လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)

18.6K 2K 224
By Ling____

အခန်း ၇၇

ဇာတ်သိမ်းပိုင်း (၃)

ဝမ်းခယ့်ရှင်ခမျာ အခြေအနေမဟန်ရှာဘဲ ဝင်လေထွက်လေမမှန်တော့သည့်ပုံစံမျိုး ပေါက်နေသည့်တိုင် ကင်းမြီးကောက်ဂိုဏ်းချုပ်သည် သူနှင့်နှစ်ကျန့်မျှ ဝေးသောနေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်သည်။ ၎င်းမှာ ထိုနေရာ၌ရပ်နေရင်း မျက်နှာတစ်ပြင်လုံး နှစ်ထောင်းအားရဖြစ်နေသည့်ဟန်ပန်အမူအရာဖြင့် အံ့အားသင့်စွာ စုတ်တသပ်သပ် ပြောလာသည်။

"မထင်ရဘူးပဲ...မထင်ရဘူး"

ဝမ်းခယ့်ရှင်မှာ ဤအခြေအနေမျိုးရောက်နေသည့်တိုင်အောင် ဖျစ်ညှစ်ပြုံးပြလိုက်ရင်း တိုးလျစွာ မေးမြန်းလိုက်၏။

"ဘာကို မထင်ရတာလဲ"

ကင်းမြီးကောက်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်သည်။

"သရဲတောင်ကြားအရှင်သခင်__ဘယ်လောက်ပဲအထင်ကြီးစရာကောင်းကောင်း၊ ဘယ်လောက်ပဲစွမ်းအားကြီးကြီး မထင်မှတ်ဘဲ အခုလို အခြေအနေမျိုး ရောက်လာရတဲ့တစ်နေ့ရှိသေးပါလား။ ဒီကမ္ဘာလောကကြီးရဲ့အရေးကိစ္စတွေကို ဘယ်သူကများ တိတိကျကျပြောနိုင်ပါ့မလဲလေ"

ဝမ်းခယ့်ရှင်က ပင့်သက်တစ်ချက်ရှိုက်ရှူသွင်းလိုက်၏။ ထိုအသက်ရှူသံမှာ သူ့ရင်ဘတ်အထိသာ ဝင်ရောက်သွားပုံရသည်။ သို့ဖြစ်ရာ သူက အလွန်တရာ တိုးတိမ်ဖျော့တော့သောလေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ကင်းမြီးကောက်နောင်တော်...ခင်ဗျားရဲ့ဒီစကားက မဟုတ်သေးဘူးဗျ၊ ကျွန်တော် တောင်ကြားသခင်အဖြစ် ရှစ်နှစ်လုံးလုံးနေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တစ်ရက်တလေလေးတောင်မှ အိပ်ကောင်းခြင်းနဲ့မအိပ်ခဲ့ရဘူး။ အဲဒါက ဘာများ အထင်ကြီးစရာကောင်းနေလို့လဲ"

‌ကင်းမြီးကောက်ဂိုဏ်းချုပ်က စဉ်းစားတွေးတောပြီး ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

"အမှန်ပဲ၊ ဟုတ်တယ်၊ ငါတို့လိုလူမျိုးတွေဟာ သာမန်လူတွေလို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့လူတွေမှမဟုတ်တာပဲ"

ဝမ်းခယ့်ရှင်က အတိုင်းထက်အလွန် ယဉ်ကျေးပျူငှာနေသော ထိုလူကိုကြည့်ကာ ခပ်ဖွဖွပြုံးလျက်ဆိုသည်။

"ကျွန်တော်က မိုးမြေတစ်ခွင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကင်းမြီးကောက်နောင်တော်နဲ့ တန်းမညှိဝံ့ပါဘူးလေ။ ကျွန်တော် ကောင်းကောင်း အိပ်မပျော်ရတဲ့အကြောင်းရင်းက တစ်ယောက်ယောက်က ကျွန်တော့်ကို လာသတ်မှာကို ကြောက်နေရလို့ပါဗျာ၊ အခုတော့....နောက်ဆုံးတော့လဲ ကျွန်တော် နောက်ထပ် ကြောက်နေစရာမလိုတော့ပါဘူး"

ကင်းမြီးကောက်ဂိုဏ်းချုပ်က ခေါင်းညိတ်လျက်ဆို၏။

"ဟုတ်တယ်...မင်းက သေရတော့မှာပဲ၊ ဒီလိုဆိုမှတော့ သေရမှာကို နောက်ထပ်ကြောက်နေစရာမလိုတော့ဘူးပေါ့"

ဝမ်းခယ့်ရှင်က ရုတ်တရက် မေးမြန်းလာသည်။

"လောင်မုန့်__သူ့ကို မင်းသတ်လိုက်တာလား"

ကင်းမြီးကောက်ဂိုဏ်းချုပ်က တစ်ချက်မျှ ရယ်သွမ်းသွေးလိုက်သည်။

"ငါ သူ့ကိုမသတ်ရင် သူ ငါ့ကို လာသတ်တာကို ထိုင်စောင့်နေရမှာလား။ တောင်ကြားသခင်..မင်းရဲ့သစ္စာရှိလှပါတယ်ဆိုတဲ့ ငယ်ကျွန်တော်ကြီးက မင်းကို အသွေးထဲအသားထဲကနေ သေစေချင်နေတာလေ၊ ဘာဖြစ်လို့ သူ့ကို စိတ်ပူပေးနေရသေးတာတုန်း"

ဝမ်းခယ့်ရှင်က အနှီစကားကိုကြားသော် ခေါင်းညိတ်ပြီး ထပ်မံမေးမြန်းလိုက်ပြန်သည်။

"တောင်ကြားထဲမှာ....အသက်ရှင်ကျန်ရစ်တဲ့လူ ဘယ်နှယောက်ရှိသေးလဲ"

ကင်းမြီးကောက်ဂိုဏ်းချုပ်သည်ကား အနှီလူမှာ တကယ့်ကိုပင် အရေးမပါသည့်ကိစ္စများကို စိတ်ပူနေသေးသည်ဟု ခံစားလိုက်ရစေကာမူ သူက ပြန်ဖြေပေးလိုက်သည်။

"ဘယ်နှယောက်အသက်ရှင်ကျန်သေးလဲဆိုတာမျိုးက ပြောနေစရာလိုသေးလိုလား။ ကျောက်မျိုးရိုးက တစ်ဝက်လောက်ကို နှိမ်နင်းခဲ့တယ်၊ ဒဏ်ရာရနေတဲ့ လက်ကျန်စစ်သည်တစ်ဝက်ကတော့ အလိုအလျောက်ကို ငါ့လက်ထဲ ရောက်လာကြတာပဲလေ__မထင်ထားဘူး၊ တောင်ကြားသခင်က ဒီလောက်တောင် စိတ်သဘောထားကြီးမြတ်ပြီး ကြင်နာသနားတတ်တဲ့လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့အချိန်မရှိတော့တာတောင်မှ တောင်ကြားထဲကလူတွေရဲ့ သေရေးရှင်ရေးကို ပူပန်ပေးနေသေးတယ်။ ခေတ်အဆက်ဆက် တောင်ကြားသခင်တွေထဲမှာတော့ မင်းက တကယ့်ကို သစ္စာမေတ္တာတရားအကြီးမားဆုံး အရှင်သခင်တစ်ယောက်ပဲ"

ဝမ်းခယ့်ရှင်က အသံတိတ်ရယ်မောလိုက်သည်။ ထိုအမူအရာမှာ မဆိုစလောက် ထူးဆန်းနေသော်ငြား သူက တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လိုက်သည်။

"ကင်းမြီးကောက်နောင်တော်ရယ်...မကောင်းဆိုးဝါးမိစ္ဆာကောင်တွေဆိုတာ သေမင်းတံခါးဝကိုရောက်နေရင်တောင်မှ မကောင်းဆိုးဝါးမိစ္ဆာကောင်တွေ ဖြစ်နေတုန်းပဲလေ၊ သူတို့ကို လွယ်လွယ်နဲ့တော့ ရင်ဆိုင်လို့ရမှာမဟုတ်ဘူး"

ကင်းမြီးကောက်ဂိုဏ်းချုပ်က စိုးစဉ်းမျှ အလေးမထားဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ငါ့လက်အောက်မှာရှိနေတဲ့ကောင်တွေက အသေခံတပ်သားတွေပဲ။ အယောက် ဘယ်နှဆယ်သေသေ၊ အယောက်ဘယ်နှရာသေသေ အရေးမကြီးဘူး၊ ငါဂရုမစိုက်ဘူး"

