင်းသွားသည်။ တခဏအတွင်း အိပ်ရာခင်းပေါ်တွင် သွေးကွက်ကြီးတစ်ကွက် ဖြစ်ပေါ်သွားရှာတော့သည်။

အချိန်မည်မျှကြာလို့ကြာသွားမှန်းမသိ၊ ကျိုးကျစ်ရှူး၏ ထောက်ကန်ထားသော လက်မောင်းများမှာ စတင်၍ မသိမသာတုန်ယင်လာသောအခါမှပင် ဝမ်းခယ့်ရှင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်ရင်း သူ၏မေးရိုးကိုဖြေလျှော့လိုက်ပြီးသော် သူကိုက်ခဲထားသောဒဏ်ရာအဝပေါ်ဝယ် လျှာဖြ‌င့် တစ်ချက်မျှ လျက်လိုက်လေသည်။ ထို့နောက် သူက ထထိုင်လိုက်ပြီး ကျိုးကျစ်ရှူးကို သူ့ရင်ခွင်အတွင်းသို့ ဆွဲသွင်းကာ သွေးတိတ်စေရန်အလို့ငှာ အကြောတစ်နေရာကို ပိတ်ပေးလိုက်ရင်း စကားဆိုလာသည်။

"ဆုံးရှုံးရမှာပေါ့.....ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အဲဒါလောက် နစ်နာဆုံးရှုံးရတာမျိုး ရှိတော့မှာမဟုတ်ဘူး"

ကျိုးကျစ်ရှူးက အသံတိတ်ပြုံးလျက် ပြောလိုက်သည်။

"အရူးလေး"

အရူးလေးက သူ၏အတွင်းဝတ်ရုံမှ ပိတ်စတစ်စကိုဆုတ်ဖြဲလိုက်ကာ ကျိုးကျစ်ရှူး၏ လက်ကောက်ဝတ်ပေါ်၌ စည်းနှောင်ပေးလိုက်သည်။ ထို့နောက် စောင်ကိုလှပ်ကာ စောင်အောက်သို့ နှစ်ယောက်သား တိုးဝှေ့လုံးထွေးလိုက်ကြသည်။ ဤသို့ဤနှယ် ပျံ့လွင့်နေသော သွေးညှီနံ့တို့ကြားဝယ် သူတို့နှစ်ဦးသည်ကား တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားရင်း အိပ်စက်သွားကြလေတော့သည်။

နောက်သုံးရက်ကြာသော် အရှင်ခုနစ်နှင့် နတ်ဆေးဆရာလေးတို့ နောက်ဆုံး၌ ရောက်ရှိလာကြလေပြီ။

********

T/N

အဟမ်း.....ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူးရှန်။ ကိုက်စရာမရှိတဲ့ ဘာသာပြန်သူကတော့ စောင်ကိုက်ရင်းနဲ့ရေးလိုက်ပါတယ်။ ယူတို့ကတော့ ကိုက်ချင်တဲ့ဟာသာ ကိုက်ကြပါ xD

Continue Reading

You'll Also Like

957K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
59.5K 4.1K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
437K 55.2K 148
စိတ်ဓာတ်ပြင်းပြတဲ့လက်ဝှေ့သမားလေး နဲ့ နူးညံ့ဖြူစင်တဲ့ ဘဲလေးကချေသည်ကောင်လေး ကြားက ချစ်စဖွယ် ပုံပြင်လေးတစ်ပုဒ်❣ •Cover photo fully credit to Google.• Th...
94.7K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...