အခန်း (၆၈)
စွန့်လွှတ်ခြင်း
ချောင်ဝေ့နင်မှာ လမ်းအနည်းငယ်လျှောက်လာပြီးချိန်ဝယ် ကုရှန်းတစ်ယောက် အတော်အတန်ငြိမ်ချက်သားကောင်းနေကြောင်း သတိထားမိသွားသည်။ ယမန်နေ့ညက ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များဖြစ်ပွားသွားခဲ့သည့်အချိန်နောက်ပိုင်းမှစတင်ကာ ၎င်းမှာ တစ်ချိန်လုံး တိတ်ဆိတ်နေခြင်းဖြစ်သည်။
ကောင်းရှောင်လျန်သည်ကား သူတို့အုပ်စုနှင့် အလွန်အမင်း လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အပြင် ဣန္ဒြေသိက္ခာကြီးမားသော မိန်းကလေးတစ်ဦးလည်း ဖြစ်လေရာ သူ(မ)ဘက်မှစတင်၍ စကားစမြည်ပြောဆိုလာခြင်းမရှိဘဲ တစ်ဖက်တွင် မြင်းဇက်ကြိုးကိုကိုင်ထားသော ကျန်းချန်လင်ကို ဂရုတစိုက်ကူညီပေးနေရင်း သူတို့၏အနောက်ဘက် ခပ်လှမ်းလှမ်းအကွာမှသာ လိုက်လာနေ၏__အနှီကောင်လေးမှာ သူ၏အသစ်စက်စက် 'တာ့ဟွမ်း' ဓားကြီးကို လက်ထဲတွင်ပွေ့ပိုက်ထားရင်း မြင်းပေါ်တွင် ငိုက်မြည်းနေရှာသည်။ မြင်း၏လည်ကုတ်ပေါ်သို့စီးကျနေသော သူ့သွားရည်များကြောင့် မြင်းမွေးများအားလုံး စိုစွတ်သွားရှာပြီး အဆိုပါမြင်းကလေးမှာ သူ့ဦးခေါင်းကို တစ်ချိန်လုံး တလှုပ်လှုပ်ခါယမ်းနေတော့သည်။
ချောင်ဝေ့နင်က ကုရှန်းအနားသို့တိုးကပ်လာကာ ခေါင်းကိုစောင်းငဲ့ရင်း သူ(မ)၏မျက်နှာအမူအရာကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုလိုက်ပြီးသော် မေးမြန်းလိုက်လေသည်။
"ဘာဖြစ်လို့လဲ။ မင်းလဲ အိပ်ရေးမဝလို့လား"
ကုရှန်းက သူ့ကို စိတ်မပါလက်မပါဖြင့် တစ်ချက်မျှပြန်ကြည့်လိုက်ပြီး ဇနီးပျိုလေးတစ်ယောက်ပမာ ခေါင်းပြန်ငုံ့သွားသည်။ ချောင်ဝေ့နင်မှာ အထိတ်တလန့် ဖြစ်သွားရှာ၏။ သူ(မ)မှာ မကောင်းတာတစ်ခုခု စားလိုက်မိလို့များလားဟူသည့်အတွေးနှင့် သူ့လက်ကို ပျာပျာသလဲဆန့်တန်းကာ သူ(မ)၏နဖူးပေါ်သို့လက်တင်၍ စမ်းသပ်ကြည့်နေရင်း စိတ်ထဲ၌ တွေးတောလိုက်သည်။
"ဒီလိုအငြိမ်မနေဘဲ သွားလာခုန်ပေါက်နေတတ်တဲ့လူက ဘာဖြစ်လို့ ဒီလောက်တောင်ငြိမ်ချက်သားကောင်းနေရတာလဲ။ နေမကောင်းဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"
ကုရှန်းက ဦးခေါင်းကိုအနောက်ဘက်သို့လှန်ကာ သူ့လက်ကိုပုတ်ထုတ်လိုက်၏။ ထို့နောက် သူတို့နှင့် မလှမ်းမကမ်းအကွာမှ လိုက်လာနေသော ကျန်းချန်လင်တို့ နှစ်ဦးသားကို တစ်ချက်မျှ လှည့်ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောလာသည်။
"လူတစ်ယောက်...ရှင် တစ်ချိန်လုံးထင်နေတာက အဲဒီလူဟာ ရိုးသားပွင့်လင်းပြီး မဆိုစလောက်ဉာဏ်ထိုင်းတဲ့ပုံစံမျိုးပေါက်နေတဲ့အပြင် ပုံမှန်အချိန်မှာဆို စကားနည်းပြီး မသိရင် ဦးနှောက်မပါလာတဲ့အတိုင်း သူများဘာပြောပြော အဲဒီအတိုင်း ယုံလိုက်တဲ့လူတစ်ယောက်က နောက်ဆုံးမှာ ဘယ်လိုဖြစ်ပြီး လူတွေရဲ့နောက်ကွယ်ကနေ အရာအားလုံးကို အကွက်ချစီစဉ်နေတဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားရတာလဲ"
ချောင်ဝေ့နင်က သူ့စကားများကို အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်လိုက်ပြီးနောက်တွင်မှ ထူးဆန်းနေသလို မျက်နှာထားဖြင့် မေးမြန်းလာသည်။
"အားရှန်း....မင်းက ....ရှောင်ကျန်းကို တစ်ခုခုများ အထင်လွဲနေတာလား"
ကုရှန်းမှာ တခဏမျှ အံ့ဩဆွံ့အသွားရှာပြီးသော် ကြောက်မက်ဖွယ်ကောင်းသောလေသံဖြင့် ပြောလိုက်လေ၏။
"ချောင်မျိုးရိုး...ရှင်သွားသေလိုက်တော့"
ထို့နောက် လက်ကိုမြှောက်ကာ သူ့ကိုရိုက်ရန် လက်ရွယ်လိုက်သည်။
ချောင်ဝေ့နင်က တစ်ဖက်သို့ ကပျာကယာရှောင်တိမ်းလိုက်ရင်း ပြုံးစစဖြင့်ပြောလာသည်။
"မရိုက်ပါနဲ့ဗျာ၊ ကျွန်တော်သေသွားရင် မိန်းကလေးက မုဆိုးမလေးဖြစ်သွားမှာပေါ့။ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်သွားမယ်ဆိုရင် တော်တော် သနားစရာကောင်းမှာနော်"
