"ဒန်နီရယ် "
မြူနှင်းများဝေနေသော ကလောမြို့၏ ချမ်းစိမ့်စိမ့် နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။
ဆွတ်ရိန်က ဒန်နီရယ်ကိုတင်ဆောင်လာသော ဝှီးချဲလ်
အား တွန်းလာသည်ကိုရပ်လိုက်ရင်း ဝှီးချလ်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။
" အေးနေလား .......ချစ်သူ "
ဆွတ်ရိန်က နူးညံ့စွာမေးလိုက်ရင်း ဒန်နီရယ့်လည် တိုင်တွင် အဖြူရောင်မာဖလာတစ်ထည်ကိုအမြတ်တနိုးစီးနှောင်ပေးလိုက်ကာနဖူးပြင်အားတစ်ချက်ငုံ့နမ်းလိုက်သည်။
"ဒီအအေးလောက်ကတော့ ...အပျော့ပါကွာ"
ဒန်နီရယ် ပုခုံးတွန့်ပြရင်းပြောတော့ ဆွတ်ရိန် ပြုံးလိုက်မိသည်။
အခုလိုချစ်စရာကောင်းပြီး မြတ်နိုးလွန်းရတဲ့ သူ့ချစ် သူကိုဘယ်လိုအင်အားမျိုးနှင့်စွန့်လွတ်ရမယ်မှန်း ယခုထက်တိုင်အဖြေရှာမရသေးပါ။
ဝေဒနာကို အလူးအလဲခံစားနေရတာကြောင့် ပါးရိုးတွေပင် ချိုင့်ဝင်ကာ ပိန်ကပ်ကပ်ဖြစ်နေသော ချစ်သူအားကြည့်ပြီး ယောကျာ်းတန်မဲ့ မျက်ရည်ကျချင်စိတ်ကို ဟန်ဆောင်ဖုံးဖိရင်း အားတင်းကာပြုံးနိုင်ဖို့ ကြိုးစားရသည်မှာလည်း လွယ်ကူလှသည်တော့ မဟုတ်လှပါ။
"ငါ့အတွက်....မင်းရေးခဲ့တဲ့ စာရော "
ဆွတ်ရိန်က အကျီအိတ်ကပ်ထဲမှာ ထည့်လာသော စာအိတ်ဖြင့်သေချာစွာထုတ်ပိုးထားတဲ့ စာရွက်ခေါက်လေးကို ထုတ်လိုက်ပြီး ဒန်နီရယ်ရေးထားသောစာကိုပါယူရင်း စာနှစ်ခုကိုပူးပြီး ကြိုးချည်လိုက်ကာဖန်ပုလင်းအလွတ်တစ်လုံးထဲ၌ ထည့်လိုက်သည်။မနေ့ညက သူရော ဒန်နီရယ်ပါ စာတစ်စောင်ဆီရေးခဲ့ကာ နောင်ငါးနှစ်အကြာမှ ဖွင့်ဖောက်ရန် ကတိပြုခဲ့ကြတာ ဖြစ်သည်။
ထိုအကြံအစည်ကို ဒန်နီရယ့်ဘက်က စပြီးကြံစည်ခဲ့တာဖြစ်သည်။ နောင်ငါးနှစ်တွင် ပိုင်ရှင်မဲ့နေနိုင်သော သူ့စာအိတ်လေးအတွက် ထိုအကြံအစည်အား သူ့ဘက်က လက်မခံခဲ့သော်လည်း ဒန်နီရယ်ကတော့ အပြုံးမပျက်စွာဖြင့်.....
"မင်းစာအိတ်ကို ငါဖွင့်မကြည့်ရလည်း မင်းဘာတွေရေးထားမလဲငါသိတယ်" ဟူ၍သာ စကားတစ်ခွန်းတည်းနှင့် သူအား အနိုင်ယူခဲ့တာ ဖြစ်သည်။
"ဆွတ်ရိန် ဒီနေရာကနေ ဆယ်လှမ်းမြောက်မှာစာတွေကို မြှုပ်ထားပေး ပြီးတော့ ဒီစာတွေကို နောက်ငါးနှစ်ကျ မင်းလာဖတ်ဖြစ်မယ်ဆိုတာ ငါ့ကို ကတိပေးနိုင်လား ဆွတ်ရိန် "
"ပြောလေ ဘာလို့နှုတ်ဆိတ်နေတာလဲ မင်းငါ့ကို ကတိမပေးနိုင်ဖူးလား ဟမ် မင်း ဒီစာတွေကို တကယ်ဖတ်မဖတ်ဆိုတာ ငါကောင်းကင်ပေါ်ကနေ လှမ်းကြည့်နေမှာနော် "
"ဒန်နီရယ် မင်းကွာ "
ဒန်နီရယ့်ခန္ဓာကိုယ်အားပွေ့ဖွက်လိုက်ရင်း ဆွတ်ရိန်က ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ နာကျင်ရမှန်း သိရက်နှင့်တောင်ချစ်ခဲ့မိတဲ့ သူ့နှလုံးသားသည် အဆုံးသတ်ကို ကြိုသိနေတာတောင် ယခုထိ လက်ခံရင်ဆိုင်နိုင်ဖို့အားအင်လုံလောက်စွာ မပြည့်ဝသေးပါ ။
