" သြော် ... ဆွတ်ရိန်တောင် ရောက်လာပြီ "
ဧည့်ခန်းဝကိုခြေချလိုက်မိစဉ်မှာပဲ ပျံ့လွင့်လာတဲ့ ဆိုဖီယာရဲ့လေသံကြောင့် ဆွတ်ရိန်၏ လှမ်းလက်စ ခြေလှမ်းတို့ ရပ်တန့်သွားသည်။
"ဟုတ်ကဲ့ အမ အစောကြီးရောက်နေတာလား "
ဆွတ်ရိန်က ဆိုဖီယာ့ကို ပြုံးပြလိုက်ကာ ရိုရိုကျိုးကျိုး နှုတ်ဆက်လိုက်သည်။ ချစ်ရသူရဲ့ အမအရင်း ခေါက်ခေါက်ဖြစ်တာမို့ အနဲငယ် ရှိန်နေတာလည်း ပါသည်။
ဒန်နီရယ် မူးလဲပြီးနောက်ပိုင်း ဆိုဖီယာက မကြာခဏပင်လာပြီးပြုစုသည်မို့ သူနဲ့ဆိုဖီယာတောင် အတော်အတန်တော့ ရင်းနှီးနေပြီ.....
ဆိုဖီယာသည် ပညာတတ်တစ်ယောက် ပီပီအမြဲနှစ်လိုဖွယ်ကောင်းအောင် ပြုံးပြတတ်ပြီး ပေါင်းတတ်သင်းတတ်သူဖြစ်သည်။ သူနဲ့ ဒန်နီရယ်၏ ကိစ္စကိုလည်းဆိုဖီယာက မသိချင်ယောင်ဆောင်ထားပေးတာမို့မျက်နှာပူတာတွေ ဘာတွေမဖြစ်ပဲ ပုံမှန်အတိုင်းပဲ ဆက်ဆံလို့ရနေတာ ဖြစ်သည်။
"ဒန်နီရယ်ကတော့ အပေါ်မှာ သူ့ငယ်ချစ်ဦးရောက်နေလို့ စကားတွေကောင်းနေလေရဲ့ ဆွတ်ရိန် တတ်သွားလိုက်လေ "
ငယ်ချစ်ဦး.......
ကြားဖူးနေကျစကားပေမယ့် ရင့်ဘတ်တစ်ခုလုံးကို ထုချေလိုက်သလို နာကျင်အောင့်မျက်သွားစေသည်။
သူ့မျက်လုံးအစုံဟာပြာဝေသွားပြီးနှုတ်ခမ်းများသည်လည်း ရယ်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
" ဟုတ် အမ ကျွန်တော် သွားလိုက်ပါဦးမယ် "
ဆိုဖီယာ့ကိုနှုတ်ဆက်ပြီး လှေကားပေါ်တတ်လာသည်အထိ စိတ်တွေက မတည်ငြိမ်။
အပေါ်ရောက်ပြန်လျှင်လည်း ဘယ်လိုမြင်ကွင်းမျိုးနဲ့ သူကြုံတွေ့ရဦးမှာလဲ ။
အစိုးမရသော စိတ်တွေကယောက်ယှက်ခတ်နေကာ ခြေလှမ်းတွေပင် မှားချင်ချင်။
ဘုရားသခင် ...ကျွန်တော့်ရင်ခွင်ထဲကနေ ဒန်နီရယ့်ကို ဆွဲထုတ်သွားမယ့်သူတော့မဟုတ်ကောင်းပါရဲ့....
