Chapter 193 : ယှဥ်ပြိုင်ခြင်း(၁)
ကျင်းယွင်ကျောင်း၏ ရန်စမှုသည် သူတို့ ဘေးရှိ လူအုပ်ကြီးအား မှင်သက်သွားစေ၍ သူမကဲ့သို့သော ကလေးငယ်တစ်ဦးက အမှန်တကယ်ပင် အလွန်ရိုင်းပြရဲသည်အား မယုံကြည်နိုင်ကြပေ။
ဒါရိုက်တာလျို့၏ အရည်အချင်းများသည် ကန်စုန့်ပိုင်နှင့် မယှဥ်နိုင်လျှင်တောင်မှ သူသည် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။
မျက်မှန်နောက်ရှိ သူငယ်အိမ်များက ကျုံ့သွားကြပြီး မခံမရပ်နိုင်နှင့် ခံပြင်းနေမှုက သူ့ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူသည် ဤမိန်းကလေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေသည်အား သိသော်လည်း သူကသာ ဤကိစ္စကို သဘောမတူလိိုက်ပါက သူ့ ဂုဏ်သိက္ခာလည်း များစွာ ကျဆင်းသွားလိမ့်မည်။
သူက အံကြိတ်လိုက်ပြီး ပြန်လည် တိုက်စစ်ဆင်လိုက်၏။
"မင်းက ဘယ်လိုများ ပြိုင်ချင်နေတာလဲ။ ကလေး၊ ဒီမှာတော့ မင်းရဲ့ အစမ်းသပ်ခံဖြစ်လာပေးမယ့် လူနာတစ်ယောက်မှ မရှိဘူးနော်။ အဲဒီအကြောင်းကို စဥ်းတောင် မစဥ်းစားနဲ့"
"ပြိုင်ပွဲတစ်ပွဲမှာ ရောဂါတစ်ခုကို ကုသဖို့ လိုတယ်လို့ ဘယ်သူပြောလဲ။ ဒါရိုက်တာလျို့က ဒီဆေးရုံကို ဦးဆောင်ရမယ်လို့ ထင်ကြေးပေးခံနေရတဲ့ လူတစ်ယောက်ပဲ၊ ဒါဆိုရင် ကျွန်မတို့က ပိုရိုးရှင်းပြီး ပိုအလေ့အကျင့်ဖြစ်တာကို ယှဥ်ပြိုင်ရမှာပေါ့။ ဥပမာ၊ ဆေးပင်တွေ၊ အရှေ့တိုင်းဆေးညွှန်းတွေ ဒါမှမဟုတ်ရင် သင်္ကေတတွေနဲ့ လက္ခဏာတွေဆိုရင်ရော။ ဒါတွေထဲက တစ်ခုခုဆိုရင်တော့ အဆင်ပြေသင့်ပါတယ်"
သူမက တိုက်ရိုက်ပင် အကြံပေးလိုက်သည်။
သူမသည် ဆေးပညာကို စတင်လေ့လာကတည်းက သူမ၏ ဆေးပညာစွမ်းရည်များကို အမြဲတမ်း သိုသိုဝှက်ဝှက်သာ နေခဲ့၏။ သူမသည် ဝိညာဥ်ကျောက်စိမ်းအပိုင်းအနည်းငယ်ကိုသာ စုပ်ယူပြီးစီးထားရာ သူမ၏ ခွန်အားမှာ မလုံလောက်သလို အမြဲ ခံစားခဲ့ရသည်။ ထို့ကြောင့် သူမသည် မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဂရုတစိုက်သာ လုပ်ခဲ့၏။ သို့ရာတွင် တကယ်တမ်း ဆေးပညာနယ်ပယ်နှင့် ပို၍ ထိတွေ့လာလေလေ၊ သူမနှင့်အခြားသူများကြားရှိ စွမ်းရည်ကွာခြားချက်ကို ပို၍ ရှင်းလင်းလာလေလေပင်။
ဘိုးဘေးသည် နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့ပြီး ထိုဝိညာဥ်ကျောက်စိမ်းအပိုင်းများ၌ သူ့သိရှိထားခဲ့သမျှ ဗဟုသုတများအားလုံးကို ပါဝင်ထည့်သွင်းပေးထားခဲ့သည်။ ထို့အပြင် ဘိုးဘေး၏ ဗဟုသုတများက အခြေခံများအားလုံးကို ခြုံမိငုံမှုရှိ၏။ ထို့ကြောင့်ပင် လက်ရှိ၌ သူမသည် ကျောက်စိမ်းအပိုင်းရှစ်ပိုင်းကိုသာ စုပ်ယူပြီးစီးထားလျှင်တောင်မှ အခြားသမားတော်များနှင့် သေချာပေါက် ယှဥ်ပြိုင်နိုင်ပြီဖြစ်သည်။