ဒန်နီရယ့်ရဲ့ အားပါးတရ ရယ်မောသံတွေ ၊ သူ့ကိုအမြဲအနိုင်ယူတတ်တဲ့ စကားသံတွေနဲ့ ခနဲ့တဲ့တဲ့အပြုံးတွေကို သူ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေအထိ သယ်ဆောင်သွားချင်ပါသေးသည်။
"ဆွတ်ရိန် မငိုနဲ့ မင်းအားတင်းထားရမယ်လေ ငါ့ကို စိတ်ဖြောင့်ဖြောင့်နဲ့မသွားစေချင်ဖူးလား ဟမ် ဘာလို့ကလေးကြီးလို ဆိုးနွဲ့နေရတာလဲ မင်းယောက်ျားမဟုတ်ဖူးလား .... "
"ဒန်နီရယ် please ကျေးဇူးပြုပြီး ငါ့ကို ဒီနေ့တစ်ရက်ပဲ ငိုခွင့်ပေးပါကွာ ငါ ရင်ဘတ်တွေအရမ်းနာတယ် ဒန်နီရယ် ပြီးတော့ မင်းကိုလုံးဝမစွန့်လွတ်နိုင်ဖူး မင်းနေပြန်ကောင်းလာဖို့ ငါ ဘာလုပ်ရမလဲ ငါဘာဘဲလုပ်ရလုပ်ရ လုပ်မယ် မင်းငါ့အနားက ထွက်မသွားနိုင်ဖို့ဆို ဘာကြီးဘဲဖြစ်နေနေ ငါလုပ်မယ်ကွာ "
"အရူးလိုလုပ်မနေနဲ့ဆွတ်ရိန် ဒါဟာ မင်းလက်မခံနိုင်လည်း လက်ကိုလက်ခံရမယ့် အမှန်တရား တစ်ခုပဲ အစကတည်းက မင်းငါ့ကို ချစ်ခဲ့မိဖို့မကောင်းဖူး"
သူရဲ့ရှိုက်ကြီးတငင် ငိုကြွေးသံတွေသည်ဒန်နီရယ့်၏ အားမလိုအားမရ အော်သံကြားထဲတွင် မြူမှုန်တစ်စလို ပျောက်ကွယ်သွားခဲ့သည်။
မျက်ရည်ရွဲလဲနှင့်ကြည့်မိတော့ သူ့ကိုအကြည့်လွှဲထားသော ဒန်နီရယ့် မျက်
ဝန်းတွေထဲ၌လည်း မျက်ရည်တစ်စွန်းတစ်စကို မြင်လိုက်ရသည်။
ဒန်နီရယ်လဲ .......ငိုနေခဲ့တာပဲ ။
ဒန်နီရယ့် မျက်ဝန်းတွေထဲက မျက်ရည်တစ်စကို မြင်လိုက်ရမှစိတ်လွတ်လက်လွတ်ဖြစ်နေမိသော သူ့ကိုယ်သူ အပြစ်တင်ချင်သွားသည်။
ဒန်နီရယ့် ရှေ့မှာ သူငိုဖို့မသင့်ခဲ့ဖူး....။သူ့ခံစားချက် တွေကို အတတ်နိုင်ဆုံး ထိန်းချူပ်ထားခဲ့သင့်တာ..။
"ဒန်နီရယ် ဆောရီးပဲ ငါစိတ်လွတ်သွားတဲ့အတွက် တောင်းပန်တယ် ငါဒီစာတွေကို အခုပဲ မြေသွားမြှုပ်လိုက်မယ် ငါ့အတွက် မင်းကိုယ်တိုင်ရေးထားပေးခဲ့တဲ့ စာမို့ငါအမြတ်တနိုးနဲ့လာဖတ်မှာ "
မျက်ရည်စတွေကိုလက်ဖမိုးနဲ့သုတ်လိုက်ပြီးဒန်နီရယ် ရှိနေရာကနေ သူ ဆယ်လှမ်းမြောက်ကို လှမ်းလာခဲ့သည်။ဆယ်လှမ်းမြောက်နေရာတွင်ထင်ရှူးပင်တစ်ပင်ရှိနေပြီး ထိုထင်းရှူးပင်၏ခြေရင်းတွင် မြေကိုတူးကာ စာရွက်လိပ်ထည့်ထားသော ဖန်ပုလင်းအား သူ မြေမြှုပ်လိုက်သည်။
ထို့နောက် ဒန်နီရယ့်အနားသို့ ပြန်လျှောက်သွားလျက် နာကျင်ခြင်းတွေအား ဖုံးကွယ်နိုင်လောက်တဲ့အထိ ကြိုးစားပြုံးပြလိုက်ရင်း
"ဒန်နီရယ်ဆိုတဲ့ လူတစ်ယောက်ကို ချစ်ခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် "
ဟု တစ်ခွန်းတည်းသာ ဆိုလိုက်သည်။
ထိုစကားသည် နောင်ငါးနှစ်တွင် ပိုင်ရှင်မဲ့နေနိုင်သော သူ့စာအိတ်တွင်ရေးထားခဲ့သည့် သူရဲ့မှန်ကန်သော သစ္စာစကားပင်ဖြစ်သည်။
ကျွန်တော့်ရဲ့မှန်ကန်တဲ့သစ္စာက အကျိုးသက်ရောက်မှုရှိပါစေ.......။
နောက်ဘ၀ဆိုတာသာရှိခဲ့ရင်ကျွန်တော့်ချစ်တဲ့ ဒန်နီရယ် အခုလိုနာကျင်မှုမျိုး ဘယ်တော့မှမကြုံရပါစေနဲ့
