ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၃၃)
မာမီကြီးနှင့်သမီးကိုကြည့်ပြီး ခင်အောက်ကိုပြန်ဆင်းထိုင်နေတုန်း ဒေါ်လေးတို့ပြန်ရောက်လာကာခင့်ကို မျက်မှောင်ကျုံ့၍ကြည့်ကြလေသည်။ ခင်ကမသိသလိုလေးမာန်ချီပြီးထိုင်ကာ ခြေချိတ်ထားလိုက်၏။မာမီကြီးအမွေဖြတ်စွန့်လွှတ်ခဲ့ပေမဲ့ မခေါ်ချင်ရင်သာရမည်။မတော်ချင်လို့ကမရသေးပေ။
"ဘာလာလုပ်တာလဲရူဘီ"
ခင့်ကိုပြန်တွေ့တိုင်း မေးသည့်မေးခွန်းက ဘာလာလုပ်တာလဲဟူသည့်မေးခွန်းတွေကြီးပဲမို့ ခင်နူတ်ခမ်းတစ်ချက်မဲ့ပြလိုက်၏။
"ကိုယ့်အမေအိမ်ကို ပြန်လာလည်တာလေ ဘာဖြစ်လို့လဲ"
"မင်းအမေသိလား၊မင်းရောက်နေတယ်ဆိုတာ"
"သိတယ်...အခုသူ့မြေးနဲ့အိပ်နေလို့ထိုင်စောင့်နေတာ"
ခင့်စကားကိုမယုံသလိုနှင့် ကြည့်နေသည့်ဒေါ်လေးတို့ကြောင့်ခင်စိတ်ဆိုးပေမဲ့ ဘာမှမပြောဘဲမာမီကြီး ဆင်းလာသည်ထိစောင့်နေလိုက်၏။ထို့နောက် အချိန်အတော်ကြာကြာထိစောင့်ပြီးမှ မာမီကြီးကအပေါ်ကနေတစ်ယောက်ထဲဆင်းလာလေသည်။ ခင့်ကိုတစ်ချက်ကြည့်ကာ.. ..
"အပေါ်မှာ ကလေးတစ်ယောက်ထဲအိပ်နေတယ်။ နိုးတဲ့ထိစောင့်ပြီးမှ ခေါ်သွား"
"နိုးတဲ့ထိစောင့်လို့မရဘူးမာမီကြီး။ ဘေဘီ့ဒယ်ဒီပြန်လာရင်ထမင်းခူးကျွေးရဦးမှာ မအားဘူး။တစ်ခါထဲခေါ်သွားလိုက်တော့မယ်"
"သဘောပဲ"
မာမီကြီးမခေါ်စေချင်မှန်း ခင်ရိပ်မိပေမဲ့ တမင်တကာခေါ်ပြီးပြန်လာခဲ့လိုက်၏။ အိပ်ပျော်နေသည့်သမီးကို ချီပြီးဆင်းရသည်မှာမသက်သာလှပေ။
"တက္ကဆီနဲ့လာတာလား၊ တက္ကဆီခေါ်လိုက်လေ"
မာမီကြီးသတိလှမ်းပေးပေမယ့် ခင်ခေါင်းခါလိုက်၏။
"လိုင်းကားစီးပြန်မှာ။ တက္ကဆီခက တစ်လစာလိုင်းကားဖိုးစာလောက်ရှိတယ်။ မတတ်နိုင်လို့"
ခင့်အသံလေးတိမ်ဝင်သွားလျှင် မာမီကြီးက မျက်လုံးတစ်ချက်လှန်ကြည့်လိုက်၏။ ပြီးတော့အိပ်ပျော်နေသည့် မြေးဖြစ်သူကိုလည်းကြည့်ကာ မျက်နှာလွှဲလိုက်လေသည်။
"ကားငှားစီးသွား ကလေးကအိပ်ပျော်နေတာကို လိုင်းကားဘယ်လိုစီးမလဲ။ တစ်သိန်းယူသွား"