ဒါရိုက်တာလျို့က လှောင်ရယ်လိုက်၏။ အဆုံးတွင် သူမသည် ကလေးမလေးတစ်ယောက်သာ ဖြစ်နေသေးသည်။ သူမက အခြေခံများသာ သိသည်ဟု သူ ယူဆလိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ။ စကားမစပ်၊ ဒီနေ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဆေးပင်တွေလာပို့တယ်။ သူက ဆေးပင်တစ်ပင်ချင်းစီတိုင်းရဲ့ ဝိသေသလက္ခဏာတွေရဲ့ အရမ်း ရင်းနှီးတယ်။ သူ့ကို အကဲဖြတ်ပေးဖို့အတွက် ဖိတ်ကြစို့။ ဒေါက်တာချန့်နဲ့ ကျန်တဲ့သူတွေကတော့ အလုပ်ဆက်လုပ်ပါ။ သမားတော်ကန်ကတော့ ပွဲကြည့်ပရိတ်သတ်လုပ်ဖို့ ရွေးခြယ်နိုင်ပါတယ်"
ဒါရိုက်တာလျို့က ကိုယ့်ကိုကိုယ် ယုံကြည်မှု အလွန်အမင်း ရှိနေပုံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
'သူက ကလေးတစ်ယောက်ပဲ ရှိသေးတာ။ ဆေးပင်တွေအကြောင်းကို ဘယ်လောက်များများ သိမှာမို့လို့လဲ။ ဆေးပင်တွေရဲ့နာမည်တွေကို အလွတ်ကျက်ထားရုံနဲ့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မယ့် အရာမဟုတ်ဘူး'
သူသည် စကားဆုံးသည်နှင့် ချက်ချင်းပင် လူတစ်ယောက်အား ပြင်ဆင်မှုများ လုပ်ထားရန်အတွက် ခေါ်လိုက်၏။
နာရီဝက်ခန့်ကြာပြီးနောက်တွင် သမားတော်ကန်၏ အခြေအနေမှာ ထူးကဲစွာ တိုးတက်လာသည်။ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။ ထို့ကြောင့် သူသည် ပြိုင်ပွဲနေရာဆီသို့ ကျင်းယွင်ကျောင်းနှင့်အတူ အဖော်ပြု၍ သွားခဲ့သည်။
ဒါရိုက်တာလျို့က စုဝေးခန်းကြီးများထဲမှ တစ်ခုတွင် ပြိုင်ပွဲကို လက်ခံကျင်းပပေးရန် ဆုံးဖြတ်ခဲ့၏။ နံရံတစ်ဖက်သည် လုံးလုံးလျားလျား မှန်များဖြင့် ပြုလုပ်ထားသောကြောင့် အပြင်ဘက်မှ လူများသည် အထဲ၌ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူသည် စည်းမျဥ်းစည်းကမ်းများကို အလေးအနက်ထားပြီး လိုက်နာကြောင်းကို ပေါ်လွင်စေရန်အတွက် ယှဥ်ပြိုင်သည်များအား ကြီးကြပ်ပေးရန် ပင်စင်ယူထားသည့် သမားတော်များကိုပင် ဖိတ်ခေါ်ခဲ့သည်။
"သည် ဒါရိုက်တာလျို့က တွက်လွန်းနေတယ်လို့ မထင်ဘူးလား။ ဒါက ကလေးလေးတစ်ယောက်နဲ့ ပြိုင်ရုံပဲ မဟုတ်ဘူးလား။ သူက ဒီလိုပွဲကြီးကြီး လုပ်ဖို့ လိုလို့လား။ တကယ်လို့ အဆုံးမှာ ဒီကလေးလေးသာ ရှုံးသွားရင် သူ့ရဲ့လှောင်ပြောင်မှုကနေ သေချာပေါက် လွတ်မှာ မဟုတ်ဘူး။ သမားတော်ကန်လည်း သိက္ခာကျလိမ့်မယ်"
အပြင်ဘက်မှ လူတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။
"ရှူး...."