"ဒန်နီရယ် ယူကဟိုးတုန်းကလို ကျွန်မကိုဆွဲဆောင်နေနိုင်တုန်းပဲ ဘာဆိုဘာမှကို မပြောင်းလဲသေးဖူး "
အခန်းတံခါးကို တွန်းဖွင့်ဝင်ဝင်ချင်းမှာပဲ ကြားလိုက်ရတဲ့ ဆွဲဆောင်မှုရှိတဲ့အသံချိုချိုကြောင့်ဆွတ်ရိန်၏ ခြေလှမ်းတို့ အနဲငယ် တွန့်ဆုပ်သွားမိသည်။
တံခါးတွန်းဖွင့်ပြီး သူဝင်လာသည့်အချိန်ထိ ဒန်နီရယ်ရော သူတစ်ခါမှ မမြင်ဖူးသော ထိုတစိမ်းမိန်းကလေးရော သူ့ကို မြင်ဟန်မတူသေး။
"အဟမ်း "
ဒန်နီရယ့် ကုတင်နားကို ဖြေးဖြေးချင်းလျှောက်သွားပြီး သူရှိကြောင်းအချက်ပြလိုက်တော့ ထိုမိန်းကလေးရော ဒန်နီရယ်ကပါ သူ့ဘက်ကို ပြိုင်တူလိုလို လှည့်ကြည့်လာကြသည်။
တစိမ်းမိန်းကလေးသည် အဖျားနားလေးမှာခွေကျနေတဲ့ အညိုရောင်ဆံနွယ်လိပ်လေးတွေရှိကာ ကဗျာတစ်ပုဒ်လိုပင် လှပလွန်းသည်။
သူ့ကိုအကဲခတ်သလို စိုက်ကြည့်နေသောမိန်းကလေး၏ ဘဲဥပုံစံမျက်နှာလုံးလုံးလေးပေါ်တွင် ကော်ပတ် ရုပ်လိုဝိုင်းစက်သော သမင်မျက်လုံးများနှင့် နှာတံချွန်ချွန်လေးများက နှစ်လိုဖွယ်ကောင်းစွာ တည်ရှိနေကျသည်။
ဒန်နီရယ်နဲ့စကားပြောရင်း ရယ်နေသော နှုတ်ခမ်းလေးသည် ဖူးငုံနေကာ အပြစ်ကင်းပုံပေါက်နေသည်။
တကယ်ကိုပင် ထိုမိန်းကလေးဟာ ဒန်နီရယ့်အချစ်ဦး ဖြစ်ဖို့ ထိုက်တန်သော သူဖြစ်သည်ပဲ။
"ငယ်... အဲဒါဆွတ်ရိန်တဲ့ ကိုယ့်ရဲ့ Special Nurse လေ "
ဒန်နီရယ်က ထိုမိန်းကလေးကို ငယ်ဟုခေါ်လိုက်ကာ သူ့ဘက်တစ်ချက် မျက်လုံးဝှေ့ကြည့်လာသည်။
သူ ခံစားမိသလောက် ဒန်နီရယ့်မျက်လုံးများသည် သာမာန်အချိန်တွေနှင့်မတူပဲ သူ့အပေါ်အနဲငယ်အေးစက်စက်နိုင်ကာ တစိမ်းဆန်နေတာမို့အကြောင်း ပြချက်မယ်မယ်ရာရာမရှိပါပဲ သူ့ရင်ထဲ ဆို့နင့်သွားသည်။ ဒန်နီရယ်သည် သူ့အား တစ်ချက်လေးပဲ ဝှေ့ကြည့်လာကာထိုမိန်းကလေးဘက်သို့ အကြည့်တို့ကို ပြန်ပို့လွှတ်လိုက်သည်။
သူ့ကို ကြည့်သော အကြည့်သည် ရေခဲတုံးလို အေးခဲနေပြီး မိန်းကလေးနဲ့ စကားပြောနေချိန်မှာတော့ မျက်ဝန်းများက နူးညံ့စွာပင်ပြုံးနေလေသည်။
ကျွန်တော့်ကို မြတ်နိုးစွာစိုက်ကြည့်ဖူးခဲ့သောဒန်နီရယ့် ၏ မျက်ဝန်းအကြည့်တွေကို ဘယ်နေရာမှာများ သွားရှာသင့်သလဲ ။