ကုရှန်းက ဒါလည်းဟုတ်သားပဲဟု တွေးတောလိုက်၏။ ဆရာဖြစ်သူ ကတိပေးထားခဲ့သော လမ်းနှစ်လမ်းခွဲစာ အသွင်းပစ္စည်းများကိုလည်း မယူရသေးပေ။ သို့ဖြစ်ရာ ထိုသို့ပြုလုပ်လိုက်မည်ဆိုပါက သူ့အတွက် နစ်နာဆုံးရှုံးစရာဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ(မ)က ချောင်ဝေ့နင်ကို တစ်ချက်မျှစူးစိုက်ကြည့်လိုက်ပြီးနောက် ရွယ်ထားသောလက်ကို ပြန်ရုပ်သိမ်းကာ လက်မပါဘဲ စကားဖြင့်ပြောရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။
သူ(မ)သည် မိမိကိုယ်မိမိ အစွမ်းအစကြီးမားသူတစ်ဦး မဟုတ်ကြောင်း သိရှိထားသည်။ များသောအားဖြင့် သခင်ဖြစ်သူပြောသည့် စကားအားလုံးကို လုံးစေ့ပတ်စေ့ နားမလည်ရှာဘဲ ဘုမသိဘမသိဖြင့် သူ့နောက်မှ တကောက်ကောက်လိုက်နေရင်း နေ့စဉ်ဘဝတွင် သခင်ဖြစ်သူကို အလုပ်အကျွေးပြုခစားသည်မှလွဲ၍ ရံဖန်ရံခါ သူ့သခင် အပျင်းပြေစေရန်အလို့ငှာ ပေါက်ပန်းလေးဆယ်စကားများကို လျှောက်ပြောတတ်သေး၏။ သူ(မ)နှင့်သူ....သူ(မ)နှင့်သူတို့...သူတို့အားလုံးမှာ သွားရမည့်လမ်းကြောင်းချင်း မတူညီကြပါချေ။ သူ(မ)သည် ပြောစကားကိုနားလည်သည့် ဉာဏ်ကောင်း ထက်မြက်သော ပန်းလေးတစ်ပွင့်မဟုတ်သလို ယုံကြည်အားကိုးထိုက်သော ပန်းသွေးရောင်ပါးပြင်လေးကိုပိုင်ဆိုင်ထားသည့် လူယုံတော်မိန်းမပျိုလေးတစ်ဦးလည်း မဟုတ်ပါချေ။
သူ(မ)သည်ကား ကလေးငယ်တစ်ယောက်ပမာ၊ မိမိအတွက်အကျိုးရှိမည့်အရာများကိုသာ လုပ်ဆောင်တတ်ပြီး မိမိအား ဒုက္ခရောက်စေနိုင်သည့်ကိစ္စများကို ဝေးဝေးမှရှောင်ရှားတတ်သော ဉာဏ်နီဉာဏ်နက်များသည့် ကောင်မစုတ်လေးတစ်ယောက်သာဖြစ်သည်။ ဖုန်းရာတောင်ခြေ၌ တွေ့မြင်ခဲ့ဖူးသမျှလူအားလုံးမှာ တစ်ယောက်တစ်လေသော်မျှ လူကောင်းသူကောင်းများမဟုတ်ကြသည့်တိုင် သခင်ဖြစ်သူရှိနေသရွေ့ကတော့ သူ(မ)ကို မည်သူမျှ တိုက်ခိုက်ရန်ပြုဖို့ စိတ်မကူးရဲကြပေ။ သို့ဖြစ်ရာ အလွန်အင်မတန် ဖြစ်တောင့်ဖြစ်ခဲလှစွာ သူ၏ရိုးသားဖြူစင်သောစိတ်ကလေးကို ထိန်းသိမ်းထားနိုင်ခဲ့လေသည်__သူ(မ)မှာ လူ့စိတ်သဘော လူ့မနောကို သိပ်ပြီးခန့်မှန်းတွက်ဆနိုင်စွမ်းမရှိပါချေ။ ကောက်ကျစ်ယုတ်မာခြင်းဟူသည့် အရာကိုသိသော်လည်း အမှန်စင်စစ် ကောက်ကျစ်ယုတ်မာခြင်းဟူသည် ဘယ်လိုဘယ်ပုံမျိုးလဲဆိုသည်ကိုမူ မသိနားမလည်သေးပါချေ။
လောင်မုန့်__မတည်မြဲတစ္ဆေ လောင်မုန့်။ ၎င်းမှာ ထိုစဉ်က ထိုက်ဟူတွင် တစ်ကိုယ်လုံး လယ်သမားအိုကြီးတစ်ယောက်ပုံစံမျိုး ဝတ်စားဆင်ယင်ထားလျက် သူ(မ)၏ ယာယီချောဆွဲခြင်းကိုခံလိုက်ရပြီးသော် အခြေအနေမဟန်သော အဆိုပါအမျိုးသားနှစ်ယောက်ကို မြေအောက်လိုဏ်ဂူအတွင်းမှ တူးထုတ်ပေးခဲ့သူဖြစ်သည့်အပြင် သခင်ဖြစ်သူ၏စကားတစ်ခွန်းကြောင့် သားသတ်သမားတစ်ယောက်၏ဝတ်စုံကို တကူးတကသွားရှာ၍ ဝတ်ဆင်ထားသလို တွေ့သမျှလူတိုင်းကိုလည်း ပြုံးရွှင်ကြည်သာစွာ ဆက်ဆံတတ်သူဖြစ်သည်။ သူ့နောက်ကွယ်တွင် လူများက သူ့ကို သခင်ဖြစ်သူမွေးမြူထားသော ခွေးတိရစ္ဆာန်တစ်ကောင်သဖွယ် ကဲ့ရဲ့ဝေဖန်နေကြသည်ကိုပင် သူ(မ) ကြားဖူးခဲ့သည်။
ခွေးသည်ပင် အတိုင်းအတာတစ်ခုအထိ ခွေးတစ်ကောင်၏ဒေါသစိတ်ဆိုတာမျိုး ရှိတတ်သေးသည်။ သူ့ထံတွင် ခွေးတစ်ကောင်၏ အမျက်ဒေါသစိတ်မျိုးတောင် ရှိမနေပေ။
သူက သော့ကိုခိုးသွားတာလား။ သူက သရဲတောင်ကြားကိုသစ္စာဖောက်ခဲ့တာလား။ ကြိုးဆွဲတစ္ဆေရွှဲဖန်းကရော ဘယ်ရောက်နေတာလဲ။
ကျန်းမိသားစုတစ်အိမ်လုံးအသတ်ခံရတုန်းက ရွှဲဖန်းအတုတစ်ယောက် ထွက်ပေါ်လာခဲ့တာ။ လောင်မုန့်က အဲဒီလူအယောင်ဆောင်ထားတာလား။ အဲဒီအချိန်ကတည်းကစပြီး လောင်မုန့်က ကျောက်မျိုးရိုးနဲ့ပူးပေါင်းလက်တွဲနေခဲ့တာလား။
