လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
Audio Drama
Announcement

အချပ်ပို (၄)

17.3K 1.9K 263
By Ling____

အချပ်ပို (၄)

ချစ်လှစွာသော.....ဖူးစာရှင်

[T/N - ဒီအခန်းဟာ ဝမ်းခယ့်ရှင်တစ်ဦးတည်းရဲ့ POV ဖြစ်ပါတယ်]


ကျန်းဟူအတွင်းဝယ် လူပေါင်းများစွာ အကြီးအကျယ်ဆူညံပွက်လောရိုက်နေကြလေ သည်။ သို့သော် ကျောက်သလင်းပြာကိုဖွင့်နိုင်သည့်သော့ကို မည်သူကများ အမှန်တကယ် မြင်ဖူးကြပါသနည်း။

ဝမ်းခယ့်ရှင်ကတော့ မြင်ဖူးခဲ့ပါ၏။

မရေမတွက်နိုင်သော အစုလိုက်အပြုံလိုက် သွေးချောင်းစီးလူသတ်ပွဲပေါင်းများစွာကို ဖြစ်ပွားစေခဲ့သည့် 'သော့' ဟူသည့်အရာမှာ အမှန်စင်စစ် အရွယ်အစား တစ်လက်မခန့်ရှိသော ပုစဉ်းရင်ကွဲကောင်၏အတောင်ပံတမျှ ပါးလျလွန်းသော ပစ္စည်းတစ်ခုသာဖြစ်သည်။ လက်ပေါ်တွင်တင်ထားလျှင် တင်ထားမှန်းမသိသာအောင် ပေါ့ပါးလွန်းပြီး မိန်းမပျိုလေးတစ်ဦး၏ နားထင်တစ်ဝိုက်ရှိ ဆံနွယ်များထက်တွင် အလှဆင်ထားသော ထူးခြားဆန်းပြားသော ပုံပန်းသဏ္ဌာန်ရှိသည့် ပုလဲသွယ်အဆင်တန်ဆာတစ်ခုသဖွယ်။

အသက်ဇီဝိန်ခြွေနိုင်သည့် ပုလဲသွယ်အဆင်တန်ဆာတစ်ခုပင်။

ဖုန်းရာတောင်ပေါ်၌ ပြင်းထန်အားကောင်းသောလေပြင်းများကြောင့် ဝမ်းခယ့်ရှင်၏ဝတ်ရုံရှည်မှာ လေထဲ၌ တဖျတ်ဖျတ်လွင့်မျောနေသည်။ သူ့လက်ဖဝါးမှာ အစိမ်းရောင်သန်းနေ၏။ ကြိုးဆွဲတစ္ဆေမှာ ခုနလေးတင် သူ့လက်ဖဝါးပေါ်၌ အသက်ထွက်သွားခဲ့တာဖြစ်ပြီး သူ့အလောင်းမှာ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားပြီး အစအနမကျန်အောင်ပျောက်ဆုံးသွားပြီဖြစ်သည်။ နောက်ပိုင်းတွင် ပို၍များပြားလာသောလူများသည် ထိုနေရာ၌ ပုန်းအောင်းသွားရပေလိမ့်မည်။

သေမျိုးလူသားတွေ ဝင်ချင်တိုင်းဝင်လာလို့မရတဲ့ မကောင်းဆိုးဝါးတစ္ဆေနယ်မြေတဲ့လား။

ကောင်းပြီလေ။ သေမျိုးလူသားတစ်ယောက်ရဲ့အရေကိုခြုံထားတဲ့ ငါက ဒီမကောင်းဆိုးဝါးတစ္ဆေနယ်မြေကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင်လုပ်ပစ်မှာကို မင်းတို့ကြည့်နေလိုက်ကြ။

သူက လက်ဖဝါးကို ဖြေလွှတ်လိုက်သည်။ သေးမျှင်ပါးလျသော သော့တံလေးမှာ သူ့လက်ပေါ်ဝယ် မှုန့်မှုန့်ညက်ညက်ကြေမွသွားပြီး ကျန့်ပေါင်းသောင်းချီ နက်ရှိုင်းသော ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားရှာတော့သည်။

"အားရှန်း....ငါတို့ သွားကြစို့"

သူက ဘေးမှအသာအယာ လက်ပိုက်ကြည့်နေသူတစ်ယောက်အဖြစ်နေရာယူထားခဲ့ပြီး သူ၏ကလေးမလေးကိုခေါ်ဆောင်ကာ ကျန်းဟူအတွင်း သုံးလခန့်နီးပါး လေလွင့်သွားလာနေရင်း အမျိုးမျိုးသောလူပေါင်းစုံတို့ စုဝေးရောက်ရှိလာမည့် အချိန်အခါကို စောင့်ဆိုင်းနေခဲ့လေသည်။ ထိုသုံးလအတွင်း စိမ်းစိုလန်းဆန်းပြီး ထူထပ်အုံ့ဆိုင်းသော ဝါးရုံတောများ၊ အဝါရောင်သဲပင်လယ်တို့ရှိရာ ကန္တာရခရီးကြမ်းများကိုလည်းဖြတ်သန်းသွားလာခဲ့သလို ယန်ချွင်းမြူနှင်းရည်တစ်ငုံကိုလည်း သောက်သုံးခဲ့ဖူးသည်။ ထို့နောက်တွင်လည်း ဆောင်ကြာမြိုင်ရှိ လှပျိုမဒီပေါင်းများစွာ၏ နူးညံ့ဖြူသွယ်သော လက်ချောင်းလှလှလေးများကိုထိတွေ့ခဲ့ဖူးသလို ပန်းသစ်တော်ရနံ့များ သင်းကြိုင်ထုံမွှမ်းနေသည့် မျက်နှာချေမှုန့်ရနံ့များကိုလည်း အပြည့်အဝရှူရှိုက်ခံစားခဲ့ဖူးလေသည်။

ထို့နောက် ကျန်းနန်သို့ရောက်ရှိလာစဉ် နံရံထောင့်တစ်နေရာကိုအမှီပြုကာ နေပူဆာလှုံနေသော သူဖုန်းစားတစ်ယောက်ကို အမှတ်မထင်တွေ့မြင်ခဲ့ရသည်။

