Chapter 205 : အမှတ်မမှားနိုင်
ကံကောင်းချင်၍ ဆိုင်ထဲ၌ ဧည့်သည့်များများစားစား မရှိပေ။ ထို့ကြောင့် အမျိုးသမီး၏ လုပ်ရပ်များက လူများ၏ အာရုံကို များစွာ မဆွဲဆောင်နိုင်ခဲ့။
ကျင်းယွင်ကျောင်းသည် သူမ၏ စိတ်ထဲ၌ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူမသည် ထိုနှစ်ယောက်အား ဂရုတစိုက် အသေးစိတ် ကြည့်ရှုရန်အတွက် မျက်လုံးပင့်လိုက်၏။ လင်မယားနှစ်ယောက်၏ သဘောထားမှာ စိတ်အားထက်သန်လှသည်။ သူမ၏ မျက်လုံးများသည် ငိုကြွေးနေသောကြောင့် နီရဲနေပြီး အမှန်တကယ်ပင် အတော်လေး ရိုးသားပုံပေါ်နေသည်။
သူမသည် အကြီးဆုံးလေးဟု ဆက်တိုက်ခေါ်နေခဲ့ပြီး သူမ၏ အတွေးများက စည်းလွတ်ဝါးလွတ် မဖြစ်ရန်အတွက် ခက်ခဲနေသည်။
တစ်ဖက်လူသည် ခဏကြာမျှ ငိုနေခဲ့ပြီးနောက် သူတို့သည် အခြားလူများ၏ အတွေးများကို စိုးရိမ်ခြင်းမရှိဘဲ သူမတို့၏ ဘေးမှ ခုံများတွင် ဝင်ထိုင်လိုက်သည်။ သူတို့က ကျင်းယွင်ကျောင်းအား ထွက်ပြေးသွားမည် စိုးသည့်အလား စူးစူးနစ်နစ် စိုက်ကြည့်နေပြီး ဂရုတစိုက်ဖြင့် စကားပြောလာသည်။
"အကြီးဆုံးလေး၊ အဲဒီနှစ်တွေတုန်းက ငါတို့ မင်းအပေါ်မှာ မှားခဲ့ကြပါတယ်။ ငါတို့က ထင်ခဲ့တာ၊ မင်...မင်း..."
"ကလေးက အဆင်ပြေတယ်မဟုတ်လား။ ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့"
အမျိုးသားက သူမအား ခပ်မြန်မြန်ပင် တားလိုက်၏။
"ကျေးဇူးပြုပြီးတော့ ရှင်တို့နှစ်ယောက် ဆိုလိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား"
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်သည်။
သူမသည် အတိတ်ဘဝတုန်းက သူမ၏ အထောက်အထားကို ရှာတွေ့ခဲ့သောအခါ သူမ၏ မိဘအရင်းများကို ရှာရန်အတွက်လည်း တွေးခဲ့ဖူး၏။ သို့သော် ထိုအချိန်က သူမသည် ထောင်ကျပြီးဖြစ်သည်။
သို့ရာတွင် သူမသည် အမှန်တကယ်ပင် များများစားစား မမျှော်လင့်ထားပေ။ ဤဟွားနင်ခရိုင်ကဲ့သို့ သေးငယ်သော နေရာမျိုးတွင် သူမ မိဘများ၏အထောက်အထားက မြင့်မြတ်၍ ကြွယ်ဝချမ်းသာသော မိသားစုများမှ ဖြစ်ချင်ရန်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။ ထို့အပြင် သူတို့မိသားစု၏ အခြေအနေသည် အမှန်တကယ်ပင် မဆိုးဝါးပါက သူတို့သည် သူမကို စွန့်ပစ်ခဲ့စရာ အကြောင်းမရှိပေ။