ချောင်ဝေ့နင်က သူ(မ)မျက်မှောင်ကြုတ်ထားဆဲဖြစ်ကြောင်းတွေ့မြင်ရသောအခါ ပြဿနာကိုဖြေရှင်းပေးပြီး သူ(မ)၏စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာသွားစေရန် ကြိုးပမ်းအားထုတ်လိုက်သည်။
"တကယ်တော့....မနေ့က အစ်ကိုကျိုးတို့ ပြောနေကြတဲ့စကားတွေကို ကျွန်တော် မဆိုစလောက် အနည်းနဲ့အများတော့ နားလည်ပါတယ်"
ကုရှန်းက မက်မွန်ပွင့်သဏ္ဌာန် ဝိုင်းစက်ကြီးမားသော မျက်ဝန်းတစ်စုံဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးသော် သူ့ကို ခေါင်းမော့ကြည့်လာသည်။ ချောင်ဝေ့နင်မှာ ထိုကဲ့သို့ အကြည့်ခံလိုက်ရသောအခါဝယ် သူ့ကိုယ်သူ မစွမ်းဆောင်နိုင်တာမရှိသော အနန္တတန်ခိုးရှင်တစ်ယောက်အလား သူရဲကောင်းအရှိန်အဝါတို့ ရှင်သန်ပေါက်ဖွားလာကာ ရုတ်တရက် သူ့ကိုယ်သူ တကယ့်ကိုပင် ယောကျ်ားပီသသော ယောကျ်ားကောင်းတစ်ယောက်သဖွယ် ခံစားလိုက်ရလေတော့သည်။
ယောက်ျားပီသသော ယောကျ်ားကောင်းတစ်ယောက်ဟူသည် မိမိ၏ဇနီးမယားဖြစ်သူ စိတ်မပျော်ရွှင်သောအချိန်၌ သူ့ကိုနှစ်သိမ့်ချော့မြူပေးတတ်သလို သူ(မ) စိတ်ဆိုးဒေါသထွက်နေချိန်တွင်လည်း သူ(မ)ထံမှ အရိုက်အပုတ် အထုအထောင်းတို့ကို သည်းညည်းခံတတ်ပြီး သူ(မ) နားမလည်သည့်အရာများ ရှိလာသောအခါတွင်လည်း တစ်ခုချင်းစီကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကာ ရှင်းလင်းသင်ပြပေးတတ်သူဖြစ်သည်။
ချောင်ဝေ့နင်က ပြောသည်။
"သူတို့ 'ကျောက်သလင်းပြာ' အကြောင်းနဲ့ 'သော့' အကြောင်းကိုပြောနေကြတာ ကျွန်တော်ကြားလိုက်တယ်။ သူတို့က ကျောက်သလင်းပြာထဲမှာရှိတဲ့ပစ္စည်းကို ယူချင်နေကြတာ။ တကယ်က ကျောက်သလင်းပြာ အစိတ်အပိုင်းငါးခုလုံးကိုရှာတွေ့ရုံနဲ့ မလုံလောက်သေးဘူး။ နောက်ထပ်သော့တစ်ချောင်းလိုသေးတယ်။ အဲဒီသော့က ရှောင်ကျန်းပြောတဲ့ ခြေတစ်ဖက်ဆာနေတဲ့လူဆိုးကောင်ဆီမှာရှိနေတာ။ အစတုန်းက အဲဒီကောင်နဲ့ကျောက်ကျင့်က တစ်ဖွဲ့တည်းပဲ။ နှစ်ယောက်အတူ မကောင်းမှုတွေကိုကျူးလွန်ခဲ့ကြပြီး တခြားကျောက်သလင်းပြာအစိတ်အပိုင်းတွေကို ခိုးယူခဲ့ကြတယ်။ ကျောက်ကျင့်က ရှိန်စံအိမ်တော်အရှင်သခင်ကိုလုပ်ကြံလို့ ကောင်းသူရဲကောင်းပေါ်ကို အပြစ်ပုံချခဲ့ပြီး ကျောက်သလင်းပြာအစိတ်အပိုင်းအားလုံးကို ရရှိသွားခဲ့တယ်။ အခုချိန်မှာ တစ်ယောက်ဆီမှာ ကျောက်သလင်းပြာရှိနေပြီး တစ်ယောက်ဆီမှာ သော့ရှိနေတာမို့ သူတို့တွေဟာ ခိုးရာပါပစ္စည်းတွေနဲ့ပတ်သက်ပြီး အဝေမတည့်ဖြစ်ရာကနေ အချင်းချင်းပြန်တိုက်ခိုက်နေကြတော့တာပဲ"
ကုရှန်းက စဉ်းစားလိုက်ပြီးသော် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာသည်။
"ဒီလိုလဲဖြစ်နိုင်တာပဲ.....ဒါဆို ကျန်းချန်လင်ကို လိုက်သတ်နေတဲ့လူတွေကရော ဘယ်သူတွေလဲ"
ချောင်ဝေ့နင်က ဆိုသည်။
"မင်းစဉ်းစားကြည့်လေ.... ရှောင်ကျန်းက တစ်ချိန်လုံးပုန်းအောင်းနေခဲ့တဲ့ အဲဒီလူဆိုးကောင်ကို မြင်လိုက်တယ်လေ။ သူက မြင်ပြီး သိပ်မကြာခင်မှာပဲ မေ့သွားပေမဲ့ ဟိုလူဆိုးကောင်ကတော့ သူပြန်သတိရသွားပြီး သူရဲ့သရုပ်မှန်ကို ဖော်ထုတ်လိုက်မှာကြောက်နေတယ်။ ဒါကြောင့် သူက လူငှားပြီး သူ့ကိုလိုက်သတ်ခိုင်းတာ__ဟုတ်သားပဲ။ ကျောက်ကျင့်လဲ ဒီအကြောင်းကို ကျိန်းသေပေါက် သိနေလိမ့်မယ်။ မဟုတ်လို့ကတော့ ဒီလောက်ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အစ်ကိုကျိုးတို့က ကျန်းချန်လင်ကိုခေါ်ထုတ်သွားတာကို သူ ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ သူတို့ ကျန်းချန်လင်ကိုခေါ်ထုတ်သွားတော့ သူ့အတွက် တခြားလူတွေကိုလုပ်ကြံဖို့ အဆင်ပြေသွားတယ်လေ။ ဒါပေမဲ့ သရဲတောင်ကြားက လူဆိုးကောင်က သူ့သရုပ်မှန်ပေါ်သွားမှာကို ဘာဖြစ်လို့ ကြောက်နေရတာလဲ။ ကျွန်တော် ညတစ်ဝက်လောက်စဉ်းစားပြီးမှ သဘောပေါက်သွားတယ်။ သရဲတောင်ကြားထဲမှာလဲ သစ္စာဖောက်ကို ရှာဖွေစုံစမ်းနေကြတာဆိုတော့ သူ့ကို သစ္စာဖောက်မှန်းသိသွားပြီး အသတ်ခံရမှာကို ကြောက်နေတာပဲ"