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြာလွင်သောကောင်းကင်အား ငေးမောကြည့်ရင်း ဆွတ်ရိန် အလှပဆုံးပြုံးလိုက်သည်။
ဒီနေ့ ဒန်နီရယ့်ကိုဆေးစစ်ပြီး စင်္ကာပူကနေ ဒန်နီရယ်တို့ မိသားစုပြန်လာမည့်နေ့ ဖြစ်သောကြောင့် သူပျော်ရွှင်တတ်ကြွနေမိသည်။
ခွဲခွာရတာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သော ချစ်ရသူရဲ့ မျက်နှာလေးကို သူလွမ်းလှပြီ... ။
လွန်ခဲ့တဲ့သုံးရက်လောက်ကပင် ဒန်နီရယ်နှင့် သူ နောက်ဆုံး ဖုန်းပြောခဲ့ရတာဖြစ်သည်။ ဒန်နီရယ်တို့ မိသားစုသည် သူ့အား စင်္ကာပူထိလိုက်လာစေရန် တောင်းဆိုခဲ့သော်လည်း မေမေ၏ ကျန်းမာရေးအခြေအနေနှင့် စာမေးပွဲနီးနေသော ညီမလေးကြောင့် သူနေခဲ့ရတာ ဖြစ်သည်။
လက်ပတ်နာရီ၏လက်တံတို့ဖြင့် လေယာဉ်ဆိုက်မည့် အချိန်ကို သူရေတွက်လိုက်သည်။လေယာဉ်ဆိုက်ချိန် ရောက်ဖို့ နှစ်နာရီကျော်လိုသေးတာမို့ သူ့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်နှင့်ပင်တံတာဦးလေဆိပ်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူ စီစဉ်ထားခဲ့တဲ့အတိုင်း Floral Shop တစ်ခုကနေ ဒန်နီရယ့်အတွက် နှင်းဆီပန်း အဖြူတစ်စီးကို ဝင်ဝယ်ကာ လေဆိပ်သို့ထွက်လာခဲ့သည်။
ကလောကပြန်လာပြီးနောက်ပိုင်းဒန်နီရယ်၏ရှေ့တွင် သူဘယ်တော့မှမငိုမိအောင် ကြိုးစားပြင်ဆင်နေထိုင်ခဲ့သည်။ ဒန်နီရယ်နှင့် သူ လက်ထပ်ပြီးချိန်မှစ၍ ဒန်နီရယ့် အိမ်မှာပဲ သူ အတူနေခဲ့တာဖြစ်သည်။
တဖြေးဖြေးချိနဲ့လာသော ချစ်သူကိုဂရုတစိုက်နှင့် ချစ်နေရတဲ့ဘဝကို သူ တဖြေးဖြေးနေသားကျလာခဲ့ကာ သူ ပြုစုသမျှကို ဒန်နီရယ်ကလည်းမငြိုမငြင်ပဲ အသာတကြည် လက်ခံပေးခဲ့တာမို့သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးသည် စိတ်ပျက်စရာရောဂါဆိုးကြီးကသာ ဝင်မရှုပ်နေခဲ့လျှင် ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်သည်။
သူ လေဆိပ်ကို ရောက်သွားသည့်အချိန်ထိ ဒန်နီရယ်တို့ စီးနင်းလာသောလေယာဉ်သည် ဆိုက်မလာသေးပါ။တစ်လမ်းလုံး လေနဲ့တိုက်ရိုက်ထိလာရသဖြင့် နွမ်းဖတ်နေသယောင်ဖြစ်နေတဲ့ နှင်းဆီပန်းတွေကို ဂရုတစိုက်ကိုင်ရင်း လေဆိပ်တွင်းက ခုံတစ်လုံးတွင် သူဖြေးညှင်းစွာဝင်ထိုင်လိုက်သည်။
" ဟယ်လို သန့်ဝေ ပြော.... "
အကျီအိတ်ကပ်ထဲမှ တုန်ရီလာသော သူ့ဖုန်းကိုထုတ်ကိုင်လိုက်တော့ သန့်ဝေဆီမှ ဖြစ်နေသည်။
"ဆွတ်ရိန်.. မင်း အခု ...ဘယ်မှာလဲ "
သန့်ဝေ၏ အသံသည် တစ်စုံတစ်ရာအား စိုးရိမ်နေသလို အလောတကြီး အသံမျိုးဖြစ်နေသည်။
"ငါ လေဆိပ်မှာလေ ဒီနေ့ ဒန်နီရယ် ဆေးစစ်ပြီး ပြန်လာမှာမို့ လာကြိုတာ "
"ဘာ..... "
"ဘယ်လိုဖြစ်လို အဲလောက်တောင်အော်နေရတာလဲ နားကန်းတော့မယ်ကွ..."