ထိုအချိန်ဆို ဟန်မဆောင်နိုင်သော ကိုယ့်ကိုကိုယ် အမုန်းဆုံးပင်။ထစ်ခနဲရှိ မျက်ရည်ဝဲချင်လာတာမို့ လက်ကျန်ယောက်ျား မာနလေးဖြင့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"ဟယ် ဒန်နီရယ် သူက ယူ့လိုပဲနော် ချောလိုက်တာ ဟေ့ ဆွတ်ရိန် ကျွန်မကငယ်ပါ...နာမည်အရင်းက နုငယ်သွေး တွေ့ရတာဝမ်းသာပါတယ် "
နုငယ်သွေး၏စကားပြောဟန်သည် ကျွန်မ ကျွန်မ ဟု ထည့်သုံးတတ်ပြီး သွက်သွက်လက်လက်ကလေး ရှိကာ ချစ်စဖွယ်လေးဖြစ်သည်။ သူ့ကိုပြုံးပြလာသော နုငယ်သွေးကို အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ပြန်တော့ ပြုံးမပြမိ.. ။မလိုအပ်ဖူးဟုထင်သလို ထိုမိန်းကလေးကို ပြန်ပြုံးပြလောက်ရအောင်လည်း သူ့မှာ အင်အားမရှိ။ ဒန်နီရယ် နှင့် ပတ်သက်သမျှ ဒန်နီရယ် အနားမှာရှိနေတဲ့ သက်ရှိသက်မဲ့ ပစ္စည်း မှန်သမျှကို သူတကယ် မုန်းတီးသည် ။ ဒန်နီရယ့်အနားတွင် သူကလွဲပြီး ဖုန်တစ်မျှင် အပ်ချည်တစ်စ တောင် ရှိမနေစေချင်တာ သူ့ဆန္ဒဖြစ်သည်။ ယုတ်စွအဆုံး ဒန်နီရယ့်ခန္ဓာကိုယ်ထဲသို့ဝင်လိုက်ထွက်လိုက်နှင့်အငြိမ်းစား လုပ်ခွင့်ရနေသော လေကိုပင် သူမနာလို....။
" ဒန်နီရယ် သက်သာရဲ့လား မင်းဘာလိုသေးလဲ "
သူက ဒန်နီရယ့်ကုတင်ဘေး နုငယ်သွေးထိုင်နေသော နေရာနှင့် ဆန့်ကျင်ဘက် အခြမ်းမှာ မတ်တပ် ရပ်လိုက်သည်။
"ဘာမှမလိုဖူး ဆွတ်ရိန် ငါ တစ်ခုခုအဆင်မပြေဖြစ်မှ မင်းကို လှမ်းခေါ်လိုက်မယ် အခု ငါပျော်နေတယ် ခါတိုင်းလို နာနေတာတွေတောင် မရှိဖူး ဒီနေ့မှ ထူးထူးခြားခြား နေလို့ကောင်းနေတာ ငါ့အနားမှာငယ်ရှိနေလို့နေမှာ ဟုတ်တယ်မလား ငယ် "
ဒန်နီရယ်က သူ့ဘက်ကို တစ်ချက်လေးမျှပင် စောင်းငဲ့ ကြည့်မလာပါ။ ဒန်နီရယ့် မျက်လုံးများသည် နုငယ်သွေးဆီမှ လုံးဝမခွာ။ အခန်းထဲမှာ သူတို့နှစ်ယောက်တည်းပဲရှိနေသည့်အချိုးမျိုးနဲ့ ကျွန်တော့်ကို လုံးဝ မသိချင်ယောင်ဆောင်နေသလိုမျိုးပဲ။
"အိုကေ ငါ ဟိုဘက်မှာစာဖတ်ရင်း ထိုင်စောင့်နေမယ် မင်းလိုတဲ့ အချိန် လှမ်းခေါ်လိုက် "
မည်သူမျှ ဂရုမစိုက်သောအမှာစကားကို သူ့ဘာသာ တစ်ကိုယ်တည်းပြောပြီးထွက်လာခဲ့သည်။
နုငယ်သွေးကတော့ သူ့ကိုအားနာသလို အကြည့်မျိုးနဲ့ တစ်ချက်လှမ်းကြည့်လာသည်။
ထိုအကြည့်များ၏ နောက်ဆက်တွဲအဓိပ္ပာယ်များထဲတွင် သူ့အားသနားသည့် အရိပ်များလည်း စွန်းထင်းနေသည်။ ကိစ္စမရှိ.......။ဒီလောကကြီးမှာ ဒန်နီရယ့် ဆီမှ ဥပေက္ခာလောက် တခြားဘယ်အရာကမှ သူ့ကို နာကျင်အောင် မလုပ်နိုင်ချေ.... ။