ကုရှန်းက သူ့ကို လေးစားကြည်ညိုစိတ်အပြည့်ဖြင့် ကြည့်လိုက်ရင်း စိတ်ထဲတွင် တွေးတောလိုက်၏။ မထင်မှတ်ဘဲ သူက ကြက်ကန်းဆန်အိုးတိုးပြီး သူ့ခန့်မှန်းချက်တွေဟာ ကွက်တိဒက်ထိ မှန်ကန်နေတာပဲ
ချောင်ဝေ့နင်မှာ ကုရှန်း၏ အဆိုပါမျက်နှာအမူအရာကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ပို၍ပင် လေထဲသို့မြောက်တက်သွားပြီးသကာလ လက်ကိုဝှေ့ယမ်းကာ နှိမ့်ချကျိုးနွံသည့်အမူအရာမျိုး ဟန်ဆောင်လိုက်၏။
"ကျွန်တော်က ရမ်းသမ်းမှန်းသန်း လျှောက်ပြောလိုက်တာပါ၊ လျှောက်ပြောလိုက်တာပါ...အဟမ်း... ကျွန်တော်တို့ ဘာမဟုတ်တဲ့ကိစ္စတွေကို တွေးပူမနေပါနဲ့အုံး။ ကျွန်တော်တို့ ကျောက်ကျင့်ရဲ့အကြံအစည်တွေကိုဖော်ထုတ်ကြမယ်။ ယဲ့သူရဲကောင်းကို သွားရှာမယ်။ ဒါပြီးရင် ပြန်သွားပြီး ဘဝကို အေးအေးချမ်းချမ်း နေထိုင်ဖြတ်သန်းကြမယ်လေ၊ မင်းနဲ့ကျွန်တော်နဲ့ နှစ်ယောက်တည်း"
ကုရှန်းက ရည်ရွယ်ချက်ရှိရှိဖြင့် ပြောဆိုလိုက်သည်။
"ရှင့်ဆရာက ကျွန်မကို အမိမဲ့အဖမဲ့တဲ့ ကလေကချေ ကောင်မစုတ်လေးဆိုပြီး အထင်အမြင်သေးနေတာ။ သူက ကျွန်မတို့နှစ်ယောက်ကို သဘောမတူရင် ဘယ်လိုလုပ်မလဲ"
ချောင်ဝေ့နင်က သူ့လက်ကို နောက်တစ်ကြိမ် အားရပါးရ ဝှေ့ယမ်းလိုက်သည်။
"ဒါဆိုလဲ မင်းက ကျွန်တော့်ကို ပြန်ပေးဆွဲပြီး ခေါ်သွားလေ။ ကျွန်တော်တို့ ခိုးရာလိုက်ပြေးကြတာပေါ့"
ကုရှန်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ဖီ....ကျွန်မက ဒီလောက်တောင် လင်ဆာနေတဲ့ပုံစံ ပေါက်နေလို့လား"
ချောင်ဝေ့နင်က စဉ်းစားပြီး ထပ်ပြောလိုက်သည်။
"ဒါဆိုလဲ ကျွန်တော်ကပဲ နေရာပြောင်းပြီး ပန်းသူခိုးတစ်ယောက်လို ဟန်ဆောင်လိုက်ပါ့မယ်။ မင်းကိုပြန်ပေးဆွဲပြီး ကျွန်တော်တို့နှစ်ယောက် ခိုးရာလိုက်ပြေးကြတာပေါ့"
ကုရှန်းက စဉ်းစားလိုက်ပြီးသော် ဤသည်မှာ ဆိုးဝါးသောအကြံအစည်ဖြစ်သော်ငြား သိပ်မဆိုးလှပေဟု တွေးတောလိုက်၏။ သို့ဖြစ်ရာ သူ(မ)က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြကာ သူ(မ)၏ လက်သေးသေးလေးကိုဆန့်ထုတ်ပြီး ချောင်ဝေ့နင်၏လက်ကို လှမ်းချိတ်လိုက်၏။ နှစ်ယောက်သားမှာ ဘေးချင်းယှဉ်လျက် မြင်းကလေးကိုစီးကာ ကြည်နူးပြုံးပျော်စွာ ခရီးနှင်နေကြလေသည်။
ချောင်ဝေ့နင်က ကျေနပ်ပီတိဖြစ်စွာ တွေးတောလိုက်သည်။
ဇနီးမယားဆိုတာ ဒါမျိုးပါလား။ ဇနီးမယားတစ်ယောက်ရှိတာ သိပ်ကောင်းတာပဲ။ နူးနူးညံ့ညံ့၊ မွှေးမွှေးပျံ့ပျံ့နဲ့.....သူ ငါ့ကိုယ်ပေါ်မှာ လာမှီတွယ်တဲ့အချိန်တိုင်း ငါ့နှလုံးသားဟာ သူနဲ့ထပ်တူ အရည်ပျော်ကျသွားတော့မလိုပဲ။ သူတစ်ခေါက်ပြုံးပြလိုက်ရင် ချက်ချင်းပဲ ခေါင်းတွေ တရိပ်ရိပ်မူးနောက်လာသလို။ သူက ငါ ပူအိုက်နေသလား၊ ချမ်းအေးနေသလားဆိုတာကို ကောင်းကောင်းသိတဲ့သူ၊ ငါ့ကို အိပ်ရာခင်းပေးမဲ့သူ၊ အိပ်ရာသိမ်းပေးမဲ့သူ။ အနာဂတ်မှာ ခြံဝန်းသေးသေးလေးတစ်ခုပါတဲ့ အိမ်ကလေးတစ်လုံးဆောက်မယ်။ ဝဝတုတ်တုတ်၊ နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးတွေမွေးမယ်၊ နေ့တိုင်း ညအချိန်ရောက်လာရင် ငါ့ကိုအိမ်ပြန်လာပြီး ညစာစားဖို့ တကြော်ကြော်အော်ခေါ်နေတဲ့ သူ့အသံစာစာလေးတွေကိုလဲ ကြားရမယ်...
စဉ်းစားလေလေ ပို၍သာယာကြည်နူးဖွယ်ကောင်းလာလေလေဖြစ်လာရင်း ၎င်းမှာ နောက်ဆုံးတွင်မူ ကဗျာရွတ်ဆိုလိုသည့်စိတ်ဆန္ဒများ အကြီးအကျယ် ပေါက်ဖွားလာပြီးသော် ကဗျာတစ်ပုဒ်ကို ကျယ်လောင်ပီသစွာ ရွတ်ဆိုမြည်တမ်းလိုက်လေတော့သည်။
"ရွှေရောင်လေပြည်လေညင်းနဲ့ ကျောက်စိမ်းမြူနှင်းတို့ရဲ့ တစ်ကြိမ်တစ်ခါ အမှတ်မထင်တွေ့ဆုံမှုဟာ ကောင်းကင်ဘုံနဲ့ သေမျိုးလောကကြီးအတွင်းက မရေမတွက်နိုင်တဲ့ တွေ့ဆုံမှုပေါင်းများစွာထက် သာလွန်ပါရဲ့.....