သန့်ဝေ၏ အသံအားက ပြင်းလွန်းတာကြောင့် သူ ဖုန်းကို နားနှင့်ခပ်ခွာခွာထားလိုက်ရသည်။
"မင်း အခုချက်ချင်း အိမ်ပြန်လာခဲ့တော့ ဆွတ်ရိန် "
"ရှစ်......ဘာလဲကွာ ငါ့အမေ နဲ့ ညီမလေးဘာဖြစ်လို့လဲ ဟိုဘိုးတော် လာနှောင့်ယှက်နေပြန်ပြီလား မင်းကို သေချာကြည့်ပေးဖို့မှာခဲ့တယ်လေကွာ "
"မဟုတ်ဖူးဆွတ်ရိန် မင်းအမေနဲ့ညီမလေး ဘာမှမဖြစ်ဖူး ဟူး ငါဘယ်လိုပြောရမလဲကွာအဲနားမှာ သတင်းစာ တစ်စောင်လောက်ရှိသလား ရှိရင် သတင်းစာဖတ်ကြည့်လိုက်ကွာ မင်း အဆင်မပြေရင်တော့ ငါ့ဆီ ချက်ချင်းပြေးလာဖို့ မမေ့နဲ့ "
သန့်ဝေ တရစပ်ပြောကာ ဖုန်းချသွားသည်အထိ သူ နားမလည်နိုင်သေးပါ။ အဲဒါအပြင် အာရုံလာစားနေသောသန့်ဝေကြောင့် ကြည်လင်နေသော စိတ်တို့လေးသွားရတာမို့ စိတ်တိုသွားမိသည်။
သန့်ဝေနှင့်ဖုန်းချအပြီး စက္ကန့်ပိုင်းလောက်အကြာမှာပင်ဒန်နီရယ်တို့လိုက်ပါလာသော လေယာဉ်ဆိုက်ကပ် လာကြောင်း ကြေငြာသံကြားရသည်။
အဲဒီနောက်တော့ သူထိုင်နေရာမှထလိုက်ကာဒန်နီရယ်တို့ ထွက်လာမည့်အပေါက်၌ တခြားလာကြိုသူများနှင့်ရောကာ မတ်တပ်ရပ်စောင့်နေလိုက်သည်။
ခရီးသည်တော်တော်များများကုန်သွားသည်အထိ ဒန်နီရယ်၏ အရိပ်အယောင်လေးပင် မတွေ့ရသေးတာကြောင့် ခြေမကိုင်မိလက်မကိုင်မိနှင့် ပူပန်မှုတွေက တရိပ်ရိပ်တတ်လို့လာသည်။
"ဒန်နီရယ်.....မင်းဘယ်မှာလဲ...ကျေးဇူးပြုပြီးပေါ်လာပါတော့ကွာ......"
ဂယောင်ချောက်ချား ရေရွတ်နေစဉ်မှာပင် ထွက်ပေါက်ကနေ အရင်ဦးဆုံးထွက်လာတဲ့ ဆိုဖီယာနှင့်ရဲခေါင်ကို မြင်လိုက်ရသည်။
"မဆိုဖီယာ ဒန်နီရယ်ရောဟင်...ဒန်နီရယ်ဘယ်မှာလဲ"
သူ အရူးတစ်ပိုင်းမေးနေသော်လည်း ဆိုဖီယာသည် သူ့အား မသိကျိုးနွံပြုကာ မည်သည့်စကားလုံးတစ်ခုတစ်လေမှ နှုတ်ခမ်းဝကထွက်ကျမလာခဲ့ပါ။
အမဲရောင်ဂါဝန်နှင့် မျက်မှန်အမဲကိုတပ်ထားသည့် ဆိုဖီယာသည် သူမ၏မျက်နှာကို ဘယ်လောက် ဖုံးကွယ်ထားသော်ငြား ညိုးနွမ်းမှုတွေကို အတိုင်းသားမြင်နေရတာမို့ သူ့စိုးရိမ်စိတ်တွေက တဖြေးဖြေးလှိမ့်တတ်လာသည်။
"ဘုရားရေ သူစိုးရိမ်နေသလိုတော့ မဟုတ်လောက်ပါဖူးနော် ခဏနေ ဝှီးချဲလ်ပေါ်မှာထိုင်ပြီး သူဆီလာနေတဲ့ ဒန်နီရယ့်ကို မြင်နိုင်ကောင်းပါရဲ့."