သူကို အလိုမရှိသော ထိုနေရာမှထွက်လာခဲ့ကာနေရောင်ဖြာကျနေသော ပြတင်းပေါက်ဘေးက ထိုင်ခုံမှာ သူ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ဘေးနားက စာအုပ်တစ်အုပ်ကောက်ဆွဲလျက်စာအုပ်ကို စိတ်နှစ်ပြီး ဖွင့်လိုက်နေလိုက်သော်လည်း သူ့အကြားအာရုံတွေက ဒန်နီရယ်တို့ နှစ်ယောက်အနားဆီသို့သာ နားစွင့်နေမိသည်။
"ငယ် သြဇီက ပြန်လာလိမ့်မယ်လို့ ကိုယ်တကယ် မထင်ခဲ့ဖူး ငယ့်ကိုဟိုမှာပဲ အပျိုကြီးလုပ်ပြီး အရိုးထုတ်တော့မယ် ထင်တာ "
"ဟား မနောက်ပါနဲ့ယူရာ ကိုယ် တစ်သက်လုံးဟိုမှာ မနေပါဖူး ကိုယ့် ဆွဲငင်အားလေး ရှိတဲ့နေရာကိုပဲ အမြန်ဆုံးပြေးလာရတာပေါ့ ဟိုမှာနေတုန်းကလည်း ယူ့ကိုအချိန်ပြည့်လွမ်းနေတာ ယူနဲ့ဘာလို့များ လမ်းခွဲခဲ့မိလဲဆိုတာ ကိုယ်မစဉ်းစားတတ်အောင်ပဲ အဲဒီအချိန်တုန်းကလေ ကိုယ် ရူးနေတာနေမှာ"
" ဟား ဟား......"
အဝေးက လွင့်ပျံ့လာသော်လည်း စကားလုံးတွေကသူ့နှလုံးသားကို ရိုင်ဖယ်နဲ့ ချိန်ပစ်သလို အရှိုက်တည့်တည့်ထိသည်။ ဒန်နီရယ်သည် သူ့ကိုအညိုးနဲ့များ တမင်တကာ ညှင်းပန်း နှိပ်စက်နေသလား မသိပါ။ မျက်နှာလွှဲထားသော်လည်း တင်းကျပ်စိုနင့်လာတဲ့ ရင်ဘတ်ရဲ့ဖိအားတွေကို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း တုံ့ပြန်နေမိသည်။
ဒန်နီရယ်ဆိုသောလူသားသည် သူ့နှလုံးသားကို စိတ်ကြွဆေးပြားလိုစွဲလမ်းရူးသွပ်စေသည်။ တစ်ခါတစ်လေ တစ်ဦးတည်းပိုင်ဆိုင်ချင်မိတဲ့အတ္တနဲ့ သူ့စိတ်တွေကိုလည်း အရိုင်းဆန်စေပြန်သည်။ ဒန်နီရယ်နဲ့ ပတ်သက်လာလျှင် ဘာကိုမှ မမြင်နိုင့လောက်တော့တဲ့အထိ သူ့အချစ်တွေက အင်အားကြီးမားလွန်းနေခဲ့သည်။
"ငယ် နဲ့ အခုလိုစကားတွေပြောနေရတာ ကိုယ် သိပ်စိတ်ချမ်းသာတယ် ငယ်နဲ့ဆုံလိုက်မှ ကိုယ်တကယ် လိုအပ်နေတာ ငယ်ဆိုတာ သိသွားတာ"
"ငါ့ကိုရောမလိုအပ်ဖူးလား ဒန်နီရယ် ငါ့ကို
မင်းဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးလား "
ဆွတ်ရိန်သည် ရင်ဘတ်ထဲမှာ တနုံ့နုံ့နာကျင်လာသည်နှင့်အမျှ စိတ်ထဲမှာပင်အော်ဟစ်သောင်းကျန်းပစ်လိုက်သည်။
ငါကလွဲပြီး မင်း ဘဝမှာ ဘာမှမလိုအပ်တော့ဖူးလို့ ထင်ခဲ့တာ ငါ့ကိုငါ သိပ်အထင်ကြီးလွန်းရာကျသွားလား....