သူဖုန်းစားတစ်ယောက်ကိုတွေ့မြင်ရခြင်းမှာ အထူးအဆန်းတော့မဟုတ်ပေ။ ထူးဆန်းသည်မှာ ထိုသူဖုန်းစား၏မျက်ဝန်းများထဲတွင်တွဲလွဲခိုနေကာ မျက်တောင်များပေါ်၌စုစည်းသွားသည့် မှိန်ဖျော့ဖျော့အလင်းရောင်လေးကို လှမ်းမြင်လိုက်ရပြီးနောက် တစ်စုံတစ်ရာက သူ၏နှလုံးသည်းညှာကို တစ်ချက်မျှ ထိုးဆွလိုက်သည့်နှယ်၊ ကြေမွပျက်စီးသွားသောအရှုံးတရားများနှင့်အတူ အစုန်အဆန်လှိုက်တက်လာသည့် ငြိမ်းချမ်းအေးမြသောစိတ်အလျဉ်ကို ခံစားလိုက်ရခြင်းဖြစ်သည်။ မူလကနဦးတွင် ရင်ဘတ်တစ်ခုလုံးအား လေးလံစွာဖိနှိပ်ထားခဲ့သော လွန်လေပြီးသောအခါက ချစ်ခြင်း၊ မုန်းခြင်းခံစားချက်များနှင့် ဘဝတစ်သက်တာမေ့ဖျောက်လို့မရနိုင်သော ကျေးဇူးတရားနှင့် ရန်ငြိုးအာဃာတများမှာ အလိုအလျောက် အနည်းငယ်လျော့ပါးသက်သာသွားသည့်နှယ်။

ဝမ်းခယ့်ရှင်က ရုတ်တရက် နှုတ်မှရေရွတ်လိုက်သည်။

"ငါ့ဘဝတစ်လျှောက်လုံးမှာ အိမ်ခြေရာမဲ့ လူ့ငမွဲတစ်ယောက်သာဖြစ်နေခဲ့ပါတယ်.... သေရည်ကရားအိုးထဲကိုသာ ပြန်သွားပါတော့မယ်..."

"ဘာကြီး"

အားရှန်းမှာ သူ၏ပေါက်တက်ကရစကားများကိုနားမလည်ရှာသော တုံးအနုံချာသည့် ကလေးမလေးတစ်ယောက်သာဖြစ်သည်။ ၎င်းမှာ လူစကားကိုပင် လူနားလည်အောင် ရှင်းရှင်းလင်းလင်း မပြောတတ်မဆိုတတ်ပေ။ အတိတ်က ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များနှင့် လက်ရှိအချိန်ကာလအတွင်းရှိ ရင်နင့်စရာ စိုးရိမ်သောကဗျာပါဒများကို နားလည်ခံစားနိုင်စွမ်းရှိမှာ မဟုတ်တာကတော့ ပြောနေစရာပင်မလိုပေ။ ဝမ်းခယ့်ရှင်က ဘာမျှမတတ်နိုင်သည့်ဟန်ဖြင့် သူ့ကို ပြုံးရုံပြုံးပြလိုက်သည်။

မထင်မှတ်ဘဲ အားရှန်းသည် ပြတင်းပေါက်အပြင်ဘက်သို့ကုန်းကြည့်ကာ အောက်သို့ငုံ့ကြည့်လိုက်ပြီးသော် စူးခနဲအော်ဟစ်လာတော့သည်။

"သခင်...ဟိုလူကိုကြည့်စမ်းပါအုံး၊ သူဖုန်းစားတစ်ယောက်လို့ပြောရအောင်လဲ သူ့အနားမှာ ခွက်အစုတ်လေးတစ်လုံးတလေတောင် ချထားတာမရှိဘူး။ တကယ်လို့ သူဖုန်းစားမဟုတ်ဘူးဆိုရင်လဲ ဘာမှမလုပ်ဘဲ တစ်မနက်လုံး အဲဒီနေရာမှာပဲ ပြုံးစိစိနဲ့ခြေပစ်လက်ပစ်ထိုင်နေတာ။ ကြည့်ရတာ အရူးတစ်ယောက်လားမသိဘူးနော်"

ထိုခဏဝယ် သူ့စိတ်ကူးထဲရှိ အတွေးစများမှာ ကြားဖြတ်နှောင့်ယှက်ခြင်းခံလိုက်ရသောကြောင့် ဝမ်းခယ့်ရှင်မှာ မဆိုစလောက် အမျက်ဒေါသထွက်သွားရလေတော့သည်။ ထိုကလေးမလေးသည် မှန်သားပြင်ကဲ့သို့တည်ငြိမ်ကြည်လင်နေသော ကန်ရေပြင်ထက်သို့ ကျောက်ခဲတစ်လုံးပစ်ချလိုက်သည့်နှယ်၊ ကန်ရေပြင်အတွင်းဝယ် လှိုင်းဂယက်ငယ်လေးများ အရပ်လေးမျက်နှာနေရာအနှံ့ပျံ့နှံ့သွားလေတော့သည်။

သို့သော် သူ့စိတ်ကို ချုပ်တည်းထားလိုက်ပြီး တည်ငြိမ်အေးဆေးစွာ ခွန်းတုံ့ပြန်လိုက်သည်။

"သူက နေပူဆာလှုံနေတာပါ"

အဆိုပါသူဖုန်းစားသည် ထိုစကားကိုကြားသွားဟန်ဖြင့် ခေါင်းမော့ကြည့်လာချိန်ဝယ် သူနှင့် ဖျတ်ခနဲအကြည့်ချင်းဆုံစည်းသွား၏။ သူတို့နှစ်ဦးမှာ စားသောက်ဆိုင်ဝရန်တာပေါ်တွင်ရှိနေပြီး လမ်းမှာကျယ်ဝန်းသလို လမ်းသွားလမ်းလာများ၏စကားသံများမှာလည်း အုန်းအုန်းကျွက်ကျွက်ဖြင့် ဆူညံပွက်လောရိုက်နေလျက်ရှိသည်။ ဒီလိုအကြားအာရုံကောင်းမွန်ပုံမျိုးနဲ့ဆိုရင်.....

