Part - 24 (Unicode)

Start from the beginning
                                        

သန့် - " ဘာလို့ အသန့်လေးကို ပြန်လိုချင်ရတာလဲ... မေ့ကြောင့်လား... ဘာတွေ ပြောခဲ့လဲတော့ မသိပေမယ့် ........................ "

သန့်၏ စကားမဆုံးလိုက်မီပင် ကျွန်မက အလျင်အမြန် ဖြတ်လိုက်ကာ

ကျွန်မ - " မဟုတ်ဘူး... တီကြူက ပြန်အဆင်ပြေစေချင်တာ မှန်ပေမယ့် မမမှာ မဖြစ်မနေ လိုက်နာရမယ့် အကြောင်းမှ မရှိတာ... မမက အသန့်လေးကို မမေ့နိုင်သလို ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့လို့... အသန့်လေးရဲ့ ဒီလိုပြောနေတာ အသန့်လေးရဲ့ အောင်မြင်မှုနဲ့ မဆိုင်ဘူးနော်... အသန့်လေး အရာအားလုံးကို စွန့်လွှတ်ပြီးမှ မမဆီကို ပြန်လာခဲ့လည်း ဖြစ်တယ်... မမလည်း အရာအားလုံးကို စွန့်လွှတ်ပြီး အသန့်လေးနောက်လိုက်ခဲ့ပြီး နှစ်ယောက်သား ဇာတ်မြှုပ်နေရအောင်... "

သန့်က ပြုံးလေသည်။

သန့် - " တအားတွေ စိတ်ကူးယဉ်တာပဲနော်... မမရယ် 21st century ရောက်နေပြီရှင့်... ပတ်ဝန်းကျင်ရဲ့ အမြင်ကို ကြောက်လို့ဆိုပြီး ထွက်ပြေးနေစရာလား... အသန့်လေး ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလို တွေဝေနေမယ့်သူ မဟုတ်တော့ဘူး... "

ကျွန်မ - " မမတို့ အတူနေရအောင်... "

သန့် - " ရှင်... "

ကျွန်မ၏ စကားကြောင့် သန့်က ပါးစပ်အဟောင်းသားဖြင့်

သန့် - " မမက အဆင့်ကျော်နေပြီလို့ မထင်ဘူးလား... "

ထိုစကားကြောင့် ကျွန်မ ပြန်စဉ်းစားလိုက်ရသည်။

ကျွန်မ - " အယ်... အဲ့လို မဟုတ်ဘူးလေ... မမ ပြောတဲ့အဓိပ္ပါယ်က အဲ့လို မဟုတ်ဘူးနော်... "

ကျွန်မ၏ ဖြေရှင်းချက်ကြောင့် သန့်က ရယ်လေသည်။

သန့် - " ဒါဆို မနေဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့... "

ကျွန်မ - " မမ ပြောချင်တာကကွာ... အသန့်လေးက မမကို လက်ထပ်ဖို့ စိတ်ကူးမရှိဘူး မလား... အဲ့ဒါကြောင့် နှစ်