ဝေဟင်ယံထက်မှာဆိုရင် တောင်ပံနှစ်ဖက် စပ်ယှက်ပေါင်းဖက်ထားတဲ့ ငှက်ကလေးတွေဖြစ်ချင်ပါတယ်....မြေပြင်ပေါ်မှာဆိုရင် နှစ်ကိုယ့်တစ်စိတ် ပေါင်းစပ်နေတဲ့ သစ်ပင်နှစ်ပင်ဖြစ်ချင်ပါတယ်...."
(T/N -- ပထမစာပိုဒ်မှာ ကဗျာဆရာ ချင်ကွမ်းရေးသားစပ်ဆိုခဲ့သော 'ငှက်ကျားတံတားပေါ်မှ အမတနတ်ဘုရား' ဟူသည့်ကဗျာမှ ကောက်နုတ်ချက်ဖြစ်ပြီး ဒုတိယစာပိုဒ်မှာ ကဗျာဆရာ ပိုင်ကျွီးရိ၏ 'ထာဝရအလွမ်းတေးသံ' ကဗျာမှ ကောက်နုတ်ချက်ဖြစ်သည်။)
အချို့လူများသည် မိုးလင်းမှ မိုးချုပ်တိုင်အောင် ဟိုဟိုသည်သည်ကြံစည်အားထုတ်ကာ မိမိ၏အသက်ရှင်သန်နိုင်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် ကြိုးစားပမ်းစား လုပ်ကြံသတ်ဖြတ်နေကြသည်မှာ ဘာအဓိပ္ပာယ်ရှိပါအံ့နည်း။ အများနှင့်မတူ တမူထူးခြားသည့် အနှိုင်းမဲ့သိုင်းပညာရပ်များကိုလေ့ကျင့်သင်ယူပြီး ဆောင်းဦးအသင်္ချေ ခေတ်အလီလီကိုဖြတ်သန်းကာ တစ်လောကလုံးတွင် နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာလျှင်ရော ဘာအဓိပ္ပာယ်ရှိပါအံ့နည်း။
သူတို့ဘဝတစ်သက်တာလုံးတွင် ဇနီးမယားလစ်လပ်နေသော လူပျိုကြီး၊ အပျိုကြီးများသာ ဖြစ်နေကြပေလိမ့်မည်။
ချောင်ဝေ့နင်၏စိတ်ထဲတွင် သူတို့အားလုံးမှာ မဆိုစလောက် သနားစရာကောင်းလှသည်ဟု ရေးတေးတေးခံစားလိုက်ရလေသည်။
အရှင်ခုနစ်နှင့်နတ်ဆေးဆရာလေးတို့နှစ်ဦးသား ဆေးဝါးပစ္စည်းတစ်ပုံတစ်ပင်ကို လက်ထဲတွင်သယ်ဆောင်ပြီး ပြန်ရောက်လာသောအချိန်ဝယ် ကျိုးကျစ်ရှူးတစ်ယောက် ခြံဝန်းထဲတွင်ထိုင်နေရင်း ပုလွေတစ်ချောင်းကို ဓားဖြင့်သပ်ရွေနေသည်ကို တွေ့မြင်လိုက်ရသည်။ သူ၏လက်ရာမှာ သိပ်အကောင်းစားကြီးတော့ မဟုတ်ပါချေ။ အနီးအနားတွင်ရှိသော တွေ့ရာပစ္စည်းများကိုသာ အသုံးပြုထားခြင်းဖြစ်သည်။ ရှေ့တွင်ပြုလုပ်ထားခဲ့သော ပုလွေအချို့မှာ အလဟဿဖြစ်သွားရှာပြီးနောက် တီးမှုတ်သောအခါတွင်လည်း ခပ်အက်အက်အသံများသာထွက်ပေါ်လာလျက် မြေပြင်တစ်ခွင်လုံး လွှစာမှုန့်များ ပြည့်နှက်နေတော့သည်။ အရှင်ခုနစ်က သူ့အနားသို့ရောက်ရှိလာချိန်ဝယ် သူနောက်ဆုံးပြုလုပ်ထားသော ပုလွေတစ်ချောင်းမှာ ရုပ်လုံးပေါ်လာပြီဖြစ်ကြောင်း တွေ့မြင်လိုက်ရလေသည်။
နတ်ဆေးဆရာလေးက ကျိုးကျစ်ရှူးကိုခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမျှမပြောဘဲ နောက်လှည့်ကာ အခန်းဆီသို့ပြန်သွား၏။
အရှင်ခုနစ်ကမူ သူ့နံဘေးတွင် ထိုင်ချလိုက်ပြီး မေးမြန်းလာသည်။
"မင်း ဘာတွေလုပ်နေတာလဲ"
ကျိုးကျစ်ရှူးက ပျင်းရိပျင်းတွဲ ပြန်လည်ဖြေကြားလိုက်၏။
"စိတ်နဲ့ခန္ဓာကို ကျင့်ကြံနေတာပါ"
သူက သပ်ရွေထားသောပုလွေကို ပါးစပ်ဝနားတွင်တေ့ကာ တစ်ချက်မျှ မှုတ်ကြည့်လိုက်သည်။ နောက်ဆုံး၌ အသံထွက်လာ၏__ အခြားသူများ ပုလွေမှုတ်သောအခါဝယ် အမတနတ်ဘုရားတစ်ပါးထံမှ ထွက်ပေါ်လာသော တေးသွားသံစဉ်များပမာ၊ တိမ်လွှာတိမ်စိုင်များအတွင်းသို့ တိုးဝင်သွားရသလို ခံစားရသော်ငြား သူ ပုလွေမှုတ်လိုက်သောအခါတွင်မူ နားစည်ကွဲလုမတတ် မိစ္ဆာအသံဆိုးများသာ ထွက်ပေါ်လာ၏။ ရံဖန်ရံခါ စူးရှသောအသံများထွက်ပေါ်လာကာ ရံဖန်ရံခါတွင်မူ အက်ရှရှအသံများထွက်ပေါ်လာ၏။ မည်သို့ပင်ဖြစ်စေ ထွက်လာသမျှအသံတိုင်းမှာ တစ်လုံးတလေမျှပင် သံစဉ်မကိုက်ညီပါချေ။ ၎င်းမှာ သူ၏စိတ်နှင့်ခန္ဓာကို ကျင့်ကြံနေခြင်းမဟုတ်ဘဲ နားထောင်သူ၏ ခန္တီပါရမီကို ကျင့်ကြံပေးနေခြင်းသာဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