ဝမ်းခယ့်ရှင်က ထမင်းစားတူ၏ထိပ်ဖျားကို တစ်ချက်မျှပွတ်သပ်လိုက်သည်။ အစောတုန်းက သူ့စိတ်ထဲ၌ ပျင်းရိပျင်းတွဲဖြစ်နေသောခံစားချက်များမှာ တစမကျန် ပျောက်ကွယ်လွင့်ပါးသွားလေသည်။ သိုင်းပညာက မဆိုးဘူးပဲ။ ကျန်းနန်၏အောက်ခြေတွင် မြေအောက်ရေစီးကြောင်းတစ်ကြောင်းသည်ကား တစ်ဟုန်ထိုးဆန်တက်လာနေပြီး အုတ်အော်သောင်းနင်းဖြစ်ပွားတော့မည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ကြွရောက်လာသူများထဲတွင် ဂိုဏ်းအသီးသီးရှိ နာမည်ဂုဏ်သတင်းကျော်ဇောထင်ရှားသူများမှာလည်း ဒုနှင့်ဒေးပင်__သူကရော ဘယ်လိုလူမျိုးလဲ။

ထိုနေ့ညအခါသာမယတွင် ဝမ်းခယ့်ရှင်သည် အားရှန်းကိုခေါ်ဆောင်ကာ ရှိသမျှနည်းလမ်းပေါင်းစုံကိုစဉ်းစားပြီးသော် ထိုသူဖုန်းစားလေးနောက်သို့လိုက်သွားရန် အကြံထုတ်ခဲ့လေသည်။ မထင်မှတ်ဘဲ လေးဖက်လေးတန် လေမလုံသော ပျက်စီးယိုယွင်းနေသည့် ဘုရားကျောင်းဆောင်ဟောင်းတစ်ခုအတွင်းဝယ် ပွဲကြီးပွဲကောင်းတစ်ပွဲကိုကြည့်ရှုရန် အကြောင်းဖန်လာခဲ့သည်။

လက်ရှိအချိန်၌ သိုင်းလောကတစ်ခွင် ထိုကဲ့သို့အတွေ့အကြုံဗဟုသုတပြည့်ဝသော၊ ထိုကဲ့သို့အရည်အချင်းထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်အကျော်အမော်တို့မှာ လက်နှစ်ဖက်ပင်မပြည့်ပေ__သူကရော ဘယ်တစ်ယောက်များလဲ။ ဝမ်းခယ့်ရှင်သည် ထိုလူကိုသတိကြီးစွာထားလိုသောကြောင့် သူ့နောက်သို့လိုက်လာခဲ့ခြင်းလော၊ သို့တည်းမဟုတ် သည်အတိုင်းစူးစမ်းစပ်စုလိုစိတ်ဖြင့် လိုက်လာခဲ့ခြင်းလောဆိုသည်ကို ထိုစဉ်အခါက သူကိုယ်တိုင်လည်း မပြောတတ်ခဲ့ပါချေ။

အချို့လူများသည် လူအများ၏အထက်တွင် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ နေထိုင်လာခဲ့သည့်အကြောင်းကို ကြွားလုံးထုတ်တတ်ကြသော်လည်း အချိန်ကြာလာသောအခါဝယ် သူတို့မျက်စိကျလောက်အောင် ဆွဲဆောင်အားကောင်းသည့်လူတစ်ယောက်နှင့် ရုတ်တရက် တွေ့ဆုံလိုက်ရသောအခါတွင်မူ အမြဲတစေ မနေနိုင်မထိုင်နိုင်ဖြစ်စွာပင် စေ့စေ့စပ်စပ် စူးစမ်းလေ့လာရန်အလို့ငှာ သူတို့နောက်သို့လိုက်သွားတတ်ကြလေသည်။

ထိုကဲ့သို့နောက်ယောင်ခံလိုက်ခဲ့ခြင်းသည် သူ့ဘဝသက်တမ်းတစ်ဝက်ကျော်မျှ ရုန်းမထွက်နိုင်အောင် ရစ်တွယ်ချည်နှောင်ထားတော့မည့် ထောင်သောင်းမကသော သံယောဇဉ်နှောင်ကြိုးလေးများဖြစ်လာလိမ့်မည်ဆိုတာကိုမူ သတိမထားမိခဲ့ပါချေ။

ထိုလူက ချုံနွယ်ပိတ်ပေါင်းများစွာပြည့်နှက်နေသည့် စုတ်တီးစုတ်ပဲ့ ဘုရားကျောင်းဆောင်ဟောင်းတစ်ခုအတွင်း၌ ငိုဖို့ယိုဖို့လောက်သာလုပ်တတ်သော ကလေးတစ်ယောက်ကို ထိုက်ဟူကိုခေါ်ဆောင်သွားပေးရန်အကြောင်းဖန်လာခဲ့သည်။ ထိုက်ဟူရှိ ချိုးရှန်းဓားသိုင်းပညာရှင် ကျောက်ကျင့်မှာ သူ့ဘဝ၏ နံပါတ်တစ် မဟာရန်သူတော်ကြီးတစ်ယောက်ပင်ဖြစ်သည်။

သူ၏အကြံအစည်ထဲတွင် ပျော်ရွှင်ဝမ်းနည်းဖွယ်ကောင်းသောခံစားချက်ပေါင်းစုံ ရှုပ်ထွေးရောပြွမ်းလို့နေသည်။ သူက ငွေတုံးနှစ်တုံးစာအတွက် မိမိကိုယ်ကို ရောင်းစားခဲ့သော ထိုလူကို ကျီစယ်နောက်ပြောင်ရင်း တစ်နေကုန်တစ်နေခမ်း အတိုက်အခံလုပ်ခဲ့ဖူးသည်။ ရံဖန်ရံခါ ဝမ်းခယ့်ရှင် တွေးတောစဉ်းစားမိသည်။ အကယ်၍ မိမိသည် ကန်ရေပြင်ကို မွှေနှောက်ပြီး ပြဿနာအရှုပ်အထွေးများဖြစ်ပေါ်လာအောင် မဖန်တီးခဲ့ပါလျှင် ကျန်းချန်လင်ဟူသည့်ကောင်လေးမှာလည်း သူ့ဘဝတစ်လျှောက်လုံး ဖခင်ဖြစ်သူ၏ကာကွယ်စောင့်ရှောက်မှုအရိပ်အာဝါသအောက်တွင် လူမသိသူမသိ အေးအေးချမ်းချမ်း အသက်ရှင်နေထိုင်သွားနိုင်မည်မဟုတ်ပါလော။