ယခုတစ်ကြိမ်မှာတော့ဘုရားသခင်သည် သူ့ ဆန္ဒတွေအားလုံးကို လျစ်လျူရှုကာ ဥပေက္ခာပြုထားခဲ့ပြီ ထင်ပါသည်။ သူရဲ့အမြင်အာရုံထဲတွင် ဒန်နီရယ့်မိခင် ဒေါ်မာလာခင်အား ဒန်နီရယ့်ဖခင်ဖြစ်သူ ဦးကျော်စွာက တွဲပြီးချိနဲ့စွာ လျှောက်သာသည်ကို မြင်လိုက်ရသည်။ သူ မျှော်လင့်ထားသလိုတော့ ချစ်ရသူဒန်နီရယ် ပါမလာခဲ့ပေ...။
"အန်တီ.....ဒန်နီရယ်ရော.....ဒန်နီရယ် ဘယ်မှာလဲ"
အန်တီ့ပုခုံးကို ကိုင်လှုပ်ပြီး စိုးရိမ်တကြီးမေးမိတော့ အန်တီကသူ့ကို အသက်မပါတဲ့မျက်ဝန်းမျိုးနှင့်ဖြေးဖြေးချင်း မော့ကြည့်လာသည်။
" ဒန်နီရယ်က ဒီမှာပဲ.... သား "
အန်တီလက်ထဲမှတဆင့် သူ့လက်အတွင်းသို့ရောက် လာခဲ့သော အရိုးပြာအိုးလေး...။
သွားပြီ.....သူ့ကမ္ဘာတစ်ခုလုံး လဲပြိုသွားပြီ။ အသက်မဲ့နေတဲ့ အရိုးပြာအိုးကိုကြည့်ပြီး သူ့အမြင်အာရုံတွေ ဝေဝါးလာခဲ့သည်။ သူ့လက်တွင်းမှ နှင်းဆီပန်းစည်းသည်လည်း ကြမ်းပြင်တွင် ညိုးငယ်စွာ ပြန့်ကျဲနေပေပြီ....။ ချစ်သူ၏အရိုးပြာအိုးအား ပွေ့ထားလျက် ထိုနေရာတွင်ပဲသူ ဒူးထောက်လျက် လဲကျသွားခဲ့သည်။
ဒန်နီရယ်...... ထစမ်းပါ.....အရင်လို ငါ့ကိုခွေးကောင်လို့ စိတ်ရှိလက်ရှိ ထပြီးဆဲလိုက်စမ်းပါ။ ငါ ..တလွဲတွေလုပ်နေတာကို ကြည့်ပြီးလှောင်ရယ်သလို ခနဲ့တဲ့တဲ့ နဲ့ အားပါးတရ အော်ရယ်စမ်းပါ...။
တခြားကောင်မလေးတွေနှင့် ငါ့ကိုတွေ့တဲ့အခါသဝန် တိုပြီး ပြသနာရှာစမ်းပါ.....
မင်းသိပ်ဖြစ်ချင်တဲ့ဘောလုံးသမားဖြစ်အောင်အတူကြိုးစားရဦးမယ်လေ.......ခွေးကောင် ဒန်နီရယ်...မင်းပြောတော့ ငါ့ကိုလွမ်းလွန်းလို့ ငါ့မျက်နှာကို တွေ့ချင်လှပြီဆို...မင်းညာတယ် မင်း ငါ့ကိုပိပိရိရိလိမ်ခဲ့တာမင်းထွက်သွားမယ်ဆိုတာ. ငါ့ကို အရိပ်အမြွတ်လေးတောင်အသိမပေးခဲ့ရတာပဲ...ဘာလို့ ငါ့ရှေ့မှာ အရမ်းပျော်နေသလို ဟန်ဆောင်ခဲ့ရတာလဲ....။ငါ မျက်ရည် ကျတာမကြိုက်ဖူးဆို မင်းပဲငါ့ကိုမျက်ရည်ကျအောင်လုပ်တာ ဒန်နီရယ်.....မင်း...... မကောင်းဖူး မင်း တကယ် မကောင်းဖူး ဒန်နီရယ်.......
နံရံတစ်ခုလုံးတွင် ဒန်နီရယ့်ပုံရိပ်တွေ ထင်ဟပ်နေ
သည်။သူ့နားထဲတွင် ဒန်နီရယ် ပြောခဲ့တဲ့ စကားသံတစ်ချို့ကိုသာ ထပ်ခါတလဲလဲကြားယောင်နေမိသည်။
ချစ်တယ်....ဒန်နီရယ်...ငါ့နှလုံးသားတွေ စုတ်ပြတ်ကြေမွသွားမယ်ဆိုရင်တောင် မင်းကိုချစ်နေဦးမှာ
"မောင်လေး ဆွတ်ရိန်....အားရပါးရငိုပစ်လိုက်အရမ်းတင်းမထားနဲ့ ဒန်နီရယ်ရဲ့ နောက်ဆုံးထွက်သက်မှာစကားတစ်ခွန်း ပြောခဲ့တယ် သူ မရှိတော့တဲ့အခါ ဆွတ်ရိန်တစ်ကြိမ်ပဲသူ့ကြောင့်ငိုပါစေတဲ့နောက်နောင် သူ့ကြောင့် ဆွတ်ရိန် ဘယ်တော့မှ မျက်ရည်မကျပါစေနဲ့တဲ့ အခု သူမောင်လေးကိုကြည့်ရင်ကြည့်နေမှာ
မောင်လေးအနားမှာ ဒန်နီရယ် ရှိနေမှာ "
အံ့ကြိတ်ငိုနေသည့် သူ့ရဲ့ပုခုံးစွန်းတစ်ဖက်ကိုဆိုဖီယာက ခပ်ဖွဖွလာဖိနှိပ်ပေးသည်။ ဆိုဖီယာ့ဆီက နှစ်သိမ့်စကားသက်သက်ဟု သိနေတာကိုတောင်မှ ဒန်နီရယ် သူ့အနားမှာရှိနေမည်ဟု ယုံကြည်ချင်နေမိသည်။
" ဒန်နီရယ်.............. "
သူ့ရင်ဘတ်တွေ ပေါက်ကွဲထွက် လုမတတ်အစွမ်းကုန် အော်ဟစ်ငိုကြွေးလိုက်သည်။ နောက်တော့ သူ့ကမ္ဘာတစ်ခုလုံး အမှောင်အတိ ကျသွားတော့သည်.......။
________________________________________________
.