ဝမ်းခယ့်ရှင်က မျက်လုံးများကိုမှိတ်၍ ပြောလိုက်သည်။

"ကောင်းပြီလေ...ကင်းမြီးကောက်နောင်တော်...ခင်ဗျားက အတော်လေးကို သတ္တိဗျတ္တိနဲ့ပြည့်စုံပြီး အတော်လေးကိုလက်ရည်မြင့်တဲ့လူတစ်ယောက်ပဲ။ ဒီမျိုးဆက်မှာ ရည်မှန်းချက်ကြီးမားပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်စရာကောင်းတဲ့လူတစ်ယောက်လို့ ခေါ်ဆိုထိုက်ပါပေတယ်....လောင်မုန့်ကတော့...သူနဲ့ပတ်သက်ပြီး သနားစရာအကောင်းဆုံးနေရာကတော့ တခြားမဟုတ်ဘူး၊ လူက သိသိသာသာကြီးကို ကစားပွဲထဲရောက်နေချိန်မှာတောင် သူ့ကိုယ်သူ နယ်ရုပ်ကိုကိုင်ထားတဲ့သူလို့ တစ်ချိန်လုံး ထင်နေခဲ့တာပဲ၊ တော်တော်လေးကို ရယ်စရာကောင်းတယ်မဟုတ်ဘူးလား"

သူက ထိုနောက်ဆုံးစကားများကိုပြောကြားနေချိန်ဝယ် နှုတ်ခမ်းဖျားလေး လှုပ်ရုံသာလှုပ်ခတ်သွားသည်ကို တွေ့မြင်လိုက်ရပြီး ရှင်းရှင်းလင်းလင်း ကြားနိုင်ရန်ခက်ခဲနေသယောင်။ ထိုအခြင်းအရာကိုတွေ့မြင်လိုက်ရသောအခါ ကင်းမြီးကောက်ဂိုဏ်းချုပ်မှာ စိတ်အေးသွားပုံရပြီး အရှေ့သို့အနည်းငယ်တိုးလာကာ သဘောတူထောက်ခံသည့်အနေဖြင့် ပြောဆိုလိုက်သည်။

"ဟုတ်တာပေါ့...တောင်ကြားသခင်က စိတ်သဘောထားကြီးမြတ်တဲ့လူ တစ်ယောက်ပဲလေ__မင်းရဲ့ချိတ်ကောက်ကို ငါ့ကိုပေးစမ်း"

သူက လက်ကိုဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူ့လက်ထဲသို့ လက်နက်တစ်ခု ကမ်းပေးလာသည်။ သူက အပြုံးများကို ချုပ်တည်းထားလိုက်ပြီး သစ်ပင်တစ်ပင်ကိုအမှီပြုထားရင်း လှုပ်ရှားရန်ပင် ခက်ခဲပင်ပန်းနေရှာသော ဝမ်းခယ့်ရှင်ကိုကြည့်ကာ ပြောလိုက်၏။

"သရဲတောင်ကြားအရှင်သခင်လိုလူမျိုးကို ကျွန်တော့်လက်နဲ့ပဲ ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးလိုက်ပါ့မယ်လေ၊ တခြားတစ်ယောက်ရဲ့ လက်ကိုငှားပြီး လုပ်ခိုင်းလိုက်မယ်ဆိုရင် သိပ်ကိုမလေးစားလွန်းရာကျသွားမှာပေါ့"

သူကပြောရင်းဆိုရင်းမှာပင် ချိတ်ကောက်ကို ရင်ဘတ်ရှေ့တွင်ကန့်လန့်ဖြတ်ကိုင်ထားရင်း အရှေ့သို့ဖြည်းဖြည်းချင်းတက်လာကာ အသံကိုနှိမ့်၍ ပြောလိုက်လေသည်။

"တမလွန်ခရီးကိုတော့ ကျေးဇူးပြုပြီး တောင်ကြားသခင်တစ်ယောက်တည်း အရင်သွားနှင့်လိုက်ပါတော့"

စကားဆုံးသည်နှင့် သူက ချိတ်ကောက်ကို ခပ်မြင့်မြင့်မြှောက်ကိုင်လိုက်၏။ ဝမ်းခယ့်ရှင်က မျက်လုံးများကိုပြူးကျယ်ထားရင်း သူ့ကိုတည်ငြိမ်စွာလှမ်းကြည့်နေသည်။ ပိန်းပိတ်အောင်မည်းနက်နေသော မဟူရာမျက်ဝန်းတစ်စုံထဲတွင် ရေသေအိုင်တစ်အိုင်ရှိနေသယောင်။ သေရမည့်လူမှာ သူမဟုတ်သည့်အတိုင်းပင်။

ရုတ်တရက် ကင်းမြီးကောက်ဂိုဏ်းချုပ်မှာ သူ့ဘေးနားသို့ လေပြင်းတစ်ချက် ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။ လူသတ်မည့်အငွေ့အသက်များ အတိုင်းထက်အလွန် သိသာထင်ရှားနေလျက်။ ၎င်းမှာ အနှီလူသတ်မည့် အရှိန်အဝါတို့ကြောင့် စိတ်လှုပ်ရှားသွားပြီး ကြက်သီးမွေးညင်းများပင် ထောင်ထသွားရှာတော့သည်။ သူက တစ်ချက်မျှ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးသော် ချိတ်ကောက်ကိုမြင့်သထက်မြင့်အောင်မြှောက်ကိုင်၍ ကာဆီးဟန့်တားလိုက်သည်။ ရောက်လာသူမှာ အဆိပ်ကင်းမြီးကောက်တစ်ယောက်ကဲ့သို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် မျက်နှာဖုံးတပ်မထားပေ၊ သူ့လက်ထဲတွင် ဓားပျော့တစ်ချောင်းကိုကိုင်ဆောင်ထားလျက် သူက ချိတ်ကောက်ကိုရှောင်ရှားလိုက်ပြီး ခြေချောင်းရိုးများပေါ်တွင် တွယ်ကပ်နေသောလောက်ကောင်များသဖွယ် ဓားပျော့ဖြင့် ကင်းမြီးကောက်ဂိုဏ်းချုပ်၏လက်မောင်းကို မြဲမြံစွာရစ်ပတ်ထားလိုက်လေသည်__ ကင်းမြီးကောက်ဂိုဏ်းချုပ်ခမျာ ငယ်သံပါအောင်အော်ဟစ်လိုက်၏။ ဓားပျော့ဖြင့် ရစ်ပတ်ခံလိုက်ရသော သူ့လက်မောင်းတစ်ဖက်မှာ အပေါ်သို့လည်တက်သွားပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ အကြမ်းပတမ်းပြုတ်ထွက်သွားရှာတော့သည်။

ကင်းမြီးကောက်ဂိုဏ်းချုပ်၏အနောက်တွင်ရှိနေကြသော အဆိပ်ကင်းမြီးကောက်များသည်ကား ထိုအခြင်းအရာကိုတွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကောင်းစွာလေ့ကျင့်ထားသူများပီပီ မဆိုင်းမတွပင် အရှေ့သို့ ချီတက်လာကြလေသည်။ ထို့နောက်တွင်မူ တချွင်ချွင်တချွမ်ချွမ်အသံမျိုးစုံကိုသာ ကြားလိုက်ရပြီး မျက်စိရှေ့တွင်ပြိုးပြိုးပြက်ပြက်ဖြစ်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်မှုန့်များမှာ အနည်ထိုင်သွားရှာသည်။ မတ်တပ်ရပ်နေသူတစ်ယောက်နှင့် အောက်တွင် အတုန်းအရုန်းလဲကျနေသူများ။ လဲကျနေသူတိုင်းမှာ အသက်ရှင်နေသေးသည်ဖြစ်စေ၊ အသက်ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်စေ လက်နက်များကိုင်ဆောင်ထားကြသော သူတို့၏လက်မောင်းတစ်ဖက်မှာ ပြတ်ထွက်သွားကြပြီဖြစ်သည်။

ဝမ်းခယ့်ရှင်က ရောက်လာသူကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်လိုက်ရသော်ငြား ရုတ်တရက် သက်ပြင်းချလိုက်ရင်း တိုးလျစွာပြောလာသည်။