ကျန်းဟူသားများအဖို့ ကျားတစ်ကောင်ကဲ့သို့ ဖခင်ဖြစ်သူထံတွင် ခွေးတစ်ကောင်ကဲ့သို့ သားတစ်ယောက်ရှိနေသည့်အဖြစ်ကို ကျိန်းသေပေါက် သက်ပြင်းတချချ လုပ်ကြမည်မှန်သော်ငြား ထိုကျားတစ်ကောင်နှင့်တူသောဖခင်ဖြစ်သူက သူ့အနားတွင်ရှိနေဦးမည်ဖြစ်သည်။ အမိအဖစုံလင်သော သူတို့မိသားစုလေးမှာလည်း ငွေရေးကြေးရေး ပူပန်ကြောင့်ကြစရာမလိုဘဲ တင့်တောင်းတင့်တယ် နေထိုင်သွားနိုင်မည် ဖြစ်သည်။ ထိုကောင်လေးမှာ ပိတ်ထားသောတံခါးများနောက်ကွယ်တွင် သူ့ဘာသာသူ တစ်သက်လုံးရှင်သန်နေထိုင်သွားရမည်ဆိုလျှင်တောင်မှ ဘာအရေးလဲ။

ဝမ်းခယ့်ရှင်၏ရင်ဘတ်ထဲတွင် မကောင်းဆိုးဝါးမိစ္ဆာများရှိသလို ရှက်ရွံ့အားနာစိတ်များနှင့် အဆုံးမဲ့အေးခဲတောင့်တင်းနေသောနှလုံးသားတစ်စုံလည်းရှိနေပြန်သည်။ သို့ဖြစ်ရာ သူ၏ခံစားပေါင်းများစွာကိုတည်ငြိမ်အောင်ထိန်းချုပ်ထားရင်း သေသေရှင်ရှင် သူဖုန်းစားလေး အားရွှိအနားမှ ခွာမရအောင် တဝဲလည်လည် တွယ်ကပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုလူ၏နောက်ကြောင်းရာဇဝင်ကို ဝမ်းခယ့်ရှင် ခန့််မှန်းတွက်ဆထားပြီးဖြစ်သည့်တိုင် မည်သို့ပင်ဖြစ်စေ သူ့ကို နားမလည်နိုင်ပါချေ။ ရာထူးဂုဏ်သိန်ကြီးမားသော အခြေအနေအဆင့်အတန်းတွင်ရှိနေသူတစ်ဦးက ရှေ့တိုးရမည့်အချိန်အခါနှင့် နောက်ဆုတ်ရမည့်အချိန်အခါကို မည်သို့မည်ပုံ သဘောပေါက်နားလည်ပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းရှိနေရပါသနည်း။ လေထဲတွင်မျောလွင့်နေသည့် အိပ်မက်ကြီးတစ်ခုသဖွယ် အဆုံးမရှိသော အစုလိုက်အပြုံလိုက်သွေးချောင်းစီးသတ်ဖြတ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတောင်မှ သူ၏နှလုံးသားသည် အဘယ်ကြောင့် မွေးကင်းစကလေးငယ်လေးတစ်ဦးကဲ့သို့ ဖြူစင်သန့်ရှင်းနေရပါသနည်း။

တစ်ကြိမ်ဝယ် သူတို့နှစ်ယောက် မြေအောက်တိုင်းပြည်ထဲသို့ အတူတကွ ရောက်ရှိသွားချိန်၌ ဝမ်းခယ့်ရှင်တစ်ယောက် မနေနိုင်မထိုင်ဖြစ်စွာပင် တစ္ဆေမိစ္ဆာလေး၏ကိုယ်ပေါ်၌ ကျောက်သလင်းပြာအစိတ်အပိုင်းတစ်ခုကို စမ်းသပ်ရှာဖွေနေခိုက် ပျော့ပျောင်းသောအပ်ချောင်းများကို အမှတ်မထင် တွေ့မြင်သွားခဲ့လေသည်။

စာရေးဆရာများက အလှတရားကိုတန်ဖိုးထားကြသည်။ စစ်သည်တော်များက ခွန်အားဗလကိုတန်ဖိုးထားကြသည်__သူကရော ထိုဝိရောဓိဖြစ်နေသော ပြင်ပအရာဝတ္ထုတစ်ခုနှင့် မည်သို့သောပတ်သက်မှုမျိုးရှိနေပါသနည်း။

မျက်နှာတစ်ပြင်လုံး စိမ်းဖန့်ဖန့်ဝါတာတာဖြစ်နေပြီး တစ်စက်လေးမျှ ကြည့်ကောင်းရှုပျော်ရှိမနေသည့်အပြင် နာမကျန်းဖြစ်နေသော သရဲတစ်ကောင်ပုံစံပေါက်နေသည့် အကြင်သူ၏ပုံရိပ်လေးအား ထိုခဏဝယ် သူ၏နူးညံ့ပျော့ပျောင်းသော နုနုနယ်နယ်နှလုံးသားလေးပေါ်တွင် ပြင်းပြင်းထန်ထန် တံဆိပ်ခတ်နှိပ်မိသွားလေတော့သည်။

