Chapter 202 : ငတုံး
ယခင်က သူတို့၏ ဖခင်ဖြစ်သူအား ဤကဲ့သို့ တစ်ခါမှ မမြင်ဖူးသောကြောင့် အဖိုးကန်၏ သားသမီးနှစ်ယောက်သည် ပို၍ပင် မသက်မသာဖြစ်လာကြသည်။ ဤတစ်ကြိမ်အဖြစ်အပျက်သည် သူတို့၏ ဖခင်အပေါ် ကြမ်းတမ်းလွန်းစွာ အကျိုးသက်ရောက်ခဲ့သည်ဟုပင် သူတို့သည် ပို၍ ပြင်းပြင်းထန်ထန် ခံစားလာရ၏။
"အဖေ၊ အရက်တွေအများကြီး မသောက်ပါနဲ့။ ကျွန်မတို့က အဖေ့ကို အားလပ်ရက် အပန်းဖြေခရီးမှာ အဖော်လုပ်ပေးမှာပါ။ အဲဒါက ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ပြီးတော့ အဖေ့ရဲ့စိတ်ခံစားချက်ကိုလည်း သေချာပေါက် တိုးတက်လာစေလိမ့်မယ်"
"အမှန်ပဲ အဖေ၊ အဖေ သောက်ချင်ရင် အနည်းဆုံးတော့ ဆေးဖက်ဝင်ဝိုင်သောက်ပေါ့။ ဒါ့အပြင် ခုနက ကျွန်တော်မြင်လိုက်တာ အဖေ သောက်နေတဲ့ဝိုင်က နာမည်တောင် မကြားဖူးတဲ့ ကုမ္ပဏီတစ်ခုက ထုတ်ကုန်ပဲ။ သူတို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတောင် အောင်ပါ့မလားဆိုတာ သိမှမသိနိုင်ဘဲ။ စကားမစပ်၊ အဖေ အဲဒါကို ဝယ်တာလား၊ ဒါမှမဟုတ် လက်ဆောင်ရတာလား။ ကျွန်တော် သူတို့ကို သင်ခန်းစာသွားပေးလိုက်မယ်"
အဖိုးအို၏ ဒေါသများမှာ ပို၍ပင် ပူလောင်လာပြီး သူ့ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည့် အဆင့်ကိုပင် ရောက်ရှိလာသည်။
ကန်ကျင်းချန်ကိုပင် အရေးတကြီး လှမ်းခေါ်လိုက်ရ၏။ သူသည် သူ့ အဖေနှင့် အဒေါ်တို့၏ အဆုံးသတ်ကို မြင်သောအခါ သူတို့၏ ကံဆိုးမှုကြောင့် နှလုံးသားထဲတွင် ပီတိအဆို့အညှောင့်လေး ပေါက်လာခဲ့သည်။
"အဖေ၊ ဒေါ်လေး၊ ဒီဝိုင်က ကျွန်တော်ရဲ့အတန်းဖော်တစ်ယောက် လုပ်ထားတာပါ"
သူ ရှင်းပြ၍ မဆုံးသေးမီမှာပင် သူ့ အဖေ၏ ဒေါသတကြီး ဟိန်းဟောက်သံက ကြားဖြတ်နှောက်ယှက်လိုက်၏။
"ဘာ...မင်းအတန်းဖော်က ဘာရည်ရွယ်ချက်နဲ့ အငြိုးထားနေတာလဲ။ ကိုယ်တိုင် ဖောက်တဲ့ ဝိုင်ကို ကြုံရာကျပန်း သောက်လို့ ရလို့လား။ မင်းရောပဲ၊ အဖိုးကြီးက နဝေတိမ်တောင် ဖြစ်နေတာကို ဒီလိုမျိုး ဖြစ်အောင်လို့ မင်း သူ့နောက်လိုက်နေတာလား။ မင်းရဲ့ အတန်းဖော်က ဘယ်လိုခေါ်လဲ။ ငါ့ကို သူတို့ဆီခေါ်သွားပေး၊ ဒါမှ ငါ သူတို့ကို ရှင်းရှင်းလင်းလင်း မေးလို့ရမှာ။ သူတို့ ဘာလို့ ဒီလောက်တောင် တုံးအရသလဲဆိုတာ..."