အရှင်ခုနစ်က သူ့နားကို လက်ဖြင့်ပိတ်ထားလိုက်ပြီး ကျိုးကျစ်ရှူးလက်ထဲမှ ဓားအသေးလေးနှင့် သစ်သားတုံးလေးကို လှမ်းယူလိုက်သည်။ သူ၏လက်ချောင်းများမှာ အလွန်တရာကျွမ်းကျင်သွက်လက်လှပြီး နှစ်ချက်သုံးချက်ခန့် လှုပ်ရှားလိုက်ပြီးနောက်ဝယ် ပုလွေတစ်ချောင်း၏ ရုပ်လုံးပုံသဏ္ဌာန်ပေါ်ပေါက်လာတော့သည်။ အပြင်ပန်းမှကြည့်လျှင် ကျိုးကျစ်ရှူး၏လက်ရာနှင့် သိပ်မကွာသယောင်ထင်ရ၏။ ကျိုးကျစ်ရှူးက ထိုပုလွေကိုလှမ်းယူပြီး နှုတ်ခမ်းဝတွင်တေ့၍ အစမ်းမှုတ်ကြည့်လိုက်သောအခါမှသာလျှင် ထွက်လာသောအသံမှာ သိသိသာသာ ကွာခြားသွားလေသည်။ သူက အတိုင်းထက်အလွန် နားဝင်ပီယံရှိလှသည်ဟုပြောလို့ရနိုင်သော တောတောင်ရေမြေတစ်ခွင်အတွင်းရှိ တိုင်းသူပြည်သူများ၏ ကျေးလက်ရိုးရာတေးသီချင်းတစ်ပုဒ်ကို တီးမှုတ်လိုက်လေသည်။
အဆုံးတွင် ကျိုးကျစ်ရှူးက ပုလွေကိုပြန်ချလိုက်ပြီး ပြုံးစစဖြင့် ပြောလာသည်။
"အရှင်ခုနစ်က ကဗျာ၊ ဂီတ၊ အလင်္ကာ၊ စာပေအရာမှာသာမက အသောက်အစား၊ ကာမဂုဏ်၊ လောင်းကစား အစရှိတဲ့ နေရာတွေအားလုံးမှာပါ သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်နိုင်စွမ်းရှိတဲ့ တကယ့်ကို ရွှေမြို့တော်က နံပါတ်တစ် *ပိုးသားဘောင်းဘီလေးလို့ ခေါ်ဆိုထိုက်ပါပေတယ်လေ။ ဒါကြောင့်လဲ ဒီလိုမျိုးလှည့်ကွက်တွေအထိ လုပ်တတ်နေတာပေါ့လေ"
(T/N *ပိုးသားဘောင်းဘီ - ရှေးခေတ်က ချမ်းသာတဲ့မိသားစုမှာကြီးပြင်းလာတဲ့ ကလေးတွေ ဝတ်ဆင်လေ့ရှိတဲ့ ပိုးထည်နဲ့ပြုလုပ်ထားတဲ့ ဘောင်းဘီကိုပြောတာပါ။ အဓိပ္ပာယ်ကတော့ သူဋ္ဌေးသူကြွယ်တွေလို့ ရည်ညွှန်းခြင်းဖြစ်ပါတယ်)
အရှင်ခုနစ်က တစ်ချက်မျှ ရယ်သွမ်းသွေးလိုက်လေသည်။
"သူ ထွက်သွားပြီလား"
ကျိုးကျစ်ရှူးက ခေါင်းညိတ်ပြလိုက်သည်။
အရှင်ခုနစ်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။
"မင်း သူနဲ့ လိုက်မသွားဘူးလား"
ကျိုးကျစ်ရှူးက ဆိုသည်။
"လိုက်သွားချင်တာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ဘက်မှာလဲ အခြေအနေတွေက ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို စားဖို့စောင့်နေပေမဲ့ သူ့အနောက်မှာ စာဝါငှက် အကောင်တစ်ရာလောက်ရှိနေတာလေ။ အချိန်ခဏလောက် စောင့်ပြီးမှပဲ သွားတာပေါ့။ ကျွန်တော်မျိုး အခြေအနေကို စောင့်ကြည့်လိုက်ပါအုံးမယ်။ အချိန်တန်မှပဲ သူ့ကိုသွားခေါ်ထုတ်တော့မယ်"
အရှင်ခုနစ်က သူ့ကို ဖျတ်ခနဲလှမ်းကြည့်လိုက်ရင်း ဆိုသည်။
"သွားခေါ်ထုတ်ရုံပဲလား။ တခြား ဘာမှမလုပ်တော့ဘူးလား။ တကယ်လို့ သူသာ ကျိုရှောင်းဖြစ်နေခဲ့ရင် မင်း ဒီလိုစိတ်အေးလက်အေးနေနိုင်မယ်မထင်ဘူး"
ကျိုးကျစ်ရှူးက ပြုံးယောင်သန်းလျက် ခေါင်းခါယမ်းလိုက်သည်။
"သူ့ကို ကျိုရှောင်းနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ။ ကျိုရှောင်းက ကလေးတစ်ယောက်သာသာပဲလေ။ သူကတော့.....သူလုပ်ရမဲ့အရာကို ကောင်းကောင်းသိတယ်။ သူ့ကိစ္စတွေကို ကျွန်တော် ကြားဝင်စွက်ဖက်လို့မကောင်းဘူး။ သူ့ကိုယ်တိုင်ပဲ အဆုံးသတ်ဖြေရှင်းပါလိမ့်မယ်"
သူက ပြောရင်းဆိုရင်း မတ်တပ်ထရပ်လိုက်ပြီး အကြောအခြင်ဆန့်လိုက်သည်။ ထို့နောက် အရှင်ခုနစ်ပြုလုပ်ပေးထားသောပုလွေတိုလေးနှင့် သေရည်အိုးတစ်လုံးကို သူ့ခါးကြားထဲသို့ အတူတကွထိုးထည့်လိုက်ပြီးသော် နောက်လှည့်၍ပြောလာသည်။
"အရှင့်ရဲ့ပုလွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်__တကယ်လို့ ကျွန်တော်ထင်တာမမှားဘူးဆိုရင် ကင်းမြီးကောက်က ပထမဆုံးစာဝါငှက် ဖြစ်လာလိမ့်မယ်။ ကျွန်တော် ရှောက်ရှင်းသေရည်အဝါတစ်အိုး သွားယူလာပြီး သူ့နောက်ကနေပျံလိုက်သွားဖို့ အဆင်သင့်ပြင်ထားလိုက်အုံးမယ်"
အရှင်ခုနစ်က သူ့ကိုခေါင်းမော့ကာ ကြည့်လိုက်သည်။ ကျိုးကျစ်ရှူးမှာ အလင်းရောင်ကို နောက်ကျောပေးထားသောကြောင့် သူ့မျက်နှာအမူအရာကို သဲသဲကွဲကွဲမမြင်ရသည့်တိုင် သူ့ပါးပြင်နှစ်ဖက်မှာမူ ရွှေစင်ရွှေသားများဖြင့် အနားကွပ်ထားသည့်နှယ်။ သူက ပြုံးယောင်သန်းလျက် ပြောလိုက်သည်။