နောက်ပိုင်းတွင် အဆိပ်ကင်းမြီးကောက်များကပါ အရှုပ်ထုပ်ထဲသို့ ပါဝင်ပတ်သက်လာကြပြန်သည်။ နေရာဒေသအသီးသီးမှရောက်ရှိလာကြသော သူရဲကောင်းများနှင့် သူရဲဘောကြောင်သူများသည်ကား 'မင်း သီချင်းဆိုပြီးရင် ငါ စင်မြင့်ပေါ်ကိုတက်မယ်' ဟူ၍လုပ်နေကြလျက် သေးငယ်သော ဇာတ်ခုံတစ်ခုလုံးအပြည့် ပြည့်သိပ်ကြပ်ညပ်နေတော့သည်။ သူနှင့်အားရွှိက 'ဖြောင့်မတ်မှန်ကန်မှုနှင့် သူတော်ကောင်းတရား' တို့ကို ပါးစပ်ဖျားမှမချသော နာမည်ကျော် သူတော်ကောင်းဂိုဏ်းဂဏများထံသို့ ကျန်းချန်လင်အား ခရီးလမ်းတစ်လျှောက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ လမ်းခုလတ်တွင် ထိုလူက နလပိန်းတုံးကောင်လေးအား သိုင်းပညာသင်ကြားပေးနေသည်ကို တွေ့မြင်ခဲ့ရပြီးသော် တစ်ကြိမ်ဝယ် ဝမ်းခယ့်ရှင်တစ်ယောက် သူ့အရည်အချင်းများကို တစ်ကွက်နှစ်ကွက်ခန့် သရုပ်ဖော်ပြသလိုစိတ်များ တဖွားဖွားပေါက်ဖွားလာတော့သည်။

မထင်မှတ်ဘဲ တော်ရုံတန်ရုံသတိထားမိရန်မလွယ်ကူသော အသွင်သဏ္ဌာန် ပြောင်းလဲထားသည့် သူ၏ဓားသိုင်းကွက်ကိုကြည့်လိုက်ရုံမျှဖြင့် အားရွှိသည် 'ချိုးမင်ဓား' နှင့်ပတ်သက်သည့် သမိုင်းကြောင်းရာဇဝင်ကို လွှတ်ခနဲ ထုတ်ဖော်ပြောဆိုလာခဲ့သည်။

မိုးကောင်းကင်နှင့်မဟာပထဝီမြေထုတို့မှာ ရှင်းလင်းထင်ရှားလှသလို ကျန်းဟူတစ်ခွင်မှာလည်း အပြောကျယ်လှပေ၏။ မည်သူကများ ကြွေလွင့်သွားရှာသောကြယ်တံခွန်များပမာ ကွယ်လွန်သွားပြီဖြစ်သော ကျန်းဟူ၏လေလွင့်ခရီးသည်များကို အမှတ်ရနေပါမည်နည်း။

သူတစ်ယောက်တည်းသာလျှင် အမှတ်ရနေခဲ့သည်။

ထိုတခဏအတွင်းဝယ် မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကို ဇနပုဒ်တဲအိမ်လေးတစ်လုံးသဖွယ် သဘောထားလျက် ဝမ်းခယ့်ရှင်သည် သုံးချီ (သုံးပေ) မျှ ကျယ်ဝန်းသော ကျဉ်းကျဉ်းကျုတ်ကျုတ်နေရာလေးတွင် အခြားလူတစ်ယောက်နှင့်အတူ အေးအေးလူလူထိုင်ချလိုက်ရင်း ဤကမ္ဘာလောကကြီးအတွင်းရှိ လူပေါင်းများစွာ၏စိတ်ထဲတွင် အရေးမပါလှသော သာမညောင်ည ဇနီးမောင်နှံနှစ်ဦးအကြောင်းကို အောက်မေ့တသ သတိရစွာ ပြန်ပြောင်းပြောဆိုနိုင်ခဲ့လေသည်။

သူက ကျီကျီကျာကျာအော်မြည်နေသော အင်းဆက်ပိုးကောင်များ၊ ပုစဉ်းရင်ကွဲကောင်များ၏အော်သံများနှင့် လေတိုးသံများအကြားဝယ် အကြင်သူ၏နူးညံ့ညင်သာသောစကားသံကိုကြားလိုက်ရသည်။

"တကယ်လို့သာ လူတစ်ယောက်ဟာ တစ်သက်လုံးတစ်ယောက်တည်းပဲနေထိုင်မယ်၊ အချိန်တိုင်းနေရာတိုင်းမှာ ကိုယ်ကလွဲရင် တခြားဘယ်သူ့ကိုမဆို သံသယစိတ်နဲ့ သတိထားပြီး ဆက်ဆံမယ်၊ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေဘူး၊ ဘယ်သူ့အပေါ်မှာမှလဲ သံယောဇဉ်မရှိဘူး၊ နာကျင်စရာရှိရင်လဲ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပဲ ကြိတ်မှိတ်ပြီးနာကျင်ခံစားမယ်၊ ဒီလိုသာဆိုရင် သိပ်ကို သနားစရာမကောင်းဘူးလား။ လူဆိုးတစ်ယောက်လုပ်ရတာ.... သိပ်ကိုနာကျင်စရာကောင်းမှာပဲ"

ဝမ်းခယ့်ရှင်သည် ထိုအချိန်၌ တစ်မျိုးတစ်ဖုံသော ဆန္ဒတစ်ခု ဖြစ်တည်ပေါက်ဖွားလာကာ သူ့ဘဝတစ်လျှောက်လုံးရင်ဆိုင်တွေ့ကြုံခဲ့ရသော နာကျင်ခံစားမှုအလုံးစုံကို အိတ်သွန်ဖာမှောက်ရင်ဖွင့်ရင်း သူ့နှလုံးအိမ်ထဲတွင် ပြည့်သိပ်နေသည့် မတရားသဖြင့်နာကြည်းမှုများကို မည်သူမည်ဝါမှန်း သဲသဲကွဲကွဲမသိသေးသော သူ၏စိတ်တူကိုယ်တူ အဖော်မွန်ကောင်းဖြစ်သူကို လှစ်ဟပြသချင်မိသည်။ သို့သော် နောက်ဆုံးတွင်မူ သူ ထိုကဲ့သို့မလုပ်နိုင်ခဲ့ပါချေ။ အမြီးအမောက်မတည့်သော လူနားမလည်သည့် 'ချင်းဟွေ့' ပုံပြင်တစ်ပုဒ်ကိုသာ စကားနှစ်ခွန်းသုံးခွန်းခန့် ရောက်ရာပေါက်ရာလျှောက်ပြောနေလိုက်ရရှာသည်။