'ဖုံး'
'အဖိုးကြီး' ဟု ပြောလိုက်သောစကားမှ အသံသည် ပဲ့တင်ထပ်သွားပြီး အဖိုးကန်သည် စားပွဲပေါ်မှ ကြုံရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ သူ့ သားဖြစ်သူ၏ နဖူးတည့်တည့်သို့ ထုချလိုက်တော့သည်။
ကျန်ကျင်းချန်၏ နှုတ်ခမ်းများက တွန့်သွားပြီး ပြုံးလိုက်ကာ ကြိတ်၍ အူမြူးနေ၏။
ကျင်းယွင်ကျောင်းသည် သူ့ အဖိုးဖြစ်သူ၏ အဖိုးတန် မွေးစားမြေးမလေး ဖြစ်ပြီး အဖိုးအတွက် မြေးအရင်းထက်ပင် ပို၍ အရေးပါသေးသည်။ သူမအား ငတုံးဟုခေါ်လိုက်ခြင်းက သူ့မိသားစု၏ ချစ်လှစွာသော ဖေဖေသည် သူ့ဒုက္ခသူရှာလိုက်ခြင်းပင်။
"ရှက်စရာကောင်းလိုက်တာ။ မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတယ်။ မင်းက ဘယ်သူ့ကို ငတုံးလို့ ပြောလိုက်တာလဲ။ ဒီဝိုင်က ယွင်ကျောင်း လုပ်ပေးထားတာကွ။ ဒါက အရမ်း အရသာရှိတယ်။ ဒါပေမယ့် နှစ်ပုလင်းပဲ ရှိတာ၊ နှစ်ပုလင်းတည်းကို မင်းတို့အရူးနှစ်ကောင်က တကယ်ကြီး သွန်ပစ်လိုက်တာလား"
အဖိုးကန်သည် ဒေါသထွက်လွန်း၍ သူ့ မုတ်ဆိတ်မွေးများရှိသော မျက်နှာက ကျောက်ရုပ်ကဲ့သို့ တောင့်ခဲလာသည်။ သူသည် ဤအကြောင်းကို ပြန်တွေးတိုင်း နာကျင်နေတော့မည်။
ဤဝိုင်သည် အမှန်တကယ်ပင် ပိုသောက်လေ၊ အရသာ ပိုကောင်းလေ ဖြစ်သည်။ ထို့အပြင် သောက်ပြီးသောအခါတွင်လည်း သူ့ ရင်ဘတ်ထဲ၌ ထပ်မံ၍ မသက်မသာ ခံစားရခြင်းများ မရှိတော့ဘဲ ည၌ ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်၏။ ယခုအခါ ဤကဲ့သို့သော ပစ္စည်းကောင်းသည် အားလုံးပြောင်သွားပြီ ဖြစ်သည်။
သူ့ သားနှင့်သမီးသည် ဤဖွင့်ချချက်ကြောင့် ကြောင်အ,သွားကြ၏။
သေချာပေါက်ပင် သူတို့ ကျင်းယွင်ကျောင်း၏ အကြောင်းကို သိသည်။ လက်တွေ့တွင်လည်း သူတို့သည် ထိုကလေးအား အမှန်တကယ်ပင် နှစ်သက်ကြ၏။
အဖေက ငါတို့ကို တုံးလို့ ငေါက်တာ အံသြစရာမဟုတ်တော့ပါဘူး။
"ဒါဆိုရင် ဒါက ယွင်ကျောင်းဆီက လက်ဆောင်ပေါ့။ ကျွန်တော် နမ်းကြည့်တုန်းက အရမ်းမွှေးနေတာ အံသြစရာ မဟုတ်တော့ပါဘူး။ အဖေ၊ ဒါက ကျွန်တော် မသိလို့ပဲ မဟုတ်လားလို့။ ကျွန်တော် သူ့ကို ပုလင်းနည်းနည်းပို့ပေးဖို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ"
ဦးလေးကန်က ချက်ချင်းပင် အကြံပြုလိုက်သည်။
သူသည် ဝိုင်ကို သွန်နေစဥ်က ၎င်းကို အနံ့ခံကြည့်ခဲ့၏။ သို့သော် သူ၏ အဖိုးကြီးကို ပိုစိတ်ပူနေမိသောကြောင့် မြည်းမကြည့်ခဲ့ပေ။