"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့အုံး။ မင်းရဲ့ ဒဏ်ရာကုသရမဲ့အချိန်အခါကို မနှောင့်နှေးစေနဲ့"
ကျိုးကျစ်ရှူးက လက်ကိုဝှေ့ယမ်းပြကာ ခြေလှမ်းကျဲကြီးများဖြင့် အပြင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။
အရှင်ခုနစ်က ခေါင်းပြန်ငုံ့လိုက်ပြီး နောက်ထပ်ပုလွေတိုတစ်ချောင်းကိုသပ်ရွေလိုက်သည်။ ထို့နောက် လွှစာမှုန့်များကို ပြောင်စင်အောင် မှုတ်ထုတ်လိုက်ကာ ပုလွေကို နှုတ်ခမ်းဝနားတွင်တေ့ရင်း သူ့ကိုနှုတ်ဆက်ပို့ဆောင်သည့်အနေဖြင့် တေးသီချင်းတစ်ပုဒ်ကို တီးမှုတ်လိုက်လေသည်။
အဆိုပါကြည်လင်ငြိမ့်ညောင်းသာယာသော တေးသွားသံစဉ်မှာ လေတိုးသံတစ်သံပမာ ပျံ့လွင့်ထွက်ပေါ်လာရင်း အဆုံးသတ်သံစဉ်တို့မှာ ညင်သာစွာ ဝေ့ဝဲရစ်သိုင်းနေ၏။ ကမန်းကတန်းပြုလုပ်ထားသော အကြမ်းထည်ပုလွေတိုတစ်ချောင်းသာဖြစ်သော်ငြား သူ တီးမှုတ်လိုက်ချိန်ဝယ် စည်ပင်သာယာဝပြောခဲ့သော အထွတ်အထိပ် ရွှေခေတ်ကာလ အတွင်းရှိ ခံ့ညားထည်ဝါပြီး သဘာဝကျသော၊ ဂုဏ်ကျက်သရေတင့်တယ်သော တေးသွားသံစဉ်များသဖွယ် ပျံ့လွင့်ထွက်ပေါ်လာတော့သည်။
နှမြောစရာကောင်းသည်ကား သီချင်းတစ်ပုဒ်မပြီးဆုံးသေးခင်မှာပင် ပုလွေသံမှာ ရပ်တန့်သွား၏။ ကျိုးကျစ်ရှူး၏လူရိပ်လူယောင်မှာလည်း အစောကြီးကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။
အရှင်ခုနစ်က မျက်လွှာချလိုက်ပြီး ခပ်ဖွဖွရယ်မောကာ ပုလွေကို ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး သူ့အင်္ကျီလက်အနားကို သိမ်းထုပ်ကာ အခန်းတွင်းသို့ ပြန်လှည့်ဝင်သွားလေတော့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူနှင့်ကျိုးကျစ်ရှူးတို့နှစ်ယောက် မင်းနေပြည်တော်တွင်ရှိနေခဲ့စဉ်အခါက မိမိသည် တစ်ခွန်း အခေါ်တော်ရှိလိုက်လျှင် လူအယောက်တစ်ရာပြန်ထူးရသော နန်နဉ်မင်းသားဖြစ်ခဲ့ပြီး ကျိုးကျစ်ရှူးသည် အမှောင်ထုအတွင်း သွားလာလှုပ်ရှားရသော ကောင်းကင်ပြတင်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ချိန်ဝယ် မိမိတို့နှစ်ဦးသည် အမျိုးအစားတူညီကြသူများဖြစ်သည်ဟု သူ ထင်မှတ်ခဲ့ဖူးသည်။
သို့သော် သည်နေ့သည်အချိန်ရောက်လာသောအခါမှသာလျှင် သူတို့နှစ်ဦးမှာ လုံးလုံးလျားလျားကို မတူညီသောလူနှစ်ဦးဖြစ်နေကြောင်း နားလည်သဘောပေါက်သွားသည်။ မိမိသည် အနှီလူကဲ့သို့ ရယူသင့်သည်ကိုရယူပြီး လက်လွှတ်သင့်သည်ကိုလက်လွှတ်နိုင်သော သိုင်းလောကစိတ်ဓာတ်မျိုး ရှိမနေသည့်အပြင် ဘယ်သောအခါမျှလည်း စိတ်နေသဘောထားကြီးမြတ်သူမျိုး မဟုတ်ခဲ့ပါချေ။ ကျိုးကျစ်ရှူးတစ်ယောက် ဤကဲ့သို့ ပွင့်လင်းရိုးရှင်းစွာ ရှင်သန်နေထိုင်နေသည်ကိုတွေ့မြင်လိုက်ရချိန်ဝယ် သူ့အပေါ်တွင် မဆိုစလောက် မနာလိုစိတ်လေးများ ပေါက်ဖွားရှင်သန်လာတော့သည်။
ကျိုးကျစ်ရှူးက ဆောင်ကြာမြိုင်နယ်နိမိတ်အတွင်းရှိ အိမ်ခေါင်မိုးတစ်ခုပေါ်၌ နှစ်ရက်ခန့်စခန်းချနေထိုင်ပြီးသကာလ သေရည်အိုးဆယ်အိုးခန့် ပြောင်သလင်းခါသွားချိန်အထိ စောင့်ဆိုင်းနေပြီးနောက်တွင်မူ နောက်ဆုံး၌ ကင်းမြီးကောက်ဂိုဏ်းချုပ်သည် သူ၏အဆိပ်ကင်းမြီးကောက်အသိုက်တစ်ခုလုံးကို ခေါ်ဆောင်ကာ ထွက်ပေါ်လာတော့သည်။