သိပ်ကိုနာကျင်စရာကောင်းတာပဲ

သူတွေးလိုက်သည်။

လူဆိုးတစ်ယောက်လုပ်ရတာ သိပ်ကိုနာကျင်စရာကောင်းတာပဲ

အားရွှိရယ်...ခင်ဗျားနဲ့ကျွန်တော် ဘာဖြစ်လို့ ဆယ်နှစ်လောက် စောစောစီးစီး မတွေ့ခဲ့ရတာလဲ။ ဘာဖြစ်လို့ ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံတဲ့အချိန်မှာ ကျွန်တော်က လူမဟုတ်၊ မိစ္ဆာမဟုတ်တဲ့ သတ္တဝါတစ်ကောင်ဖြစ်နေပြီး ခင်ဗျားကတော့ ဒဏ်ရာအပြင်းအထန်ရထားပြီး သေမင်းနှုတ်ခမ်းဝရောက်နေတဲ့ လူတစ်ယောက်ဖြစ်နေရတာလဲ။ ဒီလောကကြီးမှာ အိမ်ဆိုတဲ့နေရာနဲ့ ပျော်ရွှင်မှုဆိုတဲ့အရာတွေဟာ ဘာဖြစ်လို့ အမြဲတမ်းပျက်စီးဆိတ်သုဉ်းသွားရတာလဲ။ ကိုယ်ရဲ့စိတ်တူကိုယ်တူ အဖော်မွန်ကောင်းနဲ့ရော ဘာဖြစ်လို့ အမြဲတမ်း အချိန်နှောင်းမှတွေ့ဆုံရတာလဲ။

သူရဲကောင်းတွေဟာ လမ်းဆုံးကိုရောက်သွားကြလေတယ်။ မိန်းမလှလေးတွေဟာ နောက်ဆုံးမှာ အိုမင်းရင့်ရော်သွားကြလေတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်နှလုံးသားအလိုဆန္ဒကို ဖိနှိပ်ချုပ်တည်းထားပြီး ရှင်သန်နေရမယ်ဆိုရင် ဘယ်လောက်များခက်ခဲလိမ့်မလဲ။

ထိုအချိန်မှ စတင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်သည်။ ဝမ်းခယ့်ရှင်၏နှလုံးအိမ်ထဲတွင် မိစ္ဆာတစ်ကောင်နှင့်တူသော ရူးသွပ်စွဲလမ်းမှုများ ရုတ်ချည်းပေါက်ဖွားရှင်သန်လာခဲ့သည်။ သူ တွေးတောလိုက်သည်။

ဘာဖြစ်လို့ ဒီတစ်ကြိမ်တော့ ငါ့သဘောဆန္ဒအတိုင်းမလုပ်နိုင်ရမှာလဲ။ ဘာဖြစ်လို့ သူ့ကို ငါ့အနားမှာခေါ်မထားနိုင်ရမှာလဲ။

ရုပ်သေးအိမ်တော်အတွင်းဝယ် အကြင်သူ ဒဏ်ရာအပြင်းအထန်ရရှိထားချိန်ကို အခွင့်ကောင်းယူပြီး ဝမ်းခယ့်ရှင်သည် တခဏမျှစိတ်လွတ်ရူးသွပ်သွားလျက် ထိုလူ၏ ချိဟိုင်အပ်စိုက်မှတ်နေရာသို့ လက်ဖြင့်တစ်ချက်မျှဖိနှိပ်လိုက်ချင်မိသည်။ သူ တွေးတောလိုက်သည်။

တစ်ချက်လေးပါပဲ။ နည်းနည်းတော့ နာကျင်ရနိုင်တယ်ဆိုပေမဲ့ ဒီတစ်ချက်လေးပြီးသွားရင် အားရွှိကို ငါ့လက်ထဲမှာ အချိန်အကြာကြီးအကြာကြီး ခေါ်ထားလို့ရသွားမှာ။

သို့သော် တစ်စထက်တစ်စစုပုံလာသော အကြင်နာတရားကင်းမဲ့သည့် ဆုံးဖြတ်ချက်မှာ မဆိုစလောက်စိတ်ပင်ပန်းနွမ်းနယ်နေသည့် အနှီစကားတစ်ခွန်းအောက်တွင် အမြဲလိုလို အရှုံးပေးလိုက်ရရှာသည်။

"တခြားလူတွေနားမလည်ဘူးဆိုရင်တောင် ထားပါတော့၊ ဘာလို့ မင်းကပါ နားမလည်ရတာလဲ"

ကျွန်တော် ဘယ်လိုလုပ်ပြီး နားမလည်ဘဲနေပါ့မလဲ။

သူ့ဘဝတစ်လျှောက်လုံး တွေ့ဆုံကြုံကြိုက်ခဲ့ရသမျှသက်ရှိသတ္တဝါများအားလုံးအနက် အားရွှိတစ်ဦးတည်းကိုသာလျှင် သူ့နှလုံးသည်းညှာ၏အတွင်းအကျဆုံးနေရာ၌ လေးလံပြည့်သိပ်စွာ ထိန်းသိမ်းထားခဲ့ဖူးသည်။ သူ၏အရိုးများကိုတိုက်စားပြီး နှလုံးသားကိုထိုးဖောက်မည်ဆိုလျှင်တောင်မှ အနှီသူဖုန်းစားလေးကို တစ်ကြိမ်ပြီးတစ်ကြိမ် လိုက်လျောခွင့်ပြုခဲ့မှာဖြစ်သလို အကြင်သူ၏စကားအခွန်းတိုင်းကို စိုးစဉ်းမျှ မနာခံဘဲမနေနိုင်ပါချေ။

ဤသည်မှာ လူသားတစ်ယောက်ဖြစ်ခြင်း၏ အရသာပင်ဖြစ်ပေလိမ့်မည်။

ဤသည်မှာ....