"အရူးလေး...ဘာလာလုပ်တာလဲ"

ကျိုးကျစ်ရှူးက မျက်ဝန်းထောင့်စွန်းမှနေ၍ သူ့ကိုစွေခနဲလှမ်းကြည့်လိုက်ပြီး အေးတိအေးစက်ပြုံးလျက် ပြောလိုက်သည်။

"မင်းရဲ့အလောင်းကို လာကောက်တာလေ အရူးလေးရဲ့"

နတ်ဆေးဆရာလေး၏ဆေးဝါးများက ကျိုးကျစ်ရှူး၏ကိုယ်ပေါ်ရှိ 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' ဒဏ်ရာဝေဒနာကို ဖိနှိပ်ထိန်းချုပ်ထားသည့်အတွက် ယခုအချိန်၌ ကျိုးကျစ်ရှူးသည် သူ၏သိုင်းပညာစွမ်းရည်များကို အထွတ်အထိပ်အချိန်ကာလတွင် ရှိခဲ့စဉ်တုန်းကအတိုင်း ၉၀ ရာခိုင်နှုန်းခန့်ပြန်လည်ရရှိသွားပြီဖြစ်သည်။ သူတစ်ယောက်တည်း ပေါ်ပေါ်တင်တင်တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ကင်းမြီးကောက်ဂိုဏ်းချုပ်မှာ သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူ ခုနလေးတင်ပြုလုပ်ခဲ့သည့် အလစ်အငိုက်တိုက်ခိုက်မှုဟုပြောလို့ရနိုင်သော တိုက်ကွက်မျိုးသာဆိုပါက ဆိုဖွယ်ရာမရှိပါချေ။

သူက ကင်းမြီးကောက်ဂိုဏ်းချုပ်ကိုလှည့်ကြည့်လိုက်သည်။ သူ၏ပိုင်ရီးဓားဖျားမှာ အောက်ဘက်သို့ အနည်းငယ်စိုက်ကျနေ၏။ သူက မဆိုစလောက် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

"မင်းက ငါ့လူကိုထိရဲတယ်ပေါ့လေ"

ဝမ်းခယ့်ရှင်မှာ သူ့မျက်စိရှေ့ဝယ် ပိတ်ဆို့ကာဆီးထားသော နောက်ကျောပြင်လေးကို ငူငူငိုင်ငိုင်ငေးကြည့်နေမိသည်။ မြေကြီးပေါ်၌တွဲလောင်းကျနေသော သူ့လက်ချောင်းလေးများမှာ မဆိုစလောက် အတုန်တုန်အယင်ယင်ဖြစ်လာတော့သည်။

ကင်းမြီးကောက်ဂိုဏ်းချုပ်မှာ အသည်းခိုက်အောင်နာကျင်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့်တိုင်အောင် ဖျစ်ညှစ်ပြုံးပြလိုက်ပြီး ခဲရာခဲဆစ်စကားဆိုလိုက်သည်။

"အာ...နောင်တော်ကျိုးပါလား...ခင်ဗျားကြွရောက်လာတာက ကျွန်တော်တို့အတွက် ဂုဏ်ကျက်သရေအဖြာဖြာနဲ့ပြည့်စုံသွားစေမှန်းမသိလိုက်လို့ပါ၊ ကျွန်တော့်ရဲ့အမှားပါဗျာ"

သူက သွေးပျက်ချောက်ချားစွာဖြင့် ထိုလူနှစ်ယောက်ကိုဖျတ်ခနဲလှမ်းကြည့်လိုက်ပြီးသော် လက်ဝှေ့ယမ်းပြလိုက်၏။

"အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ရောက်လာပြီဆိုမှတော့ ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်လို့မဖြစ်ချေဘူး၊ စိမ်းလန်းတဲ့တောင်တန်းတွေဟာ မပြောင်းလဲသလို စိမ်းလဲ့တဲ့ရေအလျဉ်ဟာလဲ အမြဲထာဝရစီးဆင်းနေအုံးမှာပါ__ ဆုတ်ကြ"

အသက်ရှင်နေသေးသည့် အချို့သောအဆိပ်ကင်းမြီးကောက်များမှာ အလူးအလဲ ကုန်းရုန်းထလာကြပြီး ကင်းမြီးကောက်ဂိုဏ်းချုပ်နောက်သို့ လျင်မြန်စွာ ထွက်ပြေးသွားကြလေတော့သည်။ ကျိုးကျစ်ရှူးက သူတို့နောက်သို့ လုံးဝလိုက်မသွားတော့ဘဲ ဝမ်းခယ့်ရှင်ကိုသာလျှင် နောက်ပြန်လှည့်ကြည့်လိုက်သည်။

ဝမ်းခယ့်ရှင်၏မျက်လုံးများမှာ ဖျတ်ခနဲလက်သွားသော်ငြား သူ့ကို ပြုံးရုံပြုံးပြလိုက်၏။

"ခင်ဗျား သတိထားဖို့လို...."

သူ့စကားမဆုံးခင်မှာပင် ကျိုးကျစ်ရှူး၏အကြည့်များမှာ စုစည်းသွားသည်။ သူက ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်သောအခါ လက်ထဲရှိ ပိုင်ရီးဓားမှာ တင့်တယ်လှပသော ဓားသိုင်းကွက်များအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် တစ်ခုခုနှင့် ထိရိုက်မိသွားဟန်ဖြင့် 'ဒင်' ဟု မြည်သံတစ်ချက် ထွက်ပေါ်လာပြီးနောက်တွင်မူ အနောက်ဘက်ရှိ သစ်တောအတွင်းမှ ခပ်အုပ်အုပ် ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးကျစ်ရှူးက ခေါင်းယမ်းလျက် သက်ပြင်းချလိုက်သည်။

"တူညီတဲ့အကွက်တစ်မျိုးတည်းကို တူညီတဲ့လူတစ်ယောက်တည်းအပေါ်မှာ နှစ်ခါတောင်ပြန်သုံးတယ်။ ဒီအဆိပ်ကင်းမြီးကောက်တွေဟာ တကယ်တမ်း *ပုဆိန် ၃ ကွက် လောက်ပဲ လုပ်တတ်တာလား။ ဒီတစ်ကွက်တည်းနဲ့တော့ လေးရာသီစံအိမ်နဲ့ ဘယ်လိုလုပ်ပြီး လက်ရည်ချင်းယှဉ်လို့ရမှာတဲ့လဲ"

(T/N *ပုဆိန် ၃ ကွက် - ရှေးခေတ်ဝတ္ထုထဲက 'ချန်ယောင်ကျင်း' ဆိုတဲ့ဇာတ်ကောင်ဟာ ရန်သူတွေနဲ့တိုက်ခိုက်တိုင်း သူ့ရဲ့ပုဆိန်တစ်လက်တည်းကိုအသုံးပြုပြီး တိုက်ခိုက်ပါတယ်။ တိုက်တဲ့သိုင်းကွက်ကလဲ သုံးကွက်ပဲရှိပါတယ်။ အဲဒီ ၃ ကွက်နဲ့ပဲ ရန်သူပေါင်းများစွာကို အနိုင်ယူခဲ့ပါသတဲ့။ နောက်ပိုင်းကာလရွေ့လျောလာတဲ့အခါမှာတော့ နောက်မျိုးဆက်သစ်တွေဟာ 'ပုဆိန် ၃ ကွက်' ဆိုတဲ့စကားလုံးကို 'ဒီအကွက်ပဲ သုံးတတ်တယ်' ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပြောဆိုလာကြပါတယ်)

ဝမ်းခယ့်ရှင်က သူ့ကို တဒင်္ဂမျှ တွေဝေမိန်းမောစွာငေးကြည့်နေပြီးနောက် ပြုံးလိုက်သည်။ သူက ရုတ်တရက် လက်တစ်ဖက်ကိုဆန့်တန်းကာ လေထုထဲသို့ ဖမ်းဆုပ်ဟန် ပြုလိုက်သည်။

ကျိုးကျစ်ရှူးက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။

"မင်း ဘာလုပ်နေတာလဲ"

ဝမ်းခယ့်ရှင်က တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ခင်ဗျားကိုယ်ပေါ်မှာ.......အလင်းရောင်လေးရှိနေတယ်၊ ကျွန်တော် ဖမ်းဆုပ်ကြည့်ပါရစေ"

