Part - 25 (Unicode)

1.4K 135 17
                                        

ကျောင်းသို့သွားရန် ပြင်ဆင်ပြီးသောအခါ သန့်၏ အခန်းတံခါးကို ခပ်ဖွဖွ ခေါက်လိုက်လေ၏။

ကျွန်မ - " အသန့်လေးရေ... မပြီးသေးဘူးလား... ကျောင်းသွားရအောင်လေ... "

သန့် - " ဟုတ်ကဲ့ ... ခဏ... "

အခန်းတံခါးဖွင့်သံနှင့်အတူ သန့်တစ်ယောက် အခန်းထဲမှ ထွက်လာလေ၏။

ဆံပင်ကို တစ်ဝက်စည်းထား၍ ပန်းပွင့်ခပ်နုတ်နုတ်အဆင်ဖြင့် စိမ်းပြာရောင်ပါတိတ် လက်စကဝမ်းဆက်ကို ဝတ်ဆင်ထားသော သန့်သည် ကျွန်မအတွက်တော့ လွန်ခဲ့သော ဆယ်နှစ်ခန့် နှစ်ဦးသား စတင်တွေ့ဆုံချိန်နှင့် မည်သို့မျှ ကွဲပြားသွားခြင်း မရှိပေ။

သန့် - " ဘာလို့ အဲ့လောက် ကြည့်နေတာလဲ... လှလို့လား... ရတယ်... အသန့်လေး လှတာ အသန့်လေး သိတယ်... "

ကျွန်မ - " သိနေတယ်... ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ်ပဲ ချီးကျူးနေမယ် ဆိုတာ... "

သန့် - " သွားကြမလား ... "

ကျွန်မ - " အင်း... "

ကျွန်မက ခေါင်းညိမ့်လိုက်ရင်း သန့်၏ လက်ထဲ၌ ကိုင်ထားသော Pencil heels ကို လှမ်းကြည့်လိုက်မိလေသည်။

ကျွန်မ - " အဲ့သည့် ဖိနပ်ကြီး စီးလာမှာလား... "

သန့် - " အင်းလေ... ဘာလို့လဲ... "

ကျွန်မ - " ချော်လဲကုန်မှဖြင့်... "

သန့်က ရယ်လိုက်လေသည်။

သန့် - " 2 inches heels ပါ မမရဲ့... ချော်မလဲပါဘူး... "

ကျွန်မ - " အသန့်လေးတို့ ရန်ကုန်မှာကတော့ ဟုတ်တာပေါ့... ဒီမှာက လမ်းတွေက အညီမှ မဟုတ်တာ... "

သန့် - " ဘာလဲ... လမ်းလျှောက်သွားရမှာလား... "

ကျွန်မ - " ဟင့်အင်း... ဆိုင်ကယ်နဲ့... "

သန့် - " အင်းလေ... ဧည့်ပါမောက္ခကို ကျောင်းအထိ လမ်းလျှောက်ခိုင်းလို့လည်း မရဘူးလေ... ပြီးတော့ အသန့်လေးက Pencil heels ကို သဲပြင်နဲ့ ဝါးတံတားပေါ်က လွဲရင် ဘယ်နေရာမဆို စီးပြီးလျှောက်တတ်တယ်... "

သန့်က ကျွန်မ၏ မျက်နှာကို စေ့စေ့ကြည့်ကာ

သန့် - " တစ်ခုတော့ ရှိတယ်... မမရဲ့ နှလုံးသားထဲမှာ ဆိုရင်တော့ ခြေဗလာနဲ့ သွားရလိမ့်မယ်... မမ နာကျင်သွားစိုးလို့ ... "

The Rope (Own Creation)Where stories live. Discover now