တစ်ချိန်က ခင်လက်ဖက်ရည်တစ်ခါသောက်စာတောင်မရှိသည့် ငွေပမာဏနှင့် ကားစီးပြန်ခိုင်းနေသည့်မာမီကြီးကိုကြည့်ကာ ခင်ခေါင်းခါလိုက်သည်။
"နေပါစေ...ခင်ကမာမီကြီးဆီလာလည်ရုံပါ။ မာမီကြီးမြေးကိုလာပြတာပါ။ ကျန်တာဘာမှမမျှော်လင့်ပါဘူး။ ပိုက်ဆံတစ်သိန်းလောက်တော့ ခင့်ယောကျ်ားလည်းရှာနိုင်ပါတယ်။ "
"မင်းကိုငါကအမွှေဖြတ်ထားတာနော်ရူဘီ။ အိမ်ရိပ်အနင်းခံတာကိုပဲကျေးဇူးတင်။ မာနတွေထုတ်မပြနဲ့"
"မာနမဟုတ်ပါဘူး။ မာမီကြီးပေးတဲ့တစ်သိန်းလေယက်ကိုယူပြီး တက္ကဆီစီးပြန်ရင် လိုင်းကားစီးချင်စိတ်ပျောက်သွားမှာစိုးလို့ပါ။ နူတ်ဆက်ပါတယ်မာမီကြီး။ ခင်မကန်တော့တော့ဘူးနော်။ မာမီကြီးမြေးကိုချလိုက်ရင်နိုးသွားမှာစိုးလို့"
"သဘောပဲ...."
ခင်အိမ်ထဲကထွက်တော့ မာမီကြီးကမျက်နှာတည်တည်ဖြင့်တစ်ဖက်ကိုလှည့်နေလေသည်။ တံခါးမှန်ကနေ မာမီကြီးမျင်နှာမကောင်းတာကို ခင်မြင်၏။သို့သော်မသိချင်ယောင်ဆောင်၍သမီးကိုချီပြီးပြန်လာခဲ့လိုက်သည်။ မာမီကြီးပေးသည့်ပိုက်ဆံကိုမယူဘဲ ကိုယ့်ဘာသာပြန်လာပြီးမှ လမ်းကြမှတက္ကဆီငှားစီးလိုက်၏။ ကလေးကိုချီပြီး ခင်လိုင်းကားမတိုးနိုင်ပေ။ မာမီကြီးရှေ့မှာ ခပ်တည်တည်ငြင်းပြီးမှ တက္ကဆီပေါ်ကြမှခင်သက်ပြင်းချလိုက်၏။
တက္ကဆီကို ချစ်လွန်းကို၏အမေအိမ်ရှေ့ထိလိုက်ပို့ခိုင်းဖို့ပြောထားပြီး ကလေးများလွန်းသည့်လမ်းမို့ ကားသမားပြန်ထွက်ရမှာ အဆင်မပြေဖြစ်မှာစိုး၍လမ်းထိပ်ထိသာ ပို့ခိုင်းလိုက်တော့သည်။
သားမိနှစ်ယောက်ကားပေါ်ကဆင်းပြီး လမ်းထဲကိုလျျောက်ဖို့ပြင်တော့ ကားမှတ်တိုင်မှာရန်ဖြစ်နေသည့်ကောင်လေးနှင့်ကောင်မလေးဆီ ခင့်အကြည့်တွေရောက်သွားလေသည်။ ကောင်မလေးက ကောင်လေးကိုရိုက်ပုတ်နေပြီး ကောင်လေးကငြိမ်နေလေသည်။ခေါင်းပါငုံ့နေ၏။ ချက်ချင်းဆိုသလို ချစ်လွန်းကိုအားသတိရပြီး ခင်ပြုံးလိုက်မိ၏။