မြစ်ကိုဖြတ်ကူးနေသော ငါးကြင်းများကဲ့သို့ တစ်လောကလုံးတွင် မရေမတွက်နိုင်သော ကောက်ကျစ်ယုတ်မာသူများရှိသကဲ့သို့ လုံချွဲ့ကဲ့သို့ အများနှင့်မတူ တမူထူးခြားသူများလည်းရှိကြပေသည်။ ရုပ်သေးအိမ်တော်တွင် နေထိုင်ခဲ့ရသော ထိုတစ်နှစ်တာအချိန်ကာလသည်ကား သူရှင်သန်နေထိုင်ခဲ့ရသည့် အနှစ်သုံးဆယ်အတွင်း အအေးချမ်းဆုံးနှင့်ပျော်ရွှင်ကြည်နူးစရာအကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့လေသည်။

သူ၊ အားရွှိနှင့် ကောင်စုတ်လေး ကျန်းချန်လင်တို့သည် ကြက်သတ်လိုက်၊ အသားကင်လိုက်၊ အမဲဖျက်လိုက်၊ သိုးသားများချက်ပြုတ်လိုက်လုပ်နေရင်း မသန့်စင်သော တောအရက်ကြမ်းတစ်ခွက်ကို မျှဝေသောက်သုံးခဲ့ကြသည်။

ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက်ပိုင်းတွင် လွယ်လင့်တကူအေးစက်သွားတတ်သော အားရွှိ၏လက်ကလေးကို သူ့ရင်ခွင်အတွင်းထည့်သွင်းပြီး အနွေးဓာတ်ပေးနေချိန်ဝယ် မိမိ၏နှလုံးအိမ်မှာလည်း အတူတကွ အရည်ပျော်လုမတတ်ဖြစ်နေကြောင်း သူ ခံစားလိုက်ရသည်။ ဝမ်းခယ့်ရှင်မှာ မထင်မှတ်ဘဲ မိမိသည် မဆိုစလောက် အရက်မူးနေခြင်းဖြစ်လိမ့်မည်ဟုထင်မှတ်ခဲ့သည်။

အားရွှိသည်ကား နှုတ်ကြမ်းသော်လည်း နှလုံးသားမှာ အလွန်တရာနူးညံ့ပျော့ပျောင်းသူ....

အားရွှိသည်ကား လူကြီးတစ်ယောက်ဖြစ်နေသော်လည်း မထင်မှတ်ဘဲ သစ်ကြားသီးကိုမစားရဲသူ....

အားရွှိသည်ကား အကောင်းစားအရက်ပင်ဖြစ်စေ၊ အညံ့စားအရက်ပင်ဖြစ်စေ မည်သည့်အရက်ကိုမဆို ပါးစပ်ထဲသို့လောင်းထည့်တတ်သော အရက်ဂျိုးလေးတစ်ဦး....

အားရွှိသည်ကား......

ဤဘဝတစ်သက်တာတွင် အမှတ်မထင် တွေ့ဆုံကြုံကြိုက်ခဲ့ရသော စိတ်တူကိုယ်တူအဖော်မွန်ကောင်း...အရင်းနှီးဆုံးလူ....သူ ချစ်ခင်စုံမက်ရသူ

သို့သော် နောက်ဆုံး၌ လှပသောအိပ်မက်လေးအတွင်းမှ နိုးထလာခဲ့ရသည်။ ကျန်းဟူတွင် ပဋိပက္ခအရှုပ်အထွေးများစွာဖြစ်ပေါ်နေဆဲဖြစ်သလို သူ့လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဖန်တီးခဲ့သော အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးများမှာ ရပ်တန့်မသွားတော့သလို ချင်းကျူတောင်တန်းပေါ်တွင်လည်း ရုတ်ရုတ်သဲသဲဖြစ်ကာ လေပြင်းမုန်တိုင်းထန်နေသောအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ အဘက်ဘက်မှ ဂိုဏ်းဂဏပေါင်းများစွာ စုရုံးရောက်ရှိနေကြလေပြီ။ သူတို့ကိုဟန်ချက်ညီမျှအောင် ထိန်းချုပ်နိုင်မည့် ကြယ်တံခွန်တစ်လုံးသည်ကား သူ့နေရာသူ ပြန်လည်ရောက်ရှိမလာသေးပါချေ။

တောင်ကြားအရှင်သခင်

သူသည် အပြင်လောကဝယ် စကားအရာတွင် ရွှန်းရွှန်းဝေအောင်ပြောတတ်ဆိုတတ်သည့် နှုတ်သီးကောင်းလျှာပါးသမားလေး လောင်ဝမ်း တစ်ဖြစ်လဲ သွေးများစွန်းထင်းပေကျံနေသည့် အနီရောင်ဝတ်ရုံကိုဆင်မြန်းထားသော တောင်ကြားအရှင်သခင်တစ်ယောက်။ တစ်ယောက်နှင့်တစ်ယောက် လုံးလုံးလျားလျားကို အဆက်အစပ်မရှိသော လူနှစ်ယောက်သည်ကား သွေးပင်လယ်တမျှ နက်ရှိုင်းသော ရန်ငြိုးအာဃာတရားများကြောင့် တူညီသောခန္ဓာကိုယ်တစ်ခုထဲသို့ အတင်းအကျပ် သံမှိုရိုက်သွင်းခံလိုက်ရရှာသည်။ ဒါက ဘယ်လောက်တောင် ထူးဆန်းအံ့ဩဖွယ် ကောင်းလိုက်ပါသလဲ။

သူက နောက်ဆုံးတွင်မူ ပွဲသိမ်းတိုက်ပွဲအတွင်း၌ သူ၏ရန်သူတော်များကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့သည်။ သို့သော် သူ၏ခရမ်းရောင်ကလေးမလေးကိုမူ ဆုံးရှုံးသွားခဲ့ရသည်။

အားရှန်းရယ်...