.
.
5 years later
"ဒန်နီရယ်နဲ့ဆွတ်ရိန်ရဲ့ ငါးနှစ်မြောက်မင်္ဂလာနှစ်ပတ် လည်အတွက် ဂုဏ်ပြုပါတယ် "
ကိုရဲခေါင်နဲ့ဆိုဖီယာ ပို့လိုက်သော ဂုဏ်ပြုပန်းစည်းကိုကြည့်ပြီး ဆွတ်ရိန်ပြုံးလိုက်သည်။ဒီနေ့အထိ သူနဲ့ ဒန်နီရယ်၏ မင်္ဂလာနှစ်ပတ်လည်အား ကိုရဲခေါင်နှင့် ဆိုဖီယာက နှစ်တိုင်းလိုလိုပင် ဂုဏ်ပြုပေးနေကျဖြစ် သည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင်လည်း ဆိုဖီယာအပါအဝင်ဒန်နီရယ်တို့တစ်မိသားစုလုံးက သူ့အားမိသားစုဝင်တစ်ယောက်လိုမပြောင်းမလဲပဲ နွေးနွေးထွေးထွေးသာ ဆက်ဆံပေးခဲ့သည်။ သူ ကိုယ်တိုင်ကလည်း တစ်လတစ်ကြိမ်လောက် ဒန်နီရယ်ရဲ့ကိုယ်ပိုင်အခန်းလေးကို သွားရောက်ပြီး ဒန်နီရယ့်အငွေ့အသက်လေးတွေအား ဒီနေ့အထိရသလောက်လေးဖမ်းဆုပ်နေဆဲဖြစ်သည်။
ဒန်နီရယ် သုံးခဲ့တဲ့ ပစ္စည်းလေးတွေ...ဒန်နီရယ် သိပ်မြတ်နိုးတဲ့ ဘောလုံးအကျီတွေ ဒန်နီရယ် အမြဲဆော့နေကျ PS4 Game Controller တွေ......ယုတ်စွအဆုံး ဒန်နီရယ်တိုက်ခဲ့တဲ့ သွားတိုက်တံလေးကအစ ယခုအချိန်ထိ ဒန်နီရယ် ရှိနေသလိုမျိုး သူ တယုတယနှင့် ရှင်းလင်းပေးနေကြ ဖြစ်သည်။
လွန်ခဲ့တဲ့ ငါးနှစ်အတိုင်းအရာအားလုံးသည် မပြောင်းလဲပဲ တည်ရှိနေပေမယ့် သူကတော့လွန်ခဲ့တဲ့ ငါးနှစ်က ဆွတ်ရိန်နှင့်များစွာ ကွဲပြားခြားနားသွားပြီဖြစ်သည်။
"ဟေ့ နိုင်ငံဂုဏ်ဆောင်ဘောလုံးသမားကြီး ကလောသွားမလို့ဆို...."
တစ်ကိုယ်တည်း အတွေးလွန်နေဆဲမှာပင် သူ့ရုံးခန်းထဲသို့ စနောက်ရင်းဝင်လာတဲ့သန့်ဝေကြောင့်ဆွတ်ရိန် ပြုံးလိုက်သည်။
ယခုအချိန်မှာ သန့်ဝေသည်လည်း မိန်းမနှင့်ကလေး နှစ်ယောက်ရကာ အိမ်ထောင့်တာဝန်ကို အလျင်မှီအောင် ထမ်းဆောင်နေရတဲ့ သမီးတို့ဖေဖေ ဖြစ်နေလေပြီ...။
"Congratulations ကွာ ဟိုတစ်လောကထိုင်းအသင်းကို အပြတ်ဖြုတ်သွားတာ TV မှာ တွေ့လိုက်တယ် ကန်ချက်ကြီးက လှလွန်းတယ်ကွာ အကောင်းဆုံးဘောလုံးသမားဆုရခဲ့တာ တန်ပါတယ် "
သန့်ဝေက ဟိုတစ်လောကမှအသစ်စက်စက်ထောင် ထားတဲ့ သူရဲ့ရွှေတံဆိပ်ဆုကို အားကျနေသလို ကိုင်ကြည့်ရင်း ပြောနေပေသည်။
"မင်း အခုလို နာမည်ကြီး ဘောလုံးသမားဖြစ်နေတာ ဒန်နီရယ်သိရင်ဘယ်လောက်တောင် ပျော်နေလိုက်မလဲနော်...."
