Chapter 213 : စောင့်ကြပ်ကြည့်ရှုရန်
ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီသည် ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး နယ်ပယ်ထဲတွင် အသာစီးအရဆုံးသော လွှမ်းမိုးချုပ်ကိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ ရှန်းကျင်နှင့် ပိုင်ယွီအန်းတို့က သူတို့သည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို တိုးတက်အောင် လုပ်နိုင်၍ တစ်နှစ်အတွင်း နင်းမြို့တော်၏ အဖျော်ယမကာနယ်ပယ်၌ ခြေကုပ်ယူမှုတစ်ခု ရလာနိုင်လိမ့်မည်ဟု ယုံကြည်ကြ၏။ ထို့အပြင် နောက်ငါးနှစ်အတွင်း၌ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် နယ်ပယ်တစ်ခုလုံးကို ဦးဆောင်နိုင်အောင် သူတို့ လုပ်နိုင်လိမ့်မည်ဟူ၍ပင် မျှော်လင့်ထားကြသည်။
သူတို့သည် အကောင်းဆုံးဝိုင်ချက်နည်းကို ရှိထားသူများဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ရာတွင် စိတ်ပူစရာ မရှိပေ။
ကုမ္ပဏီပိုင်ရှင်နှင့် ပြဿနာမရှိသရွေ့ အားလုံး အဆင်ပြေ ကောင်းမွန်လေသည်။
"ယွင်ကျောင်း၊ နောက်တစ်ခါကျရင် မန်နေဂျာပိုင်နဲ့ ငါ မင်းကို ဖုန်းနဲ့ပဲ ဆက်သွယ်လိုက်မယ်။ ဒီရက်တွေမှာ လုံလုံခြုံခြုံနေတာ အကောင်းဆုံးပဲ။ တကယ်လို့ သူတို့က မင်းရဲ့ မိဘအရင်းတွေ ဆိုရင်တောင်မှ သူတို့ရဲ့အကျင့်စရိုက်ကို အတည်မပြုရသေးဘဲနဲ့ မင်းရဲ့ စုဆောင်းငွေတွေအားလုံးကို သူတို့ဆီ ရူးရူးမိုက်မိုက်နဲ့ ပေးလို့ မရဘူးနော်"
ရှန်းကျင်က အကြံပေးလာ၏။
သူမ၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပြီး ကျင်းယွင်ကျောင်းက ကုမ္ပဏီအား လျှို့ဝှက်ချက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်သာ မျှော်လင့်ခြင်းဖြစ်သည်။
ထိုကိစ္စသည် အနည်းငယ် ယုတ္တိမတန်သော်လည်း လူတစ်ယောက်သည် ဘယ်တော့မှ အလုံခြုံဆုံးမဖြစ်နိုင်ပေ။
တစ်ဖက်လူက ကျင်းယွင်ကျောင်းအား စိတ်ရင်းဖြင့် ဆက်ဆံပါက သူတို့သည် ကုမ္ပဏီအား အခွင့်ကောင်းယူရန် ကြိုးစားမည် မဟုတ်ပေ။ သို့သော် သူတို့၏ စိတ်က ရုတ်တရက် ပြောင်းလဲသွားလျှင်ရော။ ထိုလူများသည် သူမအား ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများမဟုတ်သောကြောင့် သူတို့သည် ပုံမှန်မိဘများသကဲ့သို့ တူညီစွာ ဆက်ဆံပေးနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဆယ်စုနှစ်တစ်ခုကျော် ကြာသွားပြီးနောက် သူတို့ ပြန်တွေ့သောအခါ တစ်ဖက်လူ၌ အခြားသားသမီးများရှိနေလိမ့်မည်ဟု သူမ ယုံကြည်သည်။ နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်းကဲ့သို့ အပြင်၌ စွန့်ပစ်ခံရသော ကလေးတစ်ယောက်သည် သူတို့ကျွေးမွေးပြုစုပျိုးထောင်ခဲ့သော ကလေးများလောက် အရေးမပါမည်မှာ အသေအချာပင်။
ရှန်းကျင် သူမအတွက် စိတ်ပူနေသည်ကို ကျင်းယွင်ကျောင်းက အဘယ် မသိဘဲ နေမည်နည်း။ ထို့ကြောင့် သူမ၏ နှလုံးသားလေးကလည်း နွေးထွေးသွား၏။
"စိတ်ချပါ။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
သူမသည် တစ်ကိုယ်ကောင်းဆန်သော လူတစ်ယောက် မဟုတ်ပေ။ ကန်စုန့်ပိုင်ကဲ့သို့သော မိသားစုအပေါ်တွင် သူမသည် အကန့်မထားဘဲ ကောင်းမွန်စွာ ဆက်ဆံပေးသည်။ သို့သော် ချောင်ဝေ့မင်ကဲ့သို့သော လူစားများဆိုပါက... ...
ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ အလင်းတစ်စ ဖြတ်ပြေးသွား၏။ သွေးသားတော်စပ်မှုက မည်မျှပင် အရေးကြီးသည် ဆိုကာမှု လူတစ်ယောက်၏ ခံစားချက်များ၊ စိတ်အခြေအနေများနှင့် ဘယ်တော့မှ မယှဥ်ပြိုင်နိုင်ပေ။
ကျင်းယွင်ကျောင်း သက်တောင့်သက်သာ ရှိနေသည်ကို မြင်မှ ရှန်းကျင်သည် စိတ်သက်သာရာရသွား၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ ရှေ့ရှိ မိန်းကလေးသည် ငယ်ရွယ်သော်လည်း သေချာပေါက်ပင် ကလေးဆန်သော ဆယ်ကျော်သက်များနှင့် မတူကြောင်းကို သူမ မမေ့ချေ။ ကျင်းယွင်ကျောင်း၏ စကားလုံးများသည့် ယုံကြည်မှုအပြည့်ရှိပြီး သူမကို အမြဲတမ်း စိတ်သက်သာရာ ရစေသည်။
"အို...ဟုတ်သားပဲ၊ အန်တီရှန်း၊ ရှင့်ရဲ့အမေရော ဘယ်လိုလဲ။ ကျွန်မ မနက်ဖြန် သူ့ကို သွားတွေ့လို့ ရမလား"
ကျင်းယွင်ကျောင်းက ရုတ်တရက် ထ,မေးလိုက်သည်။
ရှန်းကျင်၏ မိခင်ဖြစ်သူသည် သူမ၏ ခင်ပွန်းအား ဆုံးရှုံးရခြင်းမှ ရရှိခဲ့သည့် အကျိုးသက်ရောက်မှုများကြောင့် စိတ်ကစဥ့်ကလျားဖြစ်နေ၏။ ယခင်ဆေးရုံ၌ သူမသည် ဆေးကုသမှုခံယူခဲ့သော်လည်း ချင်ဇစ်ရွှယ်၏ စရိုက်အရဆိုလျှင် သူမအား အဘယ့်ကြောင့် အပြည့်အဝ ကုသခွင့်ပြုလိမ့်မည်နည်း။ ထို့ကြောင့် သူမ၏ အခြေအနေသည် နှစ်ပေါင်းများစွာ ကုသခဲ့သော်လည်း တိုးတက်မှု မရှိခြင်းပင်။ လက်တွေ့၌ ပို၍ပင် ဆိုးလာသေး၏။
"မင်းက သွားချင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် သူက ငါ့ကိုတောင် မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ဦးလေးကန် သူ့ကို သွားကြည့်ပေးသေးတယ်။ ပြီးတော့ သူက စိတ်ကစဥ့်ကလျားဖြစ်နေတာမို့လို့ ရက်နည်းနည်းနဲ့ ပိုပြီး ကောင်းမလာနိုင်ဘူးလို့ ပြောတယ်။ သူ့အတွက် အကောင်းဆုံး ရွေးခြယ်မှုကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်သက်သာလာပြီးတဲ့နောက်မှာ သူ့ကို ဖြည်းဖြည်းချင်း လမ်းညွှန်ပေးပြီးတော့ အယုံသွင်းဖြောင်းဖျဖို့ပဲတဲ့။ သူ့ရဲ့အခန်းထဲက ပန်းတွေကလည်း စိတ်ငြိမ်အောင် ကူညီပေးနိုင်တယ်တဲ့"
ကျင်းယွင်ကျောင်း၏ ဆေးပညာအရည်အချင်းအပေါ်တွင် ရှန်းကျင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်သည်။
သူမသည် ထိုကိစ္စကို သိပ်မရှင်းသော်လည်း ကျင်းယွင်ကျောင်းသည် ယခင်က သမားတော်များစွာအား အံ့သြထိတ်လန့်စေဖူးခဲ့သည်ကို သူမ,သိသည်။ ထို့အပြင် သူမသည် ဘယ်တော့မှ ချဲ့ကားမပြောတတ်ဘဲ အမြဲတမ််း သူမ ပြောလိုက်သည့်စကားအတိုင်း ဖြစ်အောင် လုပ်လေ့ရှိ၏။ သူမက တစ်ချက်သွားကြည့်ချင်သည်ဟု ပြောရာ ဤအကြည့်တစ်ချက်က ရှန်းကျင်အမေ၏ ရောဂါကို ကုသပေးနိုင်၊ မပေးနိုင်အား မည်သူသိမည်နည်း။
ထို့ကြောင့် ရှန်းကျင်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
တစ်ချက်တည်းမှာပင် သူတို့သည် စားရင်းသောက်ရင်း စကားပြောနေကြ၍ လေထုက ပို၍ လိုက်လျောညီထွေဖြစ်လာ၏။
သို့ရာတွင် သူတို့နှစ်ယောက် စားသောက်ပြီးစီး၍ ပိုက်ဆံရှင်းရန် ဟန်ပြင်လိုက်သောအခါ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှန်းကျင်၏ အရှေ့၌ ပေါ်ထွက်လာ၍ သူမအား အံ့သြတကြီး ကြည့်နေသည်။
"ရှန်းကျင်၊ နင်က ရှန်းကျင် မဟုတ်လား"
သူမ၌ ကောက်ကွေ့သော ဆံနွယ်ရှည်များရှိ၍ ၁၀ စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို စီးထား၏။ လက်ထဲတွင်လည်း တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံးကို ကိုင်ထားပြီး အနီရဲရဲဂါဝန်အတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ပုံစံမှာ သဘောကျစရာကောင်းသော်လည်း ကျင်းယွင်ကျောင်းကမူ သူမ၏ အရှေ့၌ ရမ်းခါနေသော ခပ်ကြီးကြီး ရင်နှစ်မြွှာကိုသာ မြင်နိုင်၏။ ထိုရင်သားများက ခါရမ်းလွန်းလှသဖြင့် ကျင်းယွင်ကျောင်း မူးဝေလာသည်။ ထို့အပြင် သူမ၏ ရေမွှေးနံ့ခပ်ပြင်းပြင်းကလည်း နှာခေါင်းကို ယားယံလာစေသည်။
"နင်က..."
ရှန်းကျင်က အနည်းငယ် ကြောင်အနေပြီး အမျိုးသမီး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လန့်ဖျပ်သွားမိခဲ့လေ၏။