ထို့ကြောင့်ပင် ကျင်းယွင်ကျောင်းသည် သူမအရှေ့ရှိ လူနှစ်ယောက်ကို ကြည့်၍ သူတို့အား တစ်ဝက်တစ်ပျက် ယုံကြည်နေခြင်း ဖြစ်သည်။
"ကလေး၊ မင်းရဲ့ကိုယ်ပေါ်မှာ ကျောက်စိမ်းဆွဲသီးသေးသေးလေးတစ်ခု သေချာပေါက် ရှိတယ် မဟုတ်လား"
ထိုနှစ်ယောက်က အချင်းချင်းကြည့်ပြီးနောက် မေးလာ၏။
ကျင်းယွင်ကျောင်း၏ အကြည့်များက စိတ်ရှုပ်သွားသော်လည်း သူမက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ငါတို့ မမှားဘူးဆိုတာ အသေအချာပဲ။ မင်းက ငါတို့ကလေးဆိုတာ သေချာတယ်။ မင်းရဲ့မျိုးရိုးနာမည်က ကျင်း၊ အဲဒါကို ကျောက်စိမ်းဆွဲသီးပေါ်မှာ ထွင်းထားတယ်။ အဲဒီအချိန်တုန်းက ငါ မင်းကို မွေးတဲ့အချိန်မှာ မင်းရဲ့အဖွားက မင်း မိန်းကလေးဆိုတာကို မြင်သွားပြီး ငါနဲ့မင်းအဖေရဲ့နောက်ကွယ်မှာ တိတ်တိတ်ကလေး စွန့်ပစ်ခဲ့တာ။ ငါ တစ်ရွာလုံး ပတ်ရှာခဲ့ပေမယ့် မင်းကို ရှာမတွေ့ခဲ့ဘူး။ ငါတို့ရဲ့ အကြီးဆုံးသမီးလေး၊ ငါ့ကို အပြစ်မတင်ပါနဲ့ကွယ်။ ဒီကုန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါလည်း မင်းကို သတိရနေခဲ့တာပါ"
အမျိုးသမီးက ရှိုက်ရင်း ပြောလိုက်သည်။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူမ၏ မျက်နှာက တည်ငြိမ်နေသေး၏။
သူမ၏ ဘေးရှိ ရှောင်ဟိုင်ချင်းသည် အလွန်အံ့သြထိတ်လန့်သွားသောကြောင့် ဘာမှမပြောနိုင်ဘဲ သူမ၏ ပါးစပ်ကလည်း အကျယ်ကြီးဟနေကာ ကြက်ဥပင် ပစ်ထည့်၍ ရနိုင်သည်။ ခဏမျှကြာသောအခါ သူမသည် တိတ်ဆိတ်မှုများ ဂရုတစိုက် ဖြိုခွဲလိုက်ပြီး သူမ၏ သူငယ်ချင်းကို ခေါ်လိုက်သည်။
"ယွင်ကျောင်း"
သူတို့က ကျင်းယွင်ကျောင်းရဲ့ မိဘအရင်းတွေလား။
သို့သော် ဘာကြောင့်မှန်း မသိဘဲ သူမ ထူးဆန်းနေသလို ခံစားရ၏။ ပို၍ တိတိကျကျပြောရလျှင် သူမသည် ဤသည်ကို အနည်းငယ် လက်မခံနိုင်ဖြစ်နေသည်။
သေချာပေါက်ပင် သူမသည် သူတို့၏ ဆင်းရဲသောသွင်ပြင်နှင့် အလုပ်ကြမ်းလုပ်ရခြင်းကြောင့် အထင်သေးခြင်းမဟုတ်။ သို့သော် သူတို့သည် အမှန်တကယ်ပင် သူမ၏ သူငယ်ချင်းနှင့် မတူပေ။ သူတို့၏ မျက်လုံးများသာ မဟုတ်ဘဲ သူတို့ကောက်ကြောင်းကပင် မတူပေ။ သူတို့ကြား၌ တူညီသောအရာ မြူမှုန်တစ်မှုန်မျှပင် မရှိ။ တစ်ခုတည်းသော ယုံကြည်ရသည့်အချက်မှာ ကျောက်စိမ်းသာ ဖြစ်သည်။