တကယ့်ကိုပင် အယုတ်တမာပြည့်တန်ဆာများသည်ကား ခံစားချက်ကင်းမဲ့သူများ ဖြစ်ကြသည်။ ကျန်းချန်လင်ကိုသတ်ဖြတ်ရန်ကြိုးစားခဲ့သော ခြေတစ်ဖက်ဆာနေသည့် တစ္ဆေမိစ္ဆာသည် သူ့ကို ဝမ်းခယ့်ရှင်နှင့်သွားရောက်ပူးပေါင်းခိုင်းခဲ့သလို တစ်ဖက်တွင်လည်း ပြန်သွားပြီး ကျောက်ကျင့်ကိုရှင်းထုတ်ခိုင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ခြေတစ်ဖက်ဆာနေသည့်လူငယ်လေးအား ကျန်းချန်လင်ထံသို့သွားပြီး သွေးထိုးလှုံ့ဆော်ခိုင်းလိုက်သေး၏။ ကျန်းချန်လင်က သူ မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိမှာကို စိုးရိမ်နေသည့်အလား၊ လျှာရှည်တစ္ဆေ၏ နောက်ကွယ်တွင်ရှိနေသောလူအား ဝမ်းခယ့်ရှင် မသိမှာကို စိုးရိမ်နေသည့်အလား။
နှစ်ဖက်လုံးမှာ ငွေကြေးလက်ခံထားကြသလို နှစ်ဖက်လုံးမှာလည်း သစ္စာဖောက်များဖြစ်နေကြသည်။ ထို့အပြင် ကျားနှင့်နဂါးတို့ ရေကုန်ရေခန်းတိုက်ခိုက်မှုအပြီးဝယ် သူတို့က ထိုအခွင့်အရေးကို ကောင်းကောင်းအသုံးချကာ တိုက်ပွဲတွင်ရှုံးနိမ့်ပြီး ဒဏ်ရာရသွားသူများကို အိုးတစ်အိုးထဲတွင် အလုံပိတ်၍ထည့်ပြုတ်ရန် ကြံစည်ထားကြသေး၏။ တကယ့်ကို လိမ္မာပါးနပ်လှသော အကွက်များပင်တည်း။
ကျိုးကျစ်ရှူးက အလောတကြီး မလှုပ်ရှားခဲ့ပါချေ။ သူ့ရင်ဘတ်ထဲမှ လူ့အရေပြားတစ်ခုကိုထုတ်ယူကာ မျက်နှာပေါ်တင်လိုက်ပြီး လက်ဖြင့်တစ်ချက်မျှ ပွတ်သပ်လိုက်သည်နှင့်တစ်ပြိုင်နက် ချောမောလှပသော မျက်နှာလေးသည်ကား အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။ သူက လူအုပ်အတွင်းသို့ ရောနှောဝင်ရောက်လိုက်ပြီး ခပ်လှမ်းလှမ်းအကွာမှနေ၍ ထိုလူများနောက်သို့ နောက်ယောင်ခံလိုက်သွားလေတော့သည်။
သုံးလေးရက်ခန့် နောက်ယောင်ခံလိုက်လာပြီးနောက်တွင်မူ ထိုအုပ်စုသည် ဖုန်းရာတောင်သို့ တန်းတန်းမတ်မတ်သွားနေခြင်းမဟုတ်ကြောင်း ကျိုးကျစ်ရှူး သတိထားမိသွားသည်။ ကြားထဲတွင် ဟိုကွေ့သည်ပတ်လုပ်ကာ ပြဿနာအရှုပ်ထုပ်တစ်ခုကို တကူးတက ကိုင်တွယ်ဖြေရှင်းရန်ကြိုးစားနေသယောင်။ များမကြာမီအချိန်အတွင်း အဆိုပါ 'ပြဿနာအရှုပ်ထုပ်' သည်ကား အမှန်တကယ်တမ်း ယွီချိုးဖုန်းဖြစ်နေကြောင်း ကျိုးကျစ်ရှူး သဘောပေါက်သွားလေတော့သည်။
ယွီချိုးဖုန်းမှာ အစိမ်းရောင်မြေခွေးမိစ္ဆာကိုအသုံးချကာ အန္တရာယ်ကပ်ဘေးဆိုးတစ်ခုထံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ဖူးသည်။ သို့သော် ဤတစ်ကြိမ်ဝယ် ကံတရားသည် သူ့ဘက်တွင် ရှိမနေတော့ပါချေ။ ၎င်းမှာ ကြောင်ကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရရှာသော ကြွက်ကလေးတစ်ကောင်ပမာ၊ ရှေ့ပြေးအဆိပ်ကင်းမြီးကောက်များ၏ လိုက်လံသတ်ဖြတ်ခြင်းကိုခံနေရရှာပြီး အသက်လုကာ အသည်းအသန် ထွက်ပြေးနေရသည်။ သူ၏လက်ရှိအနေအထားမှာ ကျန်းချန်လင်ထက်ပင် ပို၍ဆိုးဝါးစုတ်ပြတ်နေ၏__ သူ့ကိုကာကွယ်ပေးမည့်သူ တစ်ယောက်တလေမျှ ရှိမနေတော့ပါချေ။ တစ်ချိန်တုန်းကတော့ ထိုသို့ကာကွယ်ပေးမည့် အမျိုးသမီးတစ်ဦးရှိကောင်းရှိခဲ့ဖူးသည်။ သို့သော် သူ(မ)မှာ သေဆုံးသွားခဲ့လေပြီ။
ယွီချိုးဖုန်းမှာ လူတစ်ကိုယ်လုံး စုတ်တီးစုတ်ပဲ့ဖြစ်နေပြီး ကျိုးကျစ်ရှူးတစ်ယောက် ကျန်းဟူသို့ဝင်ရောက်လာကာစအချိန်တုန်းကထက်ပင် ပို၍သူဖုန်းစားတစ်ယောက်ပုံစံမျိုး ပေါက်နေသေးသည်။ ယခင်တုန်းက လက်ထဲတွင် ယပ်တောင်လေး တဖျတ်ဖျတ်ခတ်နေခဲ့သော ဂိုဏ်းချုပ်ယွီ၏ ပုံရိပ်တစ်စွန်းတစ်စတို့သည်ကား ဘယ်ရောက်သွားခဲ့ပါသနည်း။
ဟွရှန်းဂိုဏ်းသည် သူတို့၏ခေါင်းဆောင်ဖြစ်သူကို အသစ်တဖန် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပြီးဖြစ်လေရာ သူ့ကို ဆက်လက်၍ အသိအမှတ်မပြုကြတော့ပါချေ။ ၎င်းမှာ လမ်းဘေးခွေးတစ်ကောင်သာ ဖြစ်သွားခဲ့ချေပြီ။
နောက်ဆုံးတွင်မူ ယွီချိုးဖုန်းမှာ ပြေးရင်းလွှားရင်း လမ်းဆုံးသို့ရောက်ရှိသွားပြီးသကာလ ကင်းမြီးကောက်များ၏ရှေ့မှောက်တွင် အရှင်လတ်လတ် ဖမ်းဆီးခံလိုက်ရရှာတော့သည်။