မနေ့ညကအထိပင် သူ့ကို ပုံမှန်အတိုင်းပဲ ဆက်ဆံနေခဲ့သော ဒန်နီရယ်သည် ဒီနေ့ကျမှ ဘယ်လိုအကြောင်းတရားတွေကြောင့် ရုတ်ချည်း ပြောင်းလဲသွားလေ သလဲ မသိ။
ငယ် ဆိုသော မိန်းကလေးကို ဒန်နီရယ် အခုထိ တကယ်ပဲ ချစ်နေသေးတာလား။
မနေ့ညကအထိ ဒန်နီရယ့်အချစ်တွေကို အကြွင်းမဲ့ယုံကြည်နေခဲ့သော သူဟာ ဒီနေ့ ဒန်နီရယ်ရုတ်တရက်ပြောင်းလဲသွားတဲ့အပေါ် လက်မခံနိုင်ဖြစ်နေသည်။
ဒန်နီရယ် ဘာကြောင့်သူ့ကို အခုလိုစိမ်းစိမ်းကားကား ဆက်ဆံနေရတာလဲ ။
သူ့ ရှိနေတာကို တကယ်ပဲအရေးမစိုက်တာလား။ စကားလုံးတွေနဲ့ ထိုးနှက်နေရင် သူနာကျင်နေမယ်ဆိုတာ ဒန်နီရယ် တကယ်ပဲမသိတာလား။
ဆွတ်ရိန်သည် စိတ်ရှုပ်လာတာကတစ်ကြောင်း
ဒန်နီရယ်နဲ့နုငယ်သွေး တို့ပြောနေတဲ့စကားတွေကို ဆက်ပြီး နားထောင်နိုင်စွမ်းမရှိတော့တာမို့ လက်ထဲက စာအုပ်ကို ဘုတ်ကနဲပစ်ချလျက်အန်တီဆွေရှိရာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ တရွေ့ရွေ့ထွက်ခွာသွားသော သူ့ကျောပြင်ကို ဒန်နီရယ် မျက်လုံးဝှေ့ကြည့်လိုက်သည်ကိုတော့ ဆွတ်ရိန်တစ်ယောက် သိဟန်မပေါ်..။
" သား ဆွတ်ရိန် သားဆင်းလာတာနဲ့ အတော်ပဲ ဒန်နီရယ့် အတွက် အန်တီဆွေ ဆန်ပြုတ်လေးလုပ်ထားပေးတယ် သား အပေါ်တတ်ရင် တစ်ခါတည်း ယူသွားပေးဦးနော် "
အန်တီဆွေက အငွေ့တထောင်းထောင်းထနေသော စားချင်စဖွယ် ဆန်ပြုတ်ပန်းကန်ကို သူ့လက်ထဲ ဆတ်ခနဲ ထည့်ပေးလိုက်တာမို့ သူ့မှာငြင်းချိန်တောင် မရလိုက်။
"အင်းအင်း ကျွန်တော်ယူသွားလိုက်မယ်အန်တီဆွေ "
ဆွတ်ရိန်တစ်ယောက် ဆန်ပြုတ် ပန်းကန်ထည့်ထားတဲ့ လင်ပန်းကိုခပ်ဖွဖွကိုင်လျက် လှေကားထစ်တွေကနေ ဖြေးဖြေးချင်းတတ်လာရပြန်သည်။ ဒန်နီရယ့် အနားမှာ သူစိမ်းတွေလိုနေရတဲ့ အခိုက်အတန့်ကို မလိုချင်လို့ ရှောင်ပြေးလာပါတယ်ဆိုမှ အန်တီဆွေ ရဲ့ပယောဂကြောင့် ဒန်နီရယ့်အခန်းဆီသို့ တစ်ဖန်ဦးတည်ရပြန်သည်။