ဗိုက်ကြီးတကားကားနဲ့ ခင်အိမ်ကထွက်သွားစဥ် ခင့်ဖိနပ်ကိုင်ပြီးတစ်မြို့လုံးအနှံ့လိုက်ရှာခဲ့သည့် ချစ်လွန်းကို၏ပုံရိပ်သည်ခင့်မျက်လုံးထဲမှာ စွဲထင်နေစဲပင်။ကားဂိတ်မှာ မရွံ့မရှာခင့်ခြေဖဝါးကိုသူ့လက်နှင့် ပွတ်သပ်ပြီးဖိနပ်စီးပေးခဲ့သည်မှာ ယနေ့ချိန်ထိခင့်မှာ ရင်ခုန်လို့မဆုံးသေးပေ။ ပြန်တွေးမိတော့ပြန်ကြည်နူးရင်း ပြုံးနေမိသည်။သမီးကိုချီပြီး လမ်းလျှောက်နေတာကိုပင် မောရကောင်းမှန်းမသိတော့ပေ။
ကလေးရှုပ်သည့်လမ်းမှာ သမီးတစ်ဖက်နှင့်ခင်ရှောင်တိမ်းရင်း ကျန်ကျောင်းအိတ်ထုတ်နှစ်ထုတ်နှင့် လာနေသည့်အမျိုးသမီးကို ဝင်တိုက်မိမလိုဖြစ်သွားလေသည်။ ဘေးက ကလေးတစ်ယောက်က ခင့်ကိုပြူးကြောင်ကြောင်ကြည့်ပြီး ဒေါသထွက်သလိုလုပ်ပြ၍ခင် မျက်လုံးပြူးပြလိုက်မိသည်။ တိုက်မိသည့်အမျိုးသမီးက ပြုံးပြုံးလေးနှင့် ခင့်ကိုခေါင်းလေးညိတ်ပြကာ ထွက်သွားပေမဲ့ ဘေးမှာပါလာသည့်စုပ်ချွန်းချွန်းကလေးသေးသေးလေးက လူမိုက်လိုလိုကြည့်သွားလေသည်။
"လူကြည့်တော့ လက်တောက်လောက်နဲ့ ငါ့ကိုဘုကြည့်လာကြည့်နေတယ်ဟွန့်...."
ခင်ပွစိပွစိပြောပြီး ချစ်လွန်းကိုတို့အမေအိမ်ကိုရောက်သည့်အခါ ဝင်ပြီးသမီးကိုချသိပ်လိုက်၏။ အိမ်ထိမချီနိုင်တော့ပေ။ မကြီးက သမီးအတွက်စောင်တွေယူပေးပြီး မသိသလိုပြန်ထွက်သွား၏။ အမေကတော့ သူ့မြေးအနားမှာဝင်လာထိုင်လေသည်။
"ကလေးက အိပ်ပျော်နေတာတဟူးဟူးနဲ့။ ဘယ်လောက်တောင်ပင်ပန်းထားလို့လဲကွယ်"
"သူ့အဖေအလုပ်ကိုလိုက်ပို့ပြီး အပြန်ကို ခင့်မိဘတွေအိမ်ကိုခဏဝင်လိုက်တာအမေ။ ဟိုမှာထ ကထည်းကအိပ်ပျော်နေတာ။ သူ့ဟိုဘက်ကအဖွားက နိူးမှပြန်ခိုင်းပေမဲ့ အမေ့သားပြန်လာရင် ခင်တို့မရှိရင်တမျိုးထင်မှာစိုးလို့။ပြီးတော့ သူ့အတွက်ဘာမှမပြင်ဆင်ရသေးဘူး"
"အလုပ်ဆင်းချိန်တောင်ရောက်နေပြီ။ ပြန်ချက်မနေနဲ့တော့ ကလေးမလေးလည်းပင်ပန်းရောပေါ့။အိမ်မှာပဲ သားအမိတွေစားသောက်ပြီးမှပြန်။ "
"မဟုတ်တာအမေရယ်...."