ကျိုးကျစ်ရှူးက အနည်းငယ်မျက်ခုံးပင့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့၌ ပိုက်ယှက်ထားရင်း သစ်ပင်ကြီးတစ်ပင်၏ပင်စည်ကို အမှီပြုလိုက်ပြီးသော် ရုတ်တရက် မေးမြန်းလိုက်သည်။

"တကယ်တော့...ဘာကြိုးဆွဲတစ္ဆေ ရွှဲဖန်းဆိုတဲ့လူမှ ရှိမနေဘူးမဟုတ်လား"

ဝမ်းခယ့်ရှင်က ပြုံးယောင်သန်းလာ၏။ သူက သူ့လက်ချောင်းလေးများကို စွဲလမ်းမက်မောစွာကြည့်ရှုလိုက်ပြီးသော် မဆိုစလောက်ဖြေလျှော့လိုက်သည်။ သူ၏ဟာလာဟင်းလင်းဖြစ်နေသော လက်ဖဝါးထဲမှ တစ်စုံတစ်ခု ယိုစိမ့်ထွက်ကျသွားသည့်အလား။ သူ့စကားသံမှာ ယခင်အတိုင်း အလွန်တရာ တိုးတိမ်ဖျော့တော့နေဆဲဖြစ်ကာ သူ၏အသက်ရှူသံများမှာ အချိန်မရွေး ပြတ်တောက်သွားနိုင်သည့် ပင့်ကူကြိုးမျှင်လေးသဖွယ်။

"ခင်ဗျားသဘောပေါက်သွားပြီပေါ့"

"ဒါဖြင့် သော့အစစ်ကရော"

"ကျိုးသွားပြီ၊ ကျွန်တော်တောင်ထိပ်ကနေ အောက်ကိုပစ်ချလိုက်ပြီ"

ဝမ်းခယ့်ရှင်က မျက်လုံးများကိုမှေးကျဉ်းကာ လေးတိလေးကန်ပြောလာသည်။

ကျိုးကျစ်ရှူးက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ငိုရခက်ရယ်ရခက်ဖြစ်သွားရှာ၏__ သော့မရှိတော့ပါက ကျောက်သလင်းပြာသည်လည်း အချည်းနှီးဖြစ်သွားရှာလေပြီ။ ဖုန်းရာတောင်ပေါ်တွင် သူသေကိုယ်သေတိုက်ခိုက်နေကြသူတိုင်းမှာ နောက်ဆုံး၌ တစ်ယောက်မကျန်သေဆုံးပြီး အလောင်းကောင်များဖြစ်သွားလျှင်တောင်မှ သူတို့ အသည်းအသန်တိုက်ခိုက်လုယက်နေကြသောအရာမှာ အမှန်စင်စစ် အသုံးမဝင်သည့် အမှိုက်တစ်ပုံသာဖြစ်နေကြောင်း သိသွားကြလိမ့်မည် မဟုတ်ပါချေ။

ဝမ်းခယ့်ရှင်က တိုးညင်းစွာ စကားဆက်လာသည်။

"ကျွန်တော် အနှစ်သုံးဆယ်လောက်အချိန်ကိုသုံးပြီး စွင်းတင်ဆိုတဲ့ကောင်ကို တိတ်တိတ်လေး ပြုစုပျိုးထောင်လာခဲ့ရတာ။ မဟုတ်လို့ကတော့ နံရံပေါ်မှာ မကပ်နိုင်တဲ့ ရွှံ့စေးလိုမျိုး သုံးစားမရတဲ့ ငတုံးတစ်ကောင်က ဘယ်လိုလုပ်ပြီး မတည်မြဲတစ္ဆေနဲ့ ကြိုးဆွဲတစ္ဆေတို့ရဲ့ လက်ရည်တူပြိုင်ဘက်ဖြစ်လာနိုင်မှာတဲ့လဲ"

"အဲဒီနောက်ပိုင်း သူတို့တွေ သူသေကိုယ်သေတိုက်ခိုက်နေကြတဲ့အချိန်မှာ မင်းက ကြိုးဆွဲတစ္ဆေကို သော့ကိုသွားခိုးအောင် သွေးဆောင်ဖျားယောင်းခဲ့တာပေါ့လေ"

ဝမ်းခယ့်ရှင်က ရယ်သွမ်းသွေးလိုက်ရင်း တိုးလျစွာရှင်းပြလာသည်။

"ကျွန်တော်လုပ်တာမဟုတ်ပါဘူး၊ သူတို့ဘာသာသူတို့ လိုချင်နေကြတာပါ.... လွန်ခဲ့တဲ့အနှစ်သုံးဆယ်တုန်းကစပြီး သရဲတောင်ကြားထဲမှာရှိသမျှ ကြီးကြီးငယ်ငယ် သရဲတစ္ဆေပေါင်းစုံဟာ လက်နက်တိုက်ကို သွားရည်ကျလာကြတယ်။ ကျောက်သလင်းပြာက စံအိမ်တော်ငါးအိမ်ရဲ့လက်ထဲမှာ အသီးသီးရှိနေတယ်။ အဲဒီအချိန်တုန်းက တစ္ဆေမိစ္ဆာတွေဟာ အတောင်အလက်မစုံသေးဘူးလေ၊ ဒါကြောင့် လက်လွတ်စပယ်မလှုပ်ရှားရဲသေးဘဲ သော့ကနေပဲ စတင်လှုပ်ရှားနိုင်ကြတယ်"

သူက ဦးခေါင်းကိုတစ်ဖက်သို့လှည့်ကာ ချောင်းနှစ်ချက်ခန့်ဆိုးလိုက်သောအခါ သွေးစသွေးနလေးများ ထွက်ကျလာတော့သည်။ ဝမ်းခယ့်ရှင်က မျက်နှာပေါ်ရှိ သွေးစများကို လက်ဖြင့်အသာအယာသုတ်ပစ်လိုက်ပြီး စကားဆက်သည်။

"အဲဒီအချိန်တုန်းက ရုံကတော်က သော့ကို ကျွန်တော့်အဖေရဲ့ လက်ထဲကိုလွှဲပေးခဲ့တယ်။ သူတို့အားလုံးဟာ အခင်းဖြစ်ရာနေရာမှာ သူတို့သုံးယောက်တည်းပဲရှိတယ်လို့ ထင်နေခဲ့တာ။ ရုံကတော်သေသွားပြီး လုံချွဲ့ကလဲ အဲဒီလျှို့ဝှက်ချက်ကိုသေတဲ့အထိ ထိန်းသိမ်းသွားခဲ့တယ်။ တကယ်လို့သာ ဒီလိုမျိုးဖြစ်နေခဲ့ရင် တစ်လောကလုံးလဲ သိပ်ကိုအေးချမ်းသွားမှာပဲနော်၊ ဒါဆိုမကောင်းဘူးလား"

"လေးယောက်မြောက်လူတစ်ယောက်ရှိသေးတာလား"

ကျိုးကျစ်ရှူးက မျက်မှောင်ကြုတ်လိုက်ရင်း လျင်မြန်စွာသတိပြန်ကပ်သွားပြီး မေးမြန်းလိုက်၏။

"ကျောက်ကျင့်လား။ သူက အဲဒီအချိန်တုန်းက အင်အားမရှိသေးတာမို့ သူတော်ကောင်းဂိုဏ်းသားတွေကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားမဟနိုင်ခဲ့တဲ့အတွက် သရဲတောင်ကြားနဲ့ပဲ တိတ်တိတ်လေးပူးပေါင်းခဲ့တာပေါ့"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ...ဘာပဲဖြစ်ဖြစ် သူတို့အားလုံးသေသွားကြပြီပဲ"

ဝမ်းခယ့်ရှင်က အေးတိအေးစက်လှောင်ရယ်လိုက်ပြီး အချိန်အတန်ကြာ နှုတ်ဆိတ်နေပြီးကာမှ ပင့်သက်တစ်ချက်ရှိုက်ရှူသွင်းလျက် ပြောလာသည်။

"ရယ်စရာကောင်းတာက ရုံကတော်တို့တွေဟာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကျွန်တော့်အဖေကိုလွှဲပေးခဲ့တဲ့ အဲဒီသော့က ဘာလဲဆိုတာကို နောက်ဆုံးအချိန်ထိ ကျွန်တော့်အဖေကိုမပြောပြခဲ့ကြဘူး။ အဖေက အဲဒီအရာဟာ ပျောက်သွားလို့မရတဲ့ သိပ်ကိုအရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်လိမ့်မယ်လို့ပဲ ထင်နေခဲ့တာ။ ဒါကြောင့် ကျွန်တော့်အမေကိုခေါ်ပြီး ရွာလေးတစ်ရွာမှာ ဆယ်နှစ်လုံးလုံး ပုန်းအောင်းနေထိုင်ခဲ့ရှာတယ်...ဒါပေမဲ့...ကျွန်တော် အသက်ကိုးနှစ်ပြည့်တဲ့နှစ်မှာပဲ အဲဒီရွာမှာ နိမိတ်မကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်...ဇီးကွက်တစ်ကောင်က...."