အားရှန်း...အစ်ကို မင်းအတွက်လက်စားချေပေးပါ့မယ်။ တကယ်လို့ နောက်ဘဝသာရှိမယ်ဆိုရင် မင်းကိုကာကွယ်စောင့်ရှောက်ပေးမဲ့ မိဘတွေရှိတဲ့၊ မင်းကိုချစ်ခင်မြတ်နိုးတန်ဖိုးထားပေးမဲ့ ညီအစ်ကိုမောင်နှမတွေရှိတဲ့ ကောင်းမွန်တဲ့မိသားစုထဲမှာ ပြန်လည်မွေးဖွားလာပါစေ။ အချိန်တန်အရွယ်ရောက်လာတဲ့အခါကျရင် လီ ၁၀ ရှည်လျားတဲ့ အနီရောင်သတို့သမီးအဆင်တန်ဆာတွေနဲ့အတူ မင်းနဲ့ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ ဟိုငတုံးလေး ချောင်ဝေ့နင်နဲ့ ရွှေလက်တွဲပေါင်းဖက်နိုင်ပါစေ။ သူတော်ကောင်းလမ်းနဲ့ မိစ္ဆာလမ်းတွေကြားထဲမှာ အချိန်မတိုင်ခင် ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားရတဲ့ ပိုးဖလံလေးတစ်ကောင်လိုအဖြစ်မျိုးနဲ့ နောက်ထပ် ဘယ်တော့မှ မကြုံတွေ့ရပါစေနဲ့။

ကင်းမြီးကောက်ဂိုဏ်းချုပ်နှင့် တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်နေရချိန်၌ ဝမ်းခယ့်ရှင်၏တစ်ကိုယ်လုံးတွင် သွေးစက်များ၊ ချွေးသီးချွေးပေါက်များဖြင့် ရွှဲရွှဲစိုနေပြီဖြစ်သည်။ သူက ဗလာကျင်းနေသော ကောင်းကင်ယံထက်သို့ လှမ်းမျှော်ကြည့်ရှုလိုက်ရင်း မိမိ၏ကြီးမားသောအမုန်းတရားအာဃာတတို့ကို ပြန်ပြောင်းတွေးတောလိုက်ပြီးသကာလ သူ့ရင်ဘတ်ထဲတွင် မထင်မှတ်ဘဲ စကားလုံးများဖြင့်ဖော်ညွှန်း၍မရနိုင်သော ပင်ပန်းနွမ်းနယ်မှုများကို ခံစားလိုက်ရလေသည်။ သူ တွေးလိုက်သည်။

ငါ့ရဲ့နက်ရှိုင်းတဲ့အမုန်းတရားတွေ ပြေပျောက်သွားပြီ၊ အခုနေ သေရမယ်ဆိုရင်လဲ သေပျော်ပါပြီ...ဒါဖြင့် ငါ...ဒီအတိုင်း ထားလိုက်ရတော့မလား။

သို့သော် သေခြင်းတရားဖြင့် ပြဿနာများကိုအဆုံးသတ်ရန် တစ်ခုတည်းအတွက်ကြောင့်တော့ ထိုလူက သူ့ကို သေခွင့်မပေးခဲ့ပါချေ။

အားရွှိက ပိုင်ရီးဓား၏ရောင်ပြန်နှင့်အတူ တင့်တယ်ခံ့ညားလှပသော အထက်တန်းလွှာအမျိုးကောင်းသားတစ်ဦးသဖွယ် သူ့ရှေ့မှောက်သို့ရောက်ရှိလာချိန်ဝယ် ဝမ်းခယ့်ရှင်၏နှလုံးအိမ်ထဲတွင်ပေါက်ဖွားလာသည့်ခံစားချက်တို့ကို အပြင်လူများ နားလည်အောင် သူကိုယ်တိုင်လည်း ရေရေရာရာရှင်းမပြတတ်ပါချေ။

ဘာဆယ်နှစ်စာအမုန်းတရားတွေလဲ။ ဘာလူမသိသူမသိ နာကျင်ခံစားမှုတွေလဲ။ ဘာကျောက်သလင်းပြာအရေးကိစ္စလဲ။ လျှပ်တစ်ပြက်အတွင်းမှာပင် ထိုအရာများအားလုံးသည် သူ့ဦးနှောက်အနောက်ဘက်ခြမ်းသို့ လွှင့်ပစ်ခံလိုက်ရရှာသည်။ သူ့မျက်စိရှေ့တွင် အနှီသူဖုန်းစားလေးတစ်ယောက်မှလွဲ၍ ကျန်သောအရာများကို မတွေ့မမြင်နိုင်တော့ပါချေ။

ထိုအခိုက်အတန့်လေးဝယ် ဝမ်းခယ့်ရှင်တစ်ယောက် မိန်းမောတွေဝေစွာ စဉ်းစားတွေးတောလိုက်သည်။

သူသာ ငါ့အပေါ်မှာ နည်းနည်းလောက်ပဲဖြစ်ဖြစ် သနားကြင်နာစိတ်လေးရှိနေသရွေ့ ဒီနေ့ကစပြီး သူအသက်ရှင်သန်နေသမျှကာလပတ်လုံး ငါ သူနဲ့အတူလိုက်ပြီး ရှင်သန်မယ်။ တကယ်လို့ သူသေသွားရင် ငါ ကောက်ရိုးပုံတစ်ပုံကိုပွေ့ပိုက်ပြီး ငါ့ကိုယ်ငါ ရေနံဆီလောင်းလို့ မီးရှို့သတ်သေလိုက်မယ်။ သူနဲ့အတူ ပြာမှုန့်တွေအဖြစ် အသွင်ပြောင်းလဲပြီး လာရာလမ်းအတိုင်းပြန်သွားမယ်....

ခင်ဗျားသာ ခွင့်ပြုမယ်ဆိုရင်....ခင်ဗျားသာ ကျွန်တော့်ကို အလိုရှိမယ်ဆိုရင်....

ကျွန်တော် လွန်ကျုးတဲ့ ဆန္ဒလေးတစ်ခုလောက် တောင်းဆိုလို့ရမလား။

ဆံဖြူသွားကျိုးတဲ့အထိ ခင်ဗျားနဲ့အတူ အိုမင်းသွားပါရစေ.....

Continue Reading

You'll Also Like

59.7K 4.1K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
437K 55.2K 148
စိတ်ဓာတ်ပြင်းပြတဲ့လက်ဝှေ့သမားလေး နဲ့ နူးညံ့ဖြူစင်တဲ့ ဘဲလေးကချေသည်ကောင်လေး ကြားက ချစ်စဖွယ် ပုံပြင်လေးတစ်ပုဒ်❣ •Cover photo fully credit to Google.• Th...
106K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...