"ဘာကိုမဟုတ်ရမှာလည်း လူလေးနှစ်ယောက်တစ်ပိုင်းရှိတာ ဒီမှာပဲစားသွား။ မကြီးချက်နေတာကျက်ခါနီးလောက်ပြီ"
"ဟုတ်...ဒါဆိုခင်တို့ဒီမှာပဲစားသွားလိုက်မယ်နော်အမေ။ "
"အေးအေး...သားချစ်လွန်းကိုပြန်လာရင်လည်း အိမ်ရှေ့ကနေထွက်စောင့်နေလိုက်ဦး။ဟိုဘက်အိမ်ကို ကျော်မသွားအောင်"
"ဟုတ်ကဲ့အမေ။ခင်ထွက်စောင့်လိုက်မယ်"
ချစ်လွန်းကိုပြန်လာခါနီးအချိန်ကို ခင်အိမ်ရှေ့မှာ ထွက်ထိုင်ပြီးစောင့်နေလိုက်၏။သမီးကနိုးပြီး သူ့အဒေါ်ကြီးလက်ထဲမှာဆော့နေလေသည်။ ခင်အဖေ့ထိုင်ခုန်မှာထိုင်စောင့်ရင်း လမ်းမကိုငေးကြည့်နေမိသည်။ ခင့်လိုမိန်းမမျိုးက အခုလိုရှုပ်ရှက်ခက်နေသည့်ရပ်ကွက်တစ်ခုမှာ ဘဝကိုတည်ဆောက်နေလိမ့်မည်ဟုဘယ်သူက ထင်ခဲ့မှာလဲ။ အခုတော့ သမီးတစ်ယောက်နှင့်လင်ယောကျ်ားကိုထွက်မျှော်ရသည့်အလုပ်ပါ အဆစ်ရနေပြီဖြစ်သည်။
"မမခင်....ဘာလုပ်နေတာလဲ"
လူကိုမြင်တာနှင့် မျက်နှာရှစ်ခေါက်ချိုးဖြင့်အနားရောက်လာပြီး မေးလိုက်သည့်ချစ်လွန်းကိုကြောင့် ခင်မျက်နှာလေးတည်သွားလေသည်။
"ဘာလုပ်ရမှာလဲ နင့်စောင့်နေတာပေါ့"
"အိမ်ထဲမှာစောင့်လည်း ရရဲ့သားနဲ့။ဘာလို့အိမ်ရှေ့ထွက်နေတာလဲ။ လူတွေဖြတ်သွားဖြတ်လာလုပ်နေတာကို"
"သူတို့ဘာသာသွားတာ ငါထိုင်စောင့်နေတာနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်ဆိုင် မဆိုင်ဆိုင်နောက်ခါလမ်းထွက်မနေနဲ့"
"ချစ်လွန်းကို...."
ခင်စိတ်ဆိုးပြီးအော်တော့ သူကလည်းမျက်နှာရှစ်ခေါက်ချိုးနှင့်ပြန်ကြည့်ကာ....
"မထွက်နဲ့ဆို မထွက်နဲ့။ လူတကာဖြတ်သွားဖြတ်လာလုပ်နေတာ မခင်ကိုကြည့်မသွားဘူးလို့ ပြောရမလား။ကယ်ရီသမား၊ ဆိုက်ကားသမားနဲ့ခြေချင်းလိမ်နေတာကို အိမ်ရှေ့ထွက်ထိုင်ရတယ်လို့။အရှက်အကြောက်မရှိ"
"ဘာပြောတယ်.....ချစ်လွန်းကို"
"ဘာလဲ...."