"ရပြီ"

ကျိုးကျစ်ရှူးက သူ့စကားကိုကြားဖြတ်လိုက်သည်။ တခဏမျှနှုတ်ဆိတ်နေပြီးသော် ထပ်မံ၍ နူးညံ့ပျော့ပျောင်းသောလေသံဖြင့်ပြောလာသည်။

"ရပြီ...နှစ်တွေအကြာကြီးရှိနေပြီပဲဟာ...မင်း ထပ်မပြော..."

ဝမ်းခယ့်ရှင်က သူပြောချင်ရာကိုသာ ဆက်ပြောလာ၏။

"ကျွန်တော့်ရဲ့မိဘတွေဟာ သူတို့ကြောင့် ကျန်တဲ့ရွာသားတွေပါ အမှုပတ်သွားသလို ခံစားလိုက်ရတယ်လေ။ ဒါကြောင့် သူတို့နဲ့အတူတူပူးပေါင်းပြီး နောက်ဆုံးအချိန်ထိ သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော့်ကိုတော့ အဲဒီညမှာပဲ အဝေးကိုပို့လိုက်ကြတယ်။ ကျွန်တော်က သူတို့ကို စိတ်မချဘူး၊ ကိုယ့်ကိုယ်ကိုယ်လဲ အထင်ကြီးမိခဲ့တယ်။ ဒါကြောင့် ကျွန်တော် တိတ်တိတ်လေးပြန်သွားကြည့်ခဲ့တယ်၊ ကျွန်တော်တွေ့လိုက်ရတာက...."

သူက သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်းခေါင်းမော့ကာ မှုန်ရီဝိုးတဝါးဖြစ်နေသော ကောင်းကင်ယံထက်သို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။

"ကျွန်တော်တွေ့လိုက်ရတာက......ကျွန်တော့်အဖေရဲ့ခန္ဓာကိုယ်ဟာ နှစ်ပိုင်းပြတ်နေပြီး ကျွန်တော့်အမေကတော့ ဘေးတစ်ဖက်မှာ လဲကျနေတယ်။ သူ့ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားတွေကလဲ နဂိုရှိရင်းစွဲအရောင်ကိုတောင်မမြင်ရတော့ဘူး။ မျက်နှာတစ်ပြင်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အပြင် နှာခေါင်းကလဲ ပြတ်ထွက်သွားတယ်၊ အင်္ဂါရပ်ငါးပါးရဲ့ကောက်ကြောင်းကိုတောင်မမြင်ရတော့တဲ့အထိ ပုံပျက်ပန်းပျက်ဖြစ်နေတယ်၊ လှံတစ်ချောင်းက သူ့ရင်ဘတ်ရှေ့ကနေ နောက်ကျောဘက်အထိ ထုတ်ချင်းပေါက်စိုက်ဝင်နေပြီး လိပ်ပြာရိုးသွင်အောက်ကနေ ထိုးထိုးထောင်ထောင်ထွက်နေတာ။ ကျွန်တော် အမေ့ကို ဘယ်လိုလုပ်ပြီး မှတ်မိသွားသလဲဆိုတာ ခင်ဗျားသိလား"

ကျိုးကျစ်ရှူးက စကားတစ်ခွန်းမျှမဆိုဘဲ သူ့ကိုတိတ်တဆိတ်ငေးကြည့်နေမိသည်။

"ကျွန်တော်ငယ်ငယ်လေးကတည်းက ရုပ်ချောတဲ့လူတွေကို သဘောကျတတ်တယ်။ ကျွန်တော့်အမေကိုလဲ တစ်လောကလုံးမှာ နံပါတ်တစ် အလှဆုံး မိန်းကလေးတစ်ယောက်ရယ်လို့ သဘောထားခဲ့တာ။ သူ့အနားမှာ တွယ်ကပ်နေရတာကို သဘောကျတယ်၊ သူ့ကိုကုန်းပိုးခိုင်းတယ်၊ အဲ့လိုနဲ့ သူ့နောက်ကျောပြင်က လိပ်ပြာရိုးသွင်ကိုမြင်ပါများပြီး မျက်စိယဉ်သွားတော့တာပဲ။ ကျွန်တော်သေရင်တောင် မေ့မှာမဟုတ်ဘူး"

ကျိုးကျစ်ရှူးက ဆိုသည်။

"အဲ့လိုနဲ့ သော့က သရဲတောင်ကြားလက်ထဲကိုရောက်သွားတာပေါ့။ ဒါဖြင့် မင်းကရော ဘယ်လိုလုပ်ပြီး...."

"ကျွန်တော်လား"

ဝမ်းခယ့်ရှင်က မျက်ခုံးပင့်လိုက်ရင်း ရုတ်ချည်းပင် ရယ်မောလိုက်၏။ ရယ်လေလေ သူ့အသံမှာ ပို၍ကျယ်လောင်လာလေလေဖြစ်နေပြီး နောက်ဆုံးတွင်မူ လည်ချောင်းအတွင်းမှ တအင့်အင့်ရှိုက်သံများထွက်ပေါ်လာတော့သည်။ ၎င်းသည်ကား အမှန်စင်စစ် ရယ်မောနေသလော၊ ငိုကြွေးနေသလော မသိနိုင်တော့ပါချေ။

"ကျွန်တော်လား၊ ကျွန်တော် ပြေးရင်းလွှားရင်းနဲ့ လမ်းခရီးမှာ အကြိမ်ပေါင်းများစွာ ချော်လဲကျခဲ့တယ်။ အစောကြီးကတည်းက ညစ်ပတ်ပေရေနေပြီး ရွှံ့လူးနေတဲ့ မျောက်တစ်ကောင်လိုဖြစ်နေပြီ။ အဲဒီတစ္ဆေမိစ္ဆာတွေ ကျွန်တော့်ကို တွေ့သွားတဲ့အချိန်တုန်းက ကျွန်တော်လဲ ကိုယ့်ကိုယ်ကိုယ်သေပြီလို့ထင်ပြီး အဲဒီနေရာမှာပဲ ကြောင်အမ်းအမ်းနဲ့ မတ်တပ်ရပ်နေခဲ့တယ်။ တစ်ယောက်ကထွက်လာပြီး ကျွန်တော့်ကိုလာဖမ်းတယ်။ ကျွန်တော်လဲ လန့်ဖျပ်သွားပြီး သတိလက်လွတ်နဲ့ သူ့လက်ကိုကိုက်လိုက်တော့ 'ဒီကောင်လေးက အရူးလေးပဲ' ဆိုပြီး သူက အော်ဟစ်လိုက်တယ်။ ဘေးနားကလူတွေအားလုံး ထရယ်ကြပါလေရော။ အမျိုးသမီးတစ်ယောက်က ပြောတယ်၊ ကျွန်တော့်ကို အရေခွံနွှာပြီး လူသားကုတ်အင်္ကျီလုပ်ပစ်မယ်တဲ့၊ အဲဒီမှာ ကျွန်တော်အရမ်းကြောက်သွားပြီး..... နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်တယ်"

ကျိုးကျစ်ရှူး၏လည်ချောင်းမှာ မဆိုစလောက်လှုပ်ရှားသွားပြီး ခပ်ရေးရေး မျက်မှောင်ကြုတ်လိုက်သော်ငြား နောက်ဆုံး၌ မည်သည့်စကားမျှမဆိုခဲ့ပါချေ။

မိုးစုံးစုံးချုပ်သွားပြီဖြစ်သည်။ အရပ်လေးမျက်နှာတစ်ခွင်လုံးသည်လည်း အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဝမ်းခယ့်ရှင်က ချောင်းနှစ်ချက်ခန့် ထပ်ဆိုးလိုက်ကာ တိုးညင်းစွာစကားဆက်လာသည်။