သူတို့ ဘေးရှိလူတစ်ယောက်က သူတို့စကားဆက်မပြောမီတွင် သူတို့အား တိတ်တိတ်နေရန် အလောတကြီး သတိပေးလိုက်သည်။
"ဒါရိုက်တာလျို့ရဲ့လှုံ့ဆော်မှုက ဒီမြေးအဖိုးနှစ်ယောက်ကို ရန်စနေတာ မဟုတ်ဘူး။ ဒါပေမယ့် ကလေးက မဖြေနိုင်ရင် သမားတော်ကန်က ကလေးအတွက် ရှေ့ထွက်လာမှာကို စောင့်နေတာ။ ဒါဆိုရင် သမားတော်ကန်ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်တယ်ဆိုတဲ့ ကျော်ကြားမှုကိုလည်း ချနင်းလို့ ရသွားပြီလေ"
သို့သော် ထိုလူက ဤသို့ပြောလိုက်သည့်အခိုက်တွင် ထိုစကားကို ကြားလိုက်ရသော သူတို့၏ ဘေးရှိ အခြားလူများက ရယ်စရာကောင်းသည်ဟု ထင်လိုက်ကြ၏။ ထိုသမားတော်ကန်၏ အရည်အချင်းမှာ အလွန်ထူးချွန်သည်။ ဒါရိုက်တာလျို့က သူ့အရည်အချင်းကို အခြေခံလျှင်တောင်မှ သူတို့သည် အဆင့်တစ်ခုတည်းတွင် လုံးဝမရှိ။ အကယ်၍ သူက အမှန်တကယ် ဤကိစ္စမျိုးကိုသာ ရည်ရွယ်ချင်သည်ဆိုပါက သူ့ ဉာဏ်ရည်မှာ လူများ အမှန်တကယ် စိုးရိမ်ကြောင့်ကြ,ကြရမည့်အခြေအနေသို့ ရောက်သွားလိမ့်ပေမည်။
ကံဆိုးချင်တော့ ဤအပြင်လူများက သူတို့သည် ဒါရိုက်တာလျို့၏ ရည်ရွယ်ချက်များကို အမှန်တကယ် ခန့်မှန်းလိုက်နိုင်ကြောင်း သတိမထားမိလိုက်ကြပေ။
ဒါရိုက်တာ ရာထူးကို အချိန်တော်တော်ကြာကြာ ရရှိလာပြီးနောက်တွင် သူ၏ ကိုယ်ပိုင်အရည်အချင်းပေါ်တွင် ထားရှိသော ကိုယ့်ကိုကိုယ် ယုံကြည်မှုက ခေါင်မိုးကိုပင် ဖြတ်၍ပင် ထိုးတက်သွားခဲ့သည်။ ထိုအချိန်၌ သမားတော်ကန်သည် ဆေးရုံ၌ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း အခြားသမားတော်များနှင့် ရာထူးအတူတူပင် ရှိနေသေး၍ သူတို့နှင့် ကွာခြားချက်မရှိပေ။ ထို့ကြောင့် ဒါရိုက်တာလျို့က သမားတော်ကန်၏ ဂုဏ်သတင်းမှာ မှန်ကန်မှုမရှိဟု တွေးလိုက်သည်ပင်။
ယခုအချိန်၌ ကြီးမားသော စုဝေးခန်းကြီး၏ အတွင်းထဲ၌ သက်ကြီးရွယ်ကြီး အဖိုးအဖွားအနည်းငယ်သာ ရှိနေ၏။ ၎င်းက ကျင်းယွင်ကျောင်း၏ ငယ်ရွယ်နုနယ်မှုအား ထင်းထွက်နေစေသည်။
တက်ရောက်လာကြသူများက အချိန်အနည်းငယ် စောင့်နေပြီး နောက်ဆုံးတွင်တော့ အကဲဖြတ်ပေးမည့်သူအဖြစ် ဒါရိုက်တာလျို့ ဖိတ်ခေါ်ထားသည့် အလွန်အင်အားကြီးသောပုဂ္ဂိုလ်သည် အထဲသို့ ဝင်ရောက်လာခဲ့၏။