"အမေက နင်ဟိုဘက်အိမ်ကိုနင်ကျော်သွားမှာစိုးလို့ ငါ့ကိုထွက်စောင့်ခိုင်းနေတာဟဲ့။ တကယ်ထဲမပြောလိုက်ချင်ဘူး"
"အမေတို့ကလည်း တကယ်ပဲ။"
စူပုတ်ပြီးအိမ်ပေါ်တက်သွားသည့် ချစ်လွန်းကိုကိုကြည့်ပြီး ခင်စိတ်မရှည်တာတွေကိုမြိုသိပ်ထားလိုက်ရသည်။ဒါတောင် အိမ်ပေါ်ရောက်သည့်အခါ ချစ်လွန်းကိုက အမေ့ဘေးထိုင်ပြီး ပွစိပွစိပြောနေလေသည်။
"အမေက ဘာလို့မမခင်ကို အိမ်ရှေ့ထွက်ကြိုခိုင်းတာလဲ"
"မင်းဟိုဘက်အိမ်ကျော်သွားမှာစိုးလို့လေ"
"နောက်ခါ မကြိုခိုင်းနဲ့အမေ။ မမခင်ကိုအိမ်ထဲမှာပဲထား။ လမ်းမပေါ်မပြောနဲ့ ခြံထဲတောင်မထိုင်ခိုင်းနဲ့နော်"
"ချစ်လွန်းကို"
ခင်ဝင်ပြီးမာန်တော့ မျက်နှာကတစ်ဖက်လှည့်ပြီး မကြီးလက်ထဲကသမီးကို လှမ်းချီလိုက်လေသည်။ အိမ်ရှေ့ထွက်ထိုင်မိ၍ခင့်ကို ပြောလို့မဆုံးတော့ပေ။
"ဒီလောက်ယောကျ်ားတွေ အရွယ်စုံဖြတ်သွားတာကို ဘာမှမဖြစ်သလိုထိုင်နေရတယ်။ "
"ကလေးတစ်ယောက်ထွက်ပြီးမေတာတောင်ပဲက ပေးချင်နေလားမသိဘူး"
"ပြောရင်မကောင်းရှိတော့မယ်။ အမေကထွက်ကြိုခိုင်းရင်တောင် ဟင့်အင်းတစ်ခွန်းမငြင်းဘူး"
တဖွဖွပြောနေသည့် ချစ်လွန်းကိုအား ခင်ခါးထောက်၍ကြည့်နေသည်။မပြောသေးပေ။ထမင်းစားသောက်ပြီး၍ဟိုဘက်အိမ်သို့ရောက်သည့်အခါကြမှ သူ့လက်ထဲကနေသမီးကိုယူပြီး ပုခက်ထဲထည့်သိပ်လိုက်၏။သူ့ကိုလည်း စကားတစ်ခွန်းမှမပြောဘဲ ခုတင်ပေါ်မှာကျောခိုင်း၍ အိပ်ပြစ်လိုက်သည်။
"မမခင်....အဲ့ဒါဘာလုပ်တာလဲ"
"အိပ်နေတာလေ မမြင်ဘူးလား"
"မြင်တယ်လေ။ မြင်လို့မေးနေတာ။ ဘာလို့ကျောခိုင်းထားတာလဲဒီဘက်ကိုလှည့်"
"မလှည့်ဘူး"
"လှည့်လို့ပြောနေတယ်လေ"
ပခုံးကနေဆွဲလှည့်လိုက်သည့်အခါ ခင်သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားလေသည်။ မျက်မှောင်ကျုံ့ပြီးကြည့်နေသည့်သူ့ကြောင့် ခင်ဆက်ခနဲထထိုင်ကာ ဗိုက်ခေါက်ကိုဆွဲလိမ်ပြစ်လိုက်၏။
"အား....မမခင်"
"ဘာမမခင်လဲ...လူကိုဟိန်းလားဟောက်လားနဲ့။ကလေးများမှတ်နေသလား။မပြောချင်လို့ကြည့်နေတာကို အကောင်းမမှတ်နဲ့။ နောက်ခါအဲ့လိုပြောကြည့်ဗိုက်ခေါက်ပါပျက်မယ်သိလား"
"မမခင်ကလည်း ဒီကောင့်ရင်ထဲဘာဖြစ်နေလဲဆိုတာကြတော့ ကိုယ်ချင်းမစာဘူး"
"ဘာကိုကိုချင်းစာရမှာလဲ"
"ဟုတ်တယ်ကိုယ့်မိန်းမတစ်ယောက်လုံး သူတကာငေးကြည့်သွားနေတာကို ဒီကောင်ကဘယ်လိုခန္ဓီပါရမီနဲ့ သည်းခံရမှာလဲ။ ကိုယ့်မိန်းမကိုယ့်ဘသာတောင် ကြည့်မဝတဲ့ဟာ သူများကငေးနေတယ်လေ"
"မောင်ချစ်လွန်းကို....ကလေးအမေငါ့ကို ဘယ်သူမှမငမ်းဘူး။နင့်ဘာသာတစ်ယောက်ထဲ ဥစ္စခြောက်နေတာ"
"မရဘူး...ခြောက်သင့်ရင်ခြောက်ရမှာပဲ။ပြောပြီးသားနော်နောက်ခါ အိမ်ရှေ့မထွက်နဲ့"
"အေး....နောက်ခါဆိုနင်လည်း ဗိုက်ခေါက်ပြတ်ပြီမှတ်။ ဟွန့်....မပြောလိုက်ချင်ဘူး။သွား....ရေသွားချိုးတော့"
"ဟုတ်...."