" ဒန်နီရယ်.... "
ဆန်ပြုတ်ပန်းကန်ကိုကိုင်လျက် ဖြေးဖြေးချင်းလျှောက်လာသော ဆွတ်ရိန်ကို ဒန်နီရယ်က စိတ်မပါသလိုလှည့်ကြည့်လာသည်။
ကြည့်သားရလာပြီဖြစ်သော ထိုအကြည့်တွေအား ဥပေက္ခာပြုထားသော ဆွတ်ရိန် က ဒန်နီရယ့်ဘေးမှာ ဝင်ထိုင်လိုက်ရင်းဆန်ပြုတ်တစ်ဇွန်းခပ်လျက်ပါးစပ်နားတေ့ပြီး လေဖြင့်မှုတ်လိုက်ကာ
"မနက်ကတည်းက ဘာမှ မစားသေးဖူးမလားအစာလေးဝင်သွားအောင် ဆန်ပြုတ်လေးနဲနဲသောက်လိုက် "
" တော်ပြီ ငါ ဘာမှမစားချင်ဖူး "
ဒန်နီရယ်သည် သူ့ဘက်ကို လုံးဝလှည့်ကြည့်မလာဘဲ ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။ အခြေအနေကို ရိပ်စာမိပုံရသော နုငယ်သွေးက
"ဆွတ်ရိန် ပေးပေး ကျွန်မ ကျွေးလိုက်မယ် ရှင် လုပ်စရာရှိတာ သွားလုပ်လေ "
နုငယ်သွေးက သူ့လက်ထဲက ဆန်ပြုတ်ပန်းကန်ကို ဆတ်ခနဲ လှမ်းယူလိုက်သည်။ထို့နောက် ဆန်ပြုတ်တစ်ခွန်းခပ်ပြီး သူ လုပ်ခဲ့သလို နှုတ်ခမ်းလေးနဲ့တဖူးဖူးမှုတ်လိုက်ရင်း ..
"ဒန်နီရယ် ယူကို့ ကျွန်မ ခွံပေးမယ် ကျွန်မကိုချစ်ရင် ရှင် မငြင်းရဖူး "
ဟု ချစ်စဖွယ်ဆိုလိုက်တော့ ဒန်နီရယ်က ခပ်ဟဟ ရယ်လိုက်ကာ
"အိုကေ..ငယ် ကိုယ်စားမယ် မင်းကိုချစ်လို့နော်"
ဒန်နီရယ်က သူ့ခန္ဓာကိုယ်ကို နုငယ်သွေးရှိရာသို့တိုးပေးလိုက်ရင်း ဆန်ပြုတ်ကို စားလိုက်သည်။ ကုတင်ဘေးတစ်ဖက်မှာထိုင်နေသော ဆွတ်ရိန်ကတော့ ထိုမြင်ကွင်းကို မမြင်ချင်သလိုမျက်နှာလွှဲထားလျက် တိတ်ဆိတ်စွာထိုင်နေလေသည်။
Ringing....
ထိုအချိန်မှာပဲ နုငယ်သွေးအိတ်ထဲက ဖုန်းမြည်လာတာကြောင့် နုငယ်သွေးက ဖုန်းကိုအိတ်ထဲက ထုတ်လိုက်ကာ ....