"ကျွန်တော်လေ....သူတို့ရဲ့မျက်စိရှေ့မှောက်မှာပဲ အရှေ့ကို ဝမ်းလျားထိုးမှောက်သွားလိုက်ပြီး ကျွန်တော့်အဖေရဲ့အလောင်းကို တစ်ကိုက်ချင်း တစ်ကိုက်ချင်းစားပစ်လိုက်တယ်။ သူ့အသားတွေက ကောင်းကောင်းကိုက်လို့မရဘူး၊ တော်တော်လေးကြာအောင် ဆွဲဖြဲပြီးမှပဲ စားလို့ရတော့တယ်။ ပြီးတော့ သူ့အသွေးအသားတွေကို ကျွန်တော့်ဗိုက်ထဲ မျိုချလိုက်တယ်.... ကျွန်တော့်ခေါင်းထဲကိုလဲ အတွေးပိစိလေး ထည့်သွင်းလိုက်တယ်၊ ကျွန်တော်က အစကတည်းက သူ့ရဲ့အသွေးအသားတွေနဲ့ပဲ ဖြစ်တည်လာခဲ့တာမဟုတ်ဘူးလားလို့။ သူတို့က ကျွန်တော့်ကို ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်း မရယ်ကြတော့ဘူး။ နောက်ဆုံးတော့ ကျွန်တော်ကိုက်လိုက်တဲ့လူကြီးက ခေါင်းဆောင်ဖြစ်ပုံရပြီး သူကပြောတယ်၊ ကျွန်တော်က မွေးကတည်းက တစ္ဆေမိစ္ဆာလေးတစ်ကောင်လိုမျိုး မွေးဖွားလာခဲ့တာမို့ လူ့လောကကြီးထဲမှာ ချန်ထားဖို့မသင့်တော်ဘူးတဲ့လေ၊ အဲဒါနဲ့ ကျွန်တော့်ကို သရဲတောင်ကြားထဲကို ခေါ်သွားကြတာပဲ"

ကျိုးကျစ်ရှူးက ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး သူ့လက်တစ်ဖက်ကို ဝမ်းခယ့်ရှင်၏ ဘေးတစောင်းမျက်နှာပြင်ပေါ်သို့ တင်လိုက်သည်။ သွေးထွက်လွန်နေခြင်းကြောင့်လား မသိ၊ ဝမ်းခယ့်ရှင်၏မျက်လုံးအကြည့်များမှာ အနည်းငယ်ဂဏာမငြိမ်ဖြစ်နေကာ သူ့အရေပြားမှာလည်း အလွန်အမင်းအေးစက်လာနေသည်။ ဝမ်းခယ့်ရှင်မှာ အနွေးဓာတ်ကိုခံစားလိုက်ရသောကြောင့် မသိလိုက်မသိဘာသာဖြင့် ခေါင်းကလေးကိုစောင်းငဲ့ပြီး ကျိုးကျစ်ရှူး၏လက်ဖဝါးပြင်ပေါ်ဝယ် တစ်ချက်မျှတိုးဝှေ့ပွတ်သပ်လိုက်ပြီးသော် အသက်ပင်မရှူနိုင်တော့သလိုပြောလာသည်။

"ကျွန်တော် ဒီနေရာမှာ အနှစ် ၂၀ လုံးလုံး နေထိုင်လာခဲ့တာ၊ ပထမ ၁၂ နှစ်လောက်မှာ အသက်ရှင်သန်နိုင်ဖို့အတွက် အသည်းအသန်ကြိုးစားရုန်းကန်ခဲ့ရတယ်၊ အပေါ်ကိုရောက်အောင် အသည်းအသန်တွယ်တက်ခဲ့ရတယ်၊ အသည်းအသန်.... နောက်ပိုင်း ၈ နှစ်မှာတော့ နောက်ဆုံး ကျွန်တော်အပေါ်ကိုရောက်အောင် တက်သွားနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ကိစ္စကြီးကို အကောင်အထည်ဖော်နိုင်ဖို့ ပြင်ဆင်တော့တာပဲ"

ကျိုးကျစ်ရှူးက ဆက်ပြောလိုက်သည်။

"မင်းက စွင်းတင်ကို တိတ်တိတ်လေးကူညီပြီး ကြိုးဆွဲတစ္ဆေကို လမ်းဆုံးကိုရောက်အောင်တွန်းအားပေးလို့ သော့ကိုခိုးယူသွားအောင် ဖျားယောင်းသွေးဆောင်ခဲ့တယ်။ ပြီးတော့ သူ့နောက်ကိုလိုက်၊ သူ့ကိုသတ်ပစ်ပြီး သူ့အလောင်းကိုရော သော့ကိုရော အတူတူလက်စဖျောက်ပစ်လိုက်တယ်။ ရွှဲဖန်းထွက်ပြေးသွားတယ်ဆိုတဲ့ အတုအယောင်လုပ်ကြံဇာတ်လမ်းကိုဖန်တီးလို့ သရဲတောင်ကြားတစ်ခုလုံးထွက်လာစေပြီး ရွှဲဖန်းကိုလိုက်သတ်အောင်လုပ်ခဲ့တယ်။ စွင်းတင်နဲ့လောင်မုန့်တို့နှစ်ယောက် မကောင်းတဲ့အကြံအစည်တွေ အသီးသီးကြံစည်နေကြတာကို လက်ပိုက်ကြည့်နေခဲ့တယ်...မင်းက သူတို့တွေ...."

ဝမ်းခယ့်ရှင်က သူ့စကားကိုကြားဖြတ်ပြောလိုက်သည်။

"ဒီကမ္ဘာလောကကြီးမှာ မကောင်းဆိုးဝါးမိစ္ဆာတွေကို ဖျက်ဆီးပစ်နိုင်တဲ့အရာ တစ်ခုတည်းပဲရှိတယ်"

"အဲဒါက လူသားတွေရဲ့နှလုံးသားပဲ"

ဝမ်းခယ့်ရှင်က ရုတ်တရက် သူ့မျက်နှာကိုဘေးတစ်ဖက်သို့လှည့်ကာ နှလုံး၊ အဆုတ်ကွဲလုမတတ် ချောင်းဆိုးလိုက်ရှာသည်။ အတွင်းရှိ အသက်ရှူသံများမှာ ကမောက်ကမဖြစ်နေပြီး အသက်ရှူကျပ်နေသောခံစားချက်တို့ စုန်ဆက်လှိုက်တက်လာနေသည်။ ရုတ်တရက် လက်တစ်ဖက်က သူ့နောက်ကျောပြင်ပေါ်သို့ဖိကပ်လာပြီး နူးညံ့ညင်သာသောအတွင်းအားစွမ်းအင်များမှာ လျှပ်တစ်ပြက်အတွင်း သူ၏သွေးကြောများတစ်လျှောက် ပျံ့နှံ့စီးဝင်သွား၏။ သူ၏အသိစိတ်အာရုံမှာလည်း အနည်းငယ်ရှင်းလင်းပြတ်သားလာသည်။

ကျိုးကျစ်ရှူးက သူ ဖြည်းဖြည်းချင်း အသက်တစ်ချက်ရှူသွင်းလိုက်သည်ကိုမြင်သောအခါ ချက်ချင်းပင် သူ့အတွင်းအားများကိုပြန်လည်ရုပ်သိမ်းကာ တိုးညင်းစွာပြောလိုက်သည်။

"မင်း ခြေကုန်လက်ပန်းကျနေပြီ၊ ဒါပေမဲ့ မင်းရဲ့ပြင်ပဒဏ်ရာက ပိုပြီးပြင်းထန်နေတယ်။ ဒဏ်ရာကိုပတ်တီးစီးထားပြီး သွေးတိတ်အောင်လုပ်ရမယ်၊ မဟုတ်ရင် မင်းရဲ့အတွင်းအားတွေ ရွှေ့ပြောင်းလှုပ်ရှားလို့ရအောင် ငါလဲ မကူညီပေးရဲဘူး"

သူက ဝမ်းခယ့်ရှင်၏မျက်ဝန်းများကိုကြည့်ကာ မေးမြန်းလိုက်သည်။

"ငါ မင်းကိုမေးမယ်၊ မင်း အသက်ရှင်လား မရှင်ချင်ဘူးလား"

ဝမ်းခယ့်ရှင်က နှုတ်ဆိတ်လျက် သူ့ကိုကြည့်နေပြီး အချိန်အလွန့်အလွန် ကြာညောင်းသောအခါမှ မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျားက....ထွက်သွားတော့မလို့လား"

ကျိုးကျစ်ရှူးက ခပ်ဖွဖွပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။

ဝမ်းခယ့်ရှင်က ကြိုးစားပမ်းစား အံတင်းတင်းကြိတ်ကာ သူ့လက်ကိုဆုပ်ကိုင်ထားပြီး သူ့ဘာသာသူ အကြမ်းပတမ်း ထူမလိုက်သည်။

"အသက်ရှင်ရမယ်...ကျွန်တော်က ဘာဖြစ်လို့ အသက်မရှင်ချင်ရမှာလဲ။ ကျွန်တော်က ဘာဖြစ်လို့ အသက်မရှင်နိုင်ရမှာလဲ။ ဒီလောကကြီးမှာ အရှက်မရှိတဲ့လူတွေ၊ ကောက်ကျစ်ယုတ်မာတဲ့လူတွေတောင် အသက်ရှင်နေကြသေးတာပဲ...ကျွန်တော်က ဘာဖြစ်လို့....ကျွန်တော်က ဘာဖြစ်လို့ အသက်မရှင်နိုင်ရမှာလဲ...ကျွန်တော် သေချာပေါက် အသက်ရှင်ရမယ်...."