သန့်ဝေက ပြတင်းပေါက်မှန်က တဆင့်အဝေးကို ငေးကြည့်နေလေသည်။ ဆွတ်ရိန်ကလည်း ထိုင်နေရာမှ သန့်ဝေရှိရာသို့ လျှောက်သွားကာ
"ငါ့ဘေးမှာ သူအမြဲရှိခဲ့တာ သန့်ဝေ သူ့ရဲ့အားပေးမှုတွေကြောင့် ငါအခုလို နိုင်ငံကျော်ဘောလုံးသမား ဆွတ်ရိန်ဆိုတာ ဖြစ်တည်လာခဲ့တာ "
သန့်ဝေက ဆွတ်ရိန်အားနားလည်သလို ပြုံးပြီးကြည့်နေလေသည်။ ဒန်နီရယ် မရှိတော့တာ ငါးနှစ်ထဲဝင်လာသည်အထိ ဒန်နီရယ်ဆိုတဲ့ လူသားတစ်ယောက်ကိုပဲ သစ္စာရှိစွာချစ်တတ်လွန်းသော ဆွတ်ရိန်၏ အချစ်အား သန့်ဝေ လေးစားသလိုအထင်လည်းကြီးမိသည်။
သူက မိန်းမယူဖို့ နားချလိုက်တိုင်း .....
" ဒန်နီရယ် ကြိုက်လိမ့်မယ်မထင်ဖူးကွ "
ဟု ပြုံးပြုံးလေးပြောကာငြင်းပယ်ခဲ့သောဆွတ်ရိန်၏ အချစ်ကို လက်ဖျားခါမိရုံမှအပါး သူ နောက်ထပ် ဘယ်တော့မှ မတိုက်တွန်းမိတော့... ။
"ငါသွားတော့မယ် သန့်ဝေ ကလောဘက်ကိုစောစောရောက်အောင်လို့ "
ဆွတ်ရိန်က သန့်ဝေအား လက်ပြနှုတ်ဆက်ကာကလောသို့ အလောသုံးဆယ်ပင် မောင်းထွက်လာခဲ့သည်။ သူ လောနေရခြင်းအကြောင်းမှာလည်းတခြားမဟုတ်...။ သူ့ကို စောင့်နေမည့် ဒန်နီရယ်ကိုယ်တိုင် သူ့အတွက် ရေးဖွဲ့ခဲ့သော စာတစ်စောင်ကြောင့်သာ ဖြစ်သည်။
ကလောသို့ရောက်ရောက်ချင်း ဘယ်မှဝင်မနေတော့ပဲ စာမြှုပ်ထားရာ နေရာသို့သာ တန်းမတ်စွာ လာခဲ့သည်။ သူ့အတွက် ဒန်နီရယ် ဘာတွေပြောခဲ့သလဲဆိုတာ သူ သိပ်သိချင်လှပြီ။ ငါးနှစ်လုံး ဒီစာတစ်စောင်ကြောင့်သာ သူကောင်းမွန်စွာ ရှင်သန်နိုင်ခဲ့ရတာ ဖြစ်သည်။ ဒီစာထဲတွင် ဒန်နီရယ် ကိုယ်တိုင် သူ့အတွက် ပြောချင်နေခဲ့သော စကားများစွာလည်းရှိနေလိမ့်မည်ဟု သူယုံကြည်နေမိသည်။
စာမြှုပ်ထားသော ထင်ရှုးပင်အောက်ကိုမရောက်ခင်မှာပင် သူ မမျှော်လင့်ထားသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ထင်းရှူးပင်နှင့် မလှမ်းမကမ်းတစ်နေရာတွင် ဝှီးချဲလ်တစ်ခုရှိနေကာ ထိုဝှီးချလ်ပေါ်တွင်တော့ ဆံပင်ရွှေဝါရောင်နှင့်ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ထိုင်နေလေသည်။
" ဟာ....ဦးဆွတ်ရိန်...... "
သူ့ကိုမြင်လိုက်သော ကောင်လေးသည် အံ့သြပြီး ပျော်ရွှင်သွားဟန်တူသည်။ ဘောလုံးအင်္ကျီအပြာရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဆံပင်ရွှေဝါရောင်နှင့် ဖြူဖျော့ဖျော့ကောင်လေးသည် သူရှိရာသို့ ဝမ်းပန်းတသာနှင့် ဝှီးချဲလ်ကိုလှိမ့်ကာလာနေသည်။
"ဦး...ကျွန်တော့် အကျီမှာ လက်မှတ်လေးထိုးပေးပါဗျာ ကျွန်တော်က ဦးကို သိပ်အားကျတာ ဦးလို နိုင်ငံကျော် ဘောလုံးသမားသိပ်ဖြစ်ချင်တာ "
သူ့ကိုအားကျသလိုကြည့်ရင်းပြောနေသော ကောင်လေး၏ မျက်ဝန်းများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေသယောင်ရှိသည်။ ဆွတ်ရိန်က စတီးချောင်း အကူအညီများဖြင့် ထောက်ထားရသော ကောင်လေး၏ ပျော့ခွေနေတဲ့ ခြေထောက်ကလေး များကိုကြည့်ရင်း ကောင်လေးကို ပြုံးပြသည်။
"တစ်နေနေ့တော့ ...ဖြစ်လာမှာပေါ့ကောင်လေးရာ..."