" ဒန်နီရယ် ခဏနော် "
ဟု ပြောလျက် မလှမ်းမကမ်းတွင် ဖုန်းသွားပြောလေသည်။ ဆွတ်ရိန်ကလည်းရလာတဲ့ အခွင့်အရေးကို မိမိရရအသုံးချလျက် ဒန်နီရယ့်အနားသို့ တိုးသွားလိုက်ကာ
"ဒန်နီရယ် ..မင်း ဘာဖြစ်နေတာလဲ မနက်ကတည်းက မင်းငါ့ကို ရှောင်နေသလိုပဲ ငါမင်းကို တစ်ခုခုများစိတ်ဆိုးအောင် လုပ်ထားမိသလား "
ဆွတ်ရိန်က ကုတင်ကို နောက်ကျောမှီထိုင်နေသော ဒန်နီရယ့်၏ ဖျော့တော့နေသော ကိုယ်လုံးကို လှုပ်ရမ်းလျက် ပုခုံးကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ မေးလိုက်သည်။
" ပုံမှန်အတိုင်းပဲ ဆွတ်ရိန် ငါဘာမှမဖြစ်ဖူး "
ဒန်နီရယ့်နှုတ်ခမ်းက အေးတိအေးစက်အဖြေတစ်ခုကြားလိုက်ရသော်လည်း ဆွတ်ရိန်က ကျေနပ်ဟန်မပြုသေးပဲ........
"မလိမ်နဲ့ဒန်နီရယ် ငါသိတယ် မင်းတစ်ခုခုဖြစ်နေတာ"
"ကျွတ်စ်... အတွေးခေါင်မနေနဲ့ ဆွတ်ရိန် "
ဒန်နီရယ်ဆီက စိတ်ကျေနပ်စရာ အဖြေမျိုးထွက်မလာတာမို့ ဆွတ်ရိန်တစ်ယောက် ဒေါသစိတ်တွေနဲ့ ပြည့်နှက်ကာ အသားကတဆတ်ဆတ်တုန်နေသည်။ ဒန်နီရယ် သေချာပေါက် တစ်ခုခု ဖြစ်နေတာ သူ သိနေတာပဲ ။
"ဒန်နီရယ် ဒီနေ့တော့ဆောရီးကွာ ကျွန်မ Daddy နေသိပ်မကောင်းလို့ စောစောပြန်ရတော့မယ် နောက်ရက်တွေ ယူ့ဆီ ကို ကျွန်မစောစောလာခဲ့မယ် ဆွတ်ရိန်ရောပဲ ကျွန်မ သွားပြီနော် "
နုငယ်သွေးက အနောက်တိုင်းမှာ အနေများခဲ့သူမို့လား မသိ ပေါ့ပေါးပါးပါးလေးပင် ဒန်နီရယ့် နဖူးကိုရွှတ်ခနဲနမ်းလိုက်ကာ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူ့ကိုပါ ပြုံးပြလျက် အခန်းထဲကနုနုရွရွ ခြေလှမ်းများဖြင့် ထွက်သွားလေတော့သည်။ ထိုအခါမှ ဆွတ်ရိန်က နုငယ်သွေးထိုင်ခဲ့သော ထိုင်ခုံမှာပဲ ထိုင်လိုက်ကာ ဆန်ပြုတ်တစ်ဇွန်းခပ်လိုက်လျက်
"နှစ်ဇွန်းပဲ စားရသေးတာမလား ငါဆက်ခွံပေးမယ်"
"တော်ပြီ ငါမစားတော့ဖူး..."
ဒန်နီရယ်က ခေါင်းခါပြကာ မျက်လုံးမှိတ်လျက် တစ်ဖက်ကိုလှည့်လိုက်လျှင် ဆွတ်ရိန် ဒေါသက ထောင်းခနဲ ထွက်သွားသည်။
" ဒန်နီရယ် ...."