သူ့ခမျာ ဤအသက်တစ်ချက်ကိုပင် ဆက်လက်မရှူသွင်းနိုင်တော့ဘဲ ခန္ဓာကိုယ်မှာ တစ်ချက်မျှဒယိမ်းဒယိုင်ဖြစ်သွားလျက် အဆက်မပြတ်အမောဖောက်နေရှာ၏။ ကျိုးကျစ်ရှူးက သက်ပြင်းချလိုက်ပြီး သူ့သွေးကြောများကို ပိတ်ဆို့ပေးလိုက်သည်။ ထို့နောက် လူတစ်ကိုယ်လုံးကိုပွေ့ချီကာ တောင်ပေါ်မှဆင်းသွားလေတော့သည်။

သူက တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းပေကျံနေသော ဝမ်းခယ့်ရှင်ကို မြို့ငယ်လေးထံသို့ ခေါ်ဆောင်သွားခဲ့သည်။ နှစ်ရက်တင်းတင်းပြည့်သောအခါမှပင် ဝမ်းခယ့်ရှင်မှာ သတိပြန်လည်လာပြီး အစားအသောက်များကို မနည်းဝင်အောင် စားသောက်နိုင်ရှာသည်။ နောက်ထပ်ရက်အနည်းငယ်ကြာသော် ကျိုးကျစ်ရှူးက မြင်းလှည်းတစ်စီးကိုငှားရမ်းပြီး သူ့ကိုခေါ်ဆောင်ကာ လော့ရန်မြို့သို့သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူတို့ ခရီးထွက်ခါနီးဆဲဆဲမှာပင် ကောင်းရှောင်လျန်နှင့် ကျန်းချန်လင်တို့နှစ်ယောက်သားကို အမှတ်မထင် အချိန်ကိုက်တွေ့ဆုံခဲ့ရလေသည်။

ကျန်းချန်လင်မှာ ငူငူငိုင်ငိုင်ဖြစ်နေဆဲ။ သူက ကျိုးကျစ်ရှူးကိုမြင်လျှင်မြင်ချင်းမှာပင် သူ့ထံသို့ မဆိုင်းမတွပြေးဝင်လာကာ ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးရှာတော့သည်။

"ဆရာ...အစ်ကိုကြီးချောင်....သူ...."

ကောင်းရှောင်လျန်မှာလည်း မျက်လုံးများနီစွေးနေလျက်။ ကျိုးကျစ်ရှူးက သက်ပြင်းချလိုက်ပြီး တိုးဖျော့စွာ ပြောလိုက်သည်။

"ငါသိပါတယ်"

ထို့နောက် သူ့လက်ဖဝါးကို ကောင်လေး၏ဦးခေါင်းပေါ်တွင်တင်ကာ သူ့ကိုအားပေးနှစ်သိမ့်လိုက်၏‌။ တစ်ဆက်တည်းမှာပင် ကျန်းချန်လင်က စကားတစ်ခွန်းကို လွှတ်ခနဲထုတ်ပြောလာပြန်သည်။

"ဆရာ...ကျွန်တော် လူတစ်ယောက်ကို သတ်လိုက်သေးတယ်... ကျွန်တော် လူသတ်ခဲ့တယ်"

ကျိုးကျစ်ရှူး၏လက်မှာ တစ်ချက်မျှတောင့်တင်းသွား၏။ မြင်းလှည်းအတွင်း၌ မှီထိုင်နေသော ဝမ်းခယ့်ရှင်၏အကြည့်များမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားလျက် အနှီကောင်စုတ်လေးကို မဆိုစလောက် အံ့အားသင့်စွာကြည့်ရှုလိုက်လေသည်။

ကောင်းရှောင်လျန်က လက်သီးဆုပ်ကာ ပြောလာသည်။

"အဲဒီကိစ္စမှာ ငါလဲပါတာပဲ၊ နင်ငိုမနေနဲ့တော့__အဲဒီလူက လူဆိုးပဲ၊ သေသင့်တယ်၊ ကျွန်မတို့ ဖုန်းရာတောင်ပေါ်မှာ လမ်းပျောက်သွားပြီးတဲ့နောက် တောက်တောက်ပြောင်ပြောင် ဝတ်စားထားတဲ့လူတစ်ယောက်ကို အမှတ်မထင် တွေ့ခဲ့တယ်။ သူ့နောက်ကိုလိုက်သွားကြည့်တော့မှ အဲဒီလူဟာ မထင်မှတ်ဘဲ ကင်းမြီးကောက်ဂိုဏ်းချုပ်ဖြစ်နေတာကိုသိခဲ့ရတယ်။ ဒါပေမဲ့ ဘာလို့လဲမသိဘူး အဲဒီလူက လက်မောင်းတစ်ဖက်ပြတ်နေတယ်။ ပြီးတော့ အဆိပ်အပ်ချောင်းတွေ အစိုက်ခံထားရသလိုပဲ...."

ကျိုးကျစ်ရှူး၏မျက်နှာအမူအရာမှာ အလွန်အမင်းရွှင်ပျသွားသလို ဝမ်းခယ့်ရှင်မှာလည်း မနေနိုင်မထိုင်ဖြစ်စွာ ခပ်တိုးတိုးရယ်မောလိုက်လေတော့သည်။ ကျန်းချန်လင်က ထပ်ဖြည့်ပြောလာ၏။

"အဲဒီနောက်မှာတော့ အဲဒီလူဟာ သူ့လက်အောက်က အဆိပ်ကင်းမြီးကောက်တွေကို မထိန်းချုပ်နိုင်တော့တဲ့ပုံပဲ။ သူတို့တွေအချင်းချင်း.... အချင်းချင်း ပြန်တိုက်ခိုက်နေကြတော့တာပဲ"

ဝမ်းခယ့်ရှင်က တိုးလျစွာ မေးမြန်းလိုက်သည်။

"အဲဒါနဲ့ မင်းတို့နှစ်ယောက်က အခြေအနေတွေရှုပ်ထွေးနေတာကိုအခွင့်ကောင်းယူပြီး ကင်းမြီးကောက်ဂိုဏ်းချုပ်ကို လက်စတုံးပစ်လိုက်ကြတယ်ပေါ့လေ"

ကျန်းချန်လင်က ဝေ့လည်ကြောင်ပတ်လုပ်ရင်း အသံတစ်ချက်ပြုကာ မရေမရာ ခွန်းတုံ့ပြန်လိုက်သည်။ တစ်ဖက်လူမှာ လူဆိုးတစ်ယောက်ပင်ဖြစ်နေဦးတော့၊ ယခုကဲ့သို့ သူများတကာ ဒုက္ခရောက်နေချိန်ကိုအခွင့်ကောင်းယူကာ တိုက်ခိုက်ခဲ့သော မိမိ၏အပြုအမူမှာ အလွန်အင်မတန် ရှက်ဖွယ်ကောင်းလှသည်ဟု ခံစားနေရသည်။

ဝမ်းခယ့်ရှင်က အူလှိုက်သည်းလှိုက်ရယ်မောလိုက်လေသည်__*ဤသည်မှာ သင့်ဦးခေါင်းအထက် သုံးပေအကွာတွင် နတ်ဘုရားများ တည်ရှိနေခြင်းပင်တည်း။