"ဒါပေမဲ့....သားခြေထောက်တွေက.... "
"လူဆိုတာ မဖြစ်နိုင်ပါဖူးဆိုတဲ့ မျှော်လင့်ချက်အမှားတွေနဲ့ ဘယ်တော့မှ အားမလျော့ပစ်ရဖူးသားရဲ့.... သားသာ တကယ် ဖြစ်ချင်တဲ့စိတ်နဲ့ကြိုးစားရင် ဘယ်အရာမှမဖြစ်နိုင်ဖူးဆိုတာ မရှိဖူး တစ်နေ့တော့ သားလည်း ဦးလို ဖြစ်လာမှာပေါ့.. "
သူ့ရဲ့စကားအဆုံးတွင်တော့ ကောင်လေး၏ ကြည်ပြာရောင် မျက်ဝန်းများသည် ပို၍ တောက်ပသွားသလို ခံစားရသည်။
ထိုကောင်လေးကို ငေးစိုက်ကြည့်နေရင်းမှာပင် တစ်ချိန်က ထိုကောင်လေးလိုပင် ဘောလုံးသမား ဖြစ်ချင်လွန်းသော ဆံပင်ရွှေရောင်နှင့်မျက်ဝန်းပြာ လူတစ်ယောက်ကို သူ သတိရသွားမိပြန်သည်။
ထို့နောက် ကောင်လေး၏ အကျီနောက်ကျောဘက်တွင် သူ့လက်မှတ်ကိုထိုးပေးလိုက်ပြီး ထိုကောင်လေးကို နှုတ်ဆက်ကာ တစ်ချိန်က သူ မှတ်သားထားခဲ့သော နေရာမှစ၍ ခြေလှမ်းဆယ်လှမ်းရေတွက်ကာ လွန်ခဲ့တဲ့ ငါးနှစ်က မြှုပ်ထားခဲ့တဲ့ပုလင်းလေးကိုပြန်ဖော်လိုက်သည်။
ဖုန်တွေ သဲမှုန်တွေပေကျံနေတဲ့ ပုလင်းကိုလက်နဲ့ခါလိုက်ပြီး အဖုံးကိုဖွင့်လိုက်တော့လွန်ခဲ့သော ငါးနှစ်ကလို ပူးခေါက်လျက်သား စာအသစ်လေးနှစ်စောင်ကို မြင်ရသည်။ထိုစာနှစ်စောင်ထဲကမှ ချစ်သောဆွတ်ရိန် အတွက် ဟုရေးသားခဲ့သော စာလေးတစ်စောင်ကိုသူ ဖွင့်ဖတ်လိုက်လေတော့သည်။
" သို့.....
ချစ်ရတဲ့..... ဆွတ်ရိန်....
ငါ့ကိုချစ်ပေးခဲ့တဲ့အတွက် ပထမဆုံးမင်းကိုကျေးဇူးတင်ချင်တယ်.......
မင်းမှတ်မိဦးမလား..... ငါက တိမ်တွေလိုလေနှင်ရာ လွင့်ချင်ခဲ့တယ်ဆိုတာကိုလေ....
အခုတော့.... ငါမလွင့်ချင်တော့ဖူး......
ငါသာ တိမ်လေးဖြစ်သွားခဲ့ရင် မင်းငါ့ကိုရှာလို့မတွေ့နိုင်မှာ စိုးရိမ်တယ် ....
မင်း ကောင်းကင်ကိုကြည့်မိတဲ့အခါ အရမ်းတောက်ပတဲ့ ကြယ်တစ်လုံးကို တွေ့လိမ့်မယ်
အဲဒီကြယ်ကငါတော့မဟုတ်ဖူး မင်းငါ့ကို အလွယ်တကူရှာတွေ့နိုင်အောင်အဲဒီလိုတောက်ပတဲ့ ကြယ်အနားမှာပဲသစ္စာရှိတဲ့ ကြယ်မှုန်သေးသေးလေးအဖြစ် ကောင်းကင်ကြီးမှာ ခိုကပ်နေပါ့မယ်....
မင်းအဆင်ပြေတဲ့တစ်နေ့မှာတော့ ငါ့ကိုလာရှာပေါ့...
ကြယ်တွေဆီကပဲ မင်းကို စောင့်နေမယ်
ချစ်သော.......ဒန်နီရယ် "
ကျွန်တော် စာလေးကို ပိတ်လိုက်တယ်....။
ထင်ရှုးပင်အနားမှာပဲ လဲလျောင်းအိပ်လိုက်ပြီး ကောင်းကင်ကြီးပေါ် ကြယ်တွေထွက်လာတဲ့အထိ စောင့်ကြည့်နေမိတယ်။
ခဏကြာတော့ ကောင်းကင်မှာ လမင်းကြီးထွက်လာတယ်။ နောက်တော့ လမင်းကြီးရဲ့ဘေးမှာတောက်ပတဲ့ ကြယ်တစ်လုံး..။
အဲဒီကြယ်ရဲ့ဘေးမှာတော့ ကြယ်မှုန်ကြယ်မွှား သေးသေးလေးတွေ အများကြီးပဲရှိနေကြတယ်
ကျွန်တော် ချစ်ရတဲ့ဒန်နီရယ်လည်း ထိုနေရာမှာပဲ ကျွန်တော့်ကို စောင့်နေပါလိမ့်မယ်......
တစ်နေ့နေ့တော့ ကျွန်တော်ဟာလည်း ကျွန်တော် ချစ်ရတဲ့ ကြယ်တွေဆီကို အရောက်သွားရဦးမယ်လေ..........။ ။ ။
______________________________________________________________________________
The End
A Seinn Kyaw
Way to the stars
11:01 PM
18.5.2019
6237 Words