သူ့အသံက ပြောနေကျလေသံထက် အနဲငယ်မာသွားတာမို့ ဒန်နီရယ်ကမျက်လုံးပြန်ဖွင့်လျက် သူ့ကို ပြန်ကြည့်လာသည်။
အဲတာကိုပင် ဆွတ်ရိန်က လက်ထဲကကိုင်ထားတဲ့ ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ် တင်လိုက်ကာ ကုတင်ပေါ်ဆွေ့ခနဲ တတ်ထိုင်လိုက်ပြီး ဒန်နီရယ့်အပေါ်ကနေ အုပ်မိုးလိုက်လျက်
"ဒန်နီရယ် ကျေးဇူးပြုပြီး ငါ့ကိုနာကျင်အောင်မလုပ်ပါနဲ့ကွာ မင်းကြောင့် ငါတကယ် ရူးပြီးသေသွားလိမ့်မယ် မင်း နဲ့ နုငယ်သွေးက တကယ့်သူငယ်ချင်းတွေပဲ မဟုတ်လားဟင် ငါကမှ မင်းရဲ့ချစ်သူအစစ်မလားဟင် ဖြေစမ်းပါ "
ဒန်နီရယ့်ကို ကြည့်နေသော ဆွတ်ရိန်၏ မျက်ဝန်းများသည် ကြေကွဲရိပ်သန်းနေကာ ဆွေးမြေ့လို့နေပေသည်။ ဒန်နီရယ်ကလည်း ဆွတ်ရိန်ကို ငြိမ်သက်စွာ စိုက်ကြည့်လို့နေသည်။
သူ အမြဲလိုလို မြတ်နိုးခဲ့ရသော ဒန်နီရယ်၏အပြာရောင် မျက်ဝန်းများသည် ဒီတစ်ကြိမ်မှာတော့ သူကိုယ်တိုင်ပင် ဘာသာမပြန်တတ်အောင် လျှို့ဝှက်သိပ်သည်းလွန်းနေခဲ့သည်။
ဆွတ်ရိန်က တိုးဖွစွာပြောရင်း ဒန်နီရယ့်မျက်နှာနားသို့ တဖြေးဖြေးတိုးကပ်လာသည်။
နီးလာသည်နဲ့အမျှ ဒန်နီရယ့်၏ကိုယ်ငွေ့သည် ပို၍ ပူနွေးလာကာ အပူငွေ့က သူ့မျက်နှာဆီသို့ ကူးစက် ရိုက်ခတ်လာသည်။
ထို့နောက်ဆွတ်ရိန်ကသူ့၏လျှာဖျားကိုအသာအယာ ထုတ်လိုက်လျက် ဒန်နီရယ့် နှုတ်ခမ်းထောင့်စွန်းမှာ ပေနေသော ဆန်ပြုတ်ကိုလျှာဖြင့် သပ်လိုက်သည်။ တဆက်တည်း နှုတ်ခမ်းနွေးနွေးကို လျှာဖျားများနဲ့ ဆက်၍ ကလိလိုက်သည်။
ဒန်နီရယ့် နှုတ်ခမ်းပေါ်က မသိမသာ ထိုးထွက်နေသောနှုတ်ခမ်းမွှေးများသည် အနဲငယ်စူးသော်လည်း ထိုအရသာကပင် သူ့ကိုတွယ်ငြိစေသည်။ သူ့ဘဝတွင် ဒန်နီရယ့်၏ပါးလျလျ နှုတ်ခမ်းတွေလောက် ချိုမြိန်သော စားစရာမရှိ။
ဒန်နီရယ်၏ လျှာဖျားများသည် သူ့လျှာတွေလိုဆော့ကစားမနေပဲ ပကတိ ငြိမ်သက်နေသည်။ထို့နောက် ဒန်နီရယ့် ကိုယ်ပေါ် အုပ်မိုးထားသည့် သူ့ခန္ဓာကိုယ်ကို ဒန်နီရယ်က ဆောင့်တွန်းလိုက်သည်။
"ဆွတ်ရိန်.... ငါတို့ ဇာတ်လမ်းကို ဒီမှာပဲအဆုံးသတ် လိုက်ရအောင်..... "
>>>>>>>Way to the stars <<<<<<<