"ယွင်ကျောင်း၊ နင့်ကိုယ်ပေါ်မှာ ကျောက်စိမ်းတစ်ခုရှိတာကို ချောင်မိသားစုကလည်း သိတယ်လေ"
ရှောင်ဟိုင်ချင်းက ရုတ်တရက် သတိရသွားသဖြင့် သူမကို သတိပေးလိုက်၏။
ရှောင်ဟိုင်ချင်းထံမှ စကားတစ်ခွန်းကြောင့် သူတို့၏ ဘေးရှိ အမျိုးသမီးက ချက်ချင်းပင် စကားထပြောလိုက်သည်။
"မင်းက ငါတို့ကို သူလျိုတွေလို့ သံသယဝင်နေတာလား။ ကျောင်းသူလေး၊ မင်းက ငါတို့ကို ဆိုးဆိုးဝါးဝါး တွေးလွန်းတာပဲ။ အကြီးဆုံးသမီးလေး၊ မင်း ငါတို့ကို တကယ် ယုံကြည်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ နည်းပညာတွေ တိုးတက်နေပြီ မဟုတ်လား။ မိဘအရင်းဟုတ်မဟုတ် စစ်ဆေးကြည့်ကြစို့။ မင်းက ငါ့ရဲ့ကလေးဆိုတာ သေချာတယ်။ ဘယ်လိုလုပ် ငါ ဒီလိုမျိုး အထင်လွဲနိုင်ရတာလဲ"
စကားဝိုင်းက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ ရှောင်ဟိုင်ချင်းလည်း ဘာမှ ထပ်မပြောတော့ပေ။
သို့သော် မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်ကို လုပ်နိုင်ခြင်းသည်က အကောင်းဆုံးပင်။
ကျင်းယွင်ကျောင်းသည်လည်း ဤအကြံဥာဏ်ကို သဘောတူလိုက်သည်။ သူမ၏ နှလုံးသားထဲ၌ ဝိရောဓိဖြစ်နေသော အရှုပ်အထွေးထဲတွင် အချိန်အတော်ကြာ ငြိပါသွားပြန်သည်။
သူမသည် ရံဖန်ရံခါ သူမ၏ မိဘအရင်းများနှင့် ပတ်သတ်သည့် ကိစ္စများကို တွေးနေတတ်၏။ သို့သော် သူမ၌ မည်သည့်မျှော်လင့်ချက်မှ မရှိပေ။ သူမသည် သူတို့နှင့် တွေ့နိုင်လိမ့်မည်ဟုပင် မတွေးခဲ့ဖူး ...။ ယခုအချိန်၌ စိတ်အေးလက်အေး နေချင်တာလား။ မဖြစ်နိုင်ပေ။
"ကလေး၊ အမှားမရှိပါဘူး... ..."
အမျိုးသမီးက နောက်တစ်ကြိမ် ထပ်မံ၍ ပြောလိုက်သော်လည်း အမျိုးသားက စကားဖြတ်ပြောလိုက်သည်။
"ကလေးက ငါတို့နဲ့ တွေ့ရုံပဲရှိသေးတာ။ သူ မြန်မြန်ဆန်ဆန် လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ ဒါဆို ဒီလိုလုပ်ကြစို့၊ ကလေး။ ငါ မင်းကို ဖုန်းနံပါတ်တစ်ခု ပေးခဲ့ပါ့မယ်။ မင်းက ငါ့ကို မင်းနေတဲ့နေရာနဲ့ ဘယ်လိုဆက်သွယ်ရမလဲ ပြောပြပါ။ မင်းရဲ့မွေးစားမိဘတွေကိုလည်း ငါတို့အကြောင်းကို ပြောပြလိုက်ပါဦး။ မနက်ဖြန် မိဘအရင်းဟုတ်မဟုတ် သွားပြီး စစ်ဆေးကြမယ်၊ အဆင်ပြေလား"