သူသည် အခြားလူများ ပေးသည့်ပစ္စည်းများကို စိုးရိမ်မိမည်ဖြစ်သော်လည်း ကျင်းယွင်ကျောင်းကမူ သူမ၏ အတိုင်းအတာကို သိသည်။ ထို့အပြင် သူတို့ဖခင်၏ ပြဿနာများ ပြေလည်သွားသည်မှာ အားလုံး သူမ၏ ကျေးဇူးများသာဖြစ်၏။
အဖိုးအိုက ညည်းလိုက်သည်။
"သွားကြ။ ဝိုင်ရမှ ပြန်လာခဲ့။ အဲလိုမှမဟုတ်ရင် တံခါးကိုဖြတ်ပြီး ခြေချဖို့တောင် မစဥ်းစားကြနဲ့"
စင်စစ် ကျင်းယွင်ကျောင်းသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးရာ သူမသည် ဝိုင်ဖောက်ရာ၌ ကျွမ်းကျင်မှု သို့မဟုတ် အတွေ့အကြုံများများ ရှိနိုင်မည်မဟုတ်ပေ။ သူမ၌ ဖောက်ပြီးသား တစ်လုံးမှ မကျန်တော့သည်ပင် ဖြစ်နိုင်သည်။
ဦးလေးကန်က အလျင်အမြန်ပင် သဘောတူသော အသံတစ်ချက်ပြု၍ ကန်ကျင်းချန်အား တံခါးအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့၏။ ထိုအခါမှသာ ကန်ကျင်းချန်ထံမှ သူတို့၏ ဖခင်ဖြစ်သူသည် အရက်သောက်ရသည်ကို မည်မျှကြိုက်ကြောင်း သိရှိသွားကြသည်။
ငိုရမလား ရယ်ရမလားတောင် မသိတော့ပါဘူး။
သူတို့က သူ့ကို အပြစ်ပြုမိသွား၍ မျက်နှာချိုသွေးရန် ကြိုးစားနေ၏။ သူတို့၏ အဖိုးကြီးကို သူတို့သည် ယခင်ကကဲ့သို့ ချော့ချင်နေဆဲပင်။
ကန်မိသားစု၏ သားအဖနှစ်ယောက်သည် ကျင်းယွင်ကျောင်း၏ အိမ်သို့ ချီတက်သွားကြသည်။ သူမက သူတို့လာရသည့် ရည်ရွယ်ချက်ကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူမက သူတို့အတွက် ပုလင်းလေးတစ်လုံး ထုတ်ပေးလိုက်ပြီး ...
"ဦးလေးကန်၊ ဦးလေးလည်း ဒါကို မြည်းကြည့်ပါဦးနော်။ တကယ်လို့ အရသာက ဦးလေး ထင်ထားသလိုဆိုရင် အနာဂတ်မှာ ကျွန်မဆီကနေ ထပ်ပြီး လာယူလို့ရတယ်"
အဖေကန်ကသာ သမားတော်တစ်ယောက်ဖြစ်၍ အမေကန်သည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့သည် များသောအားဖြင့် သူတို့က ဧည့်ခံရသော ဧည့်သည်များ သို့မဟုတ် သူတို့က ပို့ရသော လက်ဆောင်ဟူ၍ ပြတ်သည် မရှိပေ။ သူမ၏ အရက်အရသာမှာ အလွန်ကောင်းမွန်၍ မည်သူကမှ ငြီးငွေ့နိုင်မည်မဟုတ်ပေ။ ယခုအချိန်၌ သူမ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ၎င်း၏ ဂုဏ်သတင်းသာ ဖြစ်သည်။
အမှန်တော့ ကျင်းယွင်ကျောင်းသည် အဖိုးကန်အပြင် အဖိုးရှုကိုလည်း ဝိုင်ပုလင်း အနည်းငယ်ပေးခဲ့၏။ စင်စစ် ဤတစ်ကြိမ် ပြဿနာကို သူလည်း ကူညီဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ ကျင်းယွင်ကျောင်း အခက်အခဲတွေ့နေသည်မှာ သူမ ပြင်ဆင်ထားသော အရက်ကို တုလင်း မြည်းစမ်းကြည့်ရန်အတွက် ယွီထျန်းရှန်းသို့ ပို့ပေးရမည့်အပြင် လီရှောက်ယွင်ကရော ဘယ်လိုလဲ။