ဟုတ်ဆိုပြီးချစ်လွန်းကိုက ပေကပ်ကပ်လုပ်နေလျှင် ခင်မျက်ခုံးတွန့်ကာ.....
"သွားချိုးလေ....မိုးချုပ်နေပြီ"
"အတူချိုးရအောင်...."
"ပေါက်ကရက စပြောတော့မယ်သွား"
"အတူချိုးရအောင်လို့.....မိုးချုပ်နေပြီ"
ချစ်လွန်းကိုကိုကြည့်ပြီး ခင်စိတ်တိုရာကနေရယ်ချင်လာလေသည်။ စညားကတည်းကရေချိုးလျှင်လိုက်စောင့်ပေးရသည့် ချစ်လွန်းကိုကိုခင်တကယ်အံ့သြသည်။ ကြောက်တတ်သည့်နေရာမှာသူ့အပြင်နှစ်ယောက်မရှိပေ။
"ကိုယ့်ဘာသာအရင်သွားချိုးမြန်မြန်... ဒီမယ်ကလေးတစ်ယောက်တစ်လှည့်ကြည့်ရမယ်"
"မမခင်ကလည်း လိုက်ခဲ့ပါဆို။အတူမချိုးလည်း လိုက်စောင့်ပေး"
"ကလေးဘယ်သူကြည့်မလဲ"
"ချီလာခဲ့လိုက်လေနော်... နော်လို့"
"အေးဟယ်....အေး....သွား။လိုက်ခဲ့မယ်"
ခင့်မှာကြောက်တတ်သည့်လင်တော်မောင်ကြောငိ့ သမီးကိုပုခက်ထဲကပြန်ထုတ်ပြီး ရေစည်နားကိုလိုက်စောင့်ပေးရလေသည်။ ဘေးမှာခင်တစ်ယောက်လုံးရှိနေတာကိုပင် ကြောက်နေသေးသည့်ချစ်လွန်းကိုမှာ ရေချိုးမြန်လိုက်တာများ အနောက်ကနေကျားလိုက်လာသလားပင်မှတ်ရလေသည်။
ကြွေဖယောင်း
(လာလိုက် ပျောက်လိုက်ဖြစ်နေတဲ့ ကြွေ့စာတွေကို စိတ်ရှည်ရှည်နဲ့စောင့်ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်သူများအားလုံးကျန်းမာကြပါစေ။ စိန်ရွှေမြနဲ့ချိန်ပါဆို ဝယ်ဖတ်ထားတဲ့စာဖတ်သူလေးတွေလည်း စာအုပ်ကံစမ်းမဲဝင်ပြီး ကံစမ်းကြပါနော်။ pdfဖိုင်ဝယ်ဖတ်ပေးကြတဲ့စာဖတ်သူတွေ အယောက်လေးဆယ်မကဘူးရှိပါတယ်။ ကံကောင်းတာမကောင်းတာထက် ဝင်ပြီးကံစမ်းပေးပါနော်။)