(T/N *မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ကံ၊ ကံ၏အကျိုးကို ပြန်လည်ခံစားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။)

ထို့နောက်တွင်မူ ကောင်းရှောင်လျန်က မျက်ရည်များကိုပြောင်စင်အောင်သုတ်ပစ်ကာ သူတို့အုပ်စုကို နှုတ်ဆက်စကားဆိုပြီး ကောင်းအိမ်တော်သို့ပြန်သွားလေတော့သည်။ အနှီမိန်းမပျိုလေးမှာ အမျိုးမျိုးသော အဖြစ်အပျက်ပေါင်းစုံကို တွေ့ကြုံခံစားခဲ့ရပြီးနောက် တစ်ညတာအတွင်းမှာပင် လူကြီးတစ်ယောက်ဖြစ်သွားရှာ၏။ ကျန်းချန်လင်မှာ ကျိုးကျစ်ရှူးတို့နှစ်ယောက်နှင့်အတူ လော့ရန်မြို့သို့ လိုက်ပါရောက်ရှိလာပြီး အရှင်ခုနစ်နှင့် နတ်ဆေးဆရာလေးတို့နှင့် တွေ့ဆုံပြီးနောက် ရုံရွှမ့်နှင့်ရုံကတော်တို့၏အရိုးပြာများကို ချန်မင်တောင်ပေါ်သို့သယ်ဆောင်သွားလေသည်။

တစ်လခန့် အားအင်ဖြည့်တင်းပြီးသွားသောအခါ နတ်ဆေးဆရာလေးက ကျိုးကျစ်ရှူး၏ခန္ဓာကိုယ်ထဲမှ အပ်ချောင်းများကို စတင်နုတ်ယူကာ သူ၏သွေးကြောများကို အသစ်တဖန် ပြန်လည်ဆက်သွယ်ပေးလိုက်လေသည်။

ထိုနေ့က ချန်မင်တောင်ပေါ်ဝယ် ရုက်တရက် ဆီးနှင်းများ ထူထဲသိပ်သည်းစွာ ကျဆင်းလာသည်။ ဝမ်းခယ့်ရှင်က အခန်းအပြင်၌ မတ်တပ်ရပ်နေ၏။ အခန်းတွင်း၌ရှိနေသောလူထံမှ အော်သံတစ်ချက်တလေ ကြားနေရစေကာမူ သူ့စိတ်ထဲတွင် အေးဆေးတည်ငြိမ်နေသယောင်။ အရှင်ခုနစ်က ရုတ်တရက် သူ့နောက်သို့ရောက်ရှိလာကာ သူ့ကျောကုန်းကို ခပ်ဖွဖွပုတ်ရင်းပြောလာသည်။

"စိတ်ချပါ။ တခြားလူတစ်ယောက်သာဆိုရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ သေချာမှာဆိုပေမဲ့ ကျစ်ရှူးကတော့ ချွတ်ချော်တိမ်းစောင်းသွားတာမျိုးရှိမှာ မဟုတ်ပါဘူး"

ဝမ်းခယ့်ရှင်က သူ့ကိုလှည့်ကြည့်လာသည်။ အရှင်ခုနစ်က ပြုံးလျက်ဆို၏။

"သူက ဟိုးတုန်းက အပ်ချောင်းတွေကို သူကိုယ်တိုင်ပဲ ထိုးစိုက်ခဲ့ပြီး ဒီအချိန်ထိ တောင့်ခံနိုင်ခဲ့သေးတာပဲလေ၊ အပ်ချောင်းတွေကို ပြန်နုတ်ချိန်ကျမှ ကြောက်နေပါအုံးမလား။ သူက..."

၎င်းမှာ နောက်ပိုင်းဆက်ပြောမည့်စကားလုံးများကို သိုဝှက်သိမ်းဆည်းထားလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်ဝယ် တစ်စုံတစ်ခုကို မဆိုစလောက် လွမ်းမောတသတိရသွားဟန်ဖြင့် အပြုံးတစ်ပွင့် လှစ်ဟထွက်ပေါ်လာသည်။

အရှင်ခုနစ်ထံတွင် ထူးဆန်းသော ညှို့ငင်ဆွဲဆောင်အားတစ်မျိုးရှိပုံရပြီး သူ့ဘေးနားတွင်ရပ်နေသူတိုင်းသည် သူနှင့်အတူ စိတ်အေးချမ်းတည်ငြိမ်သွားလေ့ရှိသည်။ သို့သော် ဝမ်းခယ့်ရှင်မှာ စိတ်ထဲတွင် ခဏတဖြုတ်သာ တည်ငြိမ်အေးချမ်းသွားခဲ့ပြီး စကားတစ်ခွန်းမျှမဆိုဘဲ ချာခနဲလှည့်ထွက်သွားလေတော့သည်။ သူက စိတ်ထဲ၌ တွေးတောလိုက်သည်။

ဒီရုပ်ချောတဲ့မျက်နှာဖြူကောင်က တကယ့်ကို မြေခွေးလိုကောင်မျိုးနဲ့တူတယ်၊ သူ့ကို

ကောင်းကောင်းသတိထားမှဖြစ်မယ်

ထိုအပြုအမူကြောင့် အရှင်ခုနစ်မှာ အတိုင်းသား အံ့ဩဆွံ့အသွားရှာတော့သည်။

ကျိုးကျစ်ရှူးမှာ သုံးလတိုင်တိုင် သတိလစ်မေ့မြောနေခဲ့ပြီး နောက်ဆုံး၌ သတိပြန်ရလာလေပြီ။ သူ့ကိုယ်ပေါ်တွင် သယ်ပိုးထားခဲ့ရသော လေးလံသည့် *လည်ထောက်ပြားကြီးကိုလွှတ်ချလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လွတ်လပ်ပေါ့ပါးသွား၏။ ညာဘက်လက်တစ်ဖက်မှလွဲ၍__ သူ့ညာဘက်လက်မှာ လူတစ်ယောက်၏ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခြင်းကို ခံနေရသည်။ ထိုလူမှာ အလွန်အင်မတန် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် တစ်ဖက်တွင်မှီကာ ငိုက်မြည်းနေရှာသည်။

(T/N *လည်ထောက်ပြား - ရှေးတုန်းက ရာဇဝတ်သားတွေကို ချုပ်နှောင်ထားတဲ့အခါ သစ်သားပြားကို အပေါက်ဖောက်ထားပြီး လည်ပင်းပေါ်မှာစွပ်ထားတဲ့ပုံစံကိုပြောတာပါ)

ကျိုးကျစ်ရှူးမှာ တခဏမျှစိတ်ပျံ့လွင့်သွားပြီး ရှေးပဝေသဏီမှအဖြစ်အပျက်အလုံးစုံတို့ကို ဖြစ်ကြောင်းကုန်စင် ပြန်လည်တွေးတောစဉ်းစားနေမိသည်။

သို့သော် နောက်ဆုံးတွင်မူ လူနှစ်ယောက်၏ ယှက်နွယ်ဆုပ်ကိုင်ထားလျက်ရှိနေသော လက်နှစ်ဖက်ကို တခဏမျှ ငေးမောစိုက်ကြည့်ကာ အသာအယာပြုံးလိုက်လေသည်__ လတ်စသတ်တော့ မိမိသည် မနေ့တုန်းက သေဆုံးသွားခဲ့လေပြီ။ နှစ်ပေါင်းများစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ရခြင်းမှာလည်း အခြားကြောင့်မဟုတ်။ သူ့အနားတွင် မိုးလင်းမိုးချုပ်အဖော်ပြုပေးရင်း သူ့လက်ကိုဆုပ်ကိုင်ပေးထားမည့် လူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်ပေတော့သည်။

**************************ပြီးပါပြီ*******************************

Continue Reading

You'll Also Like

551K 62.4K 64
Zawgyiသမားတွေအတွက်အောက်ဆွဲချပြီးဖတ်ကြည့်ပါနော် ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...
94.7K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
437K 55.2K 148
စိတ်ဓာတ်ပြင်းပြတဲ့လက်ဝှေ့သမားလေး နဲ့ နူးညံ့ဖြူစင်တဲ့ ဘဲလေးကချေသည်ကောင်လေး ကြားက ချစ်စဖွယ် ပုံပြင်လေးတစ်ပုဒ်❣ •Cover photo fully credit to Google.• Th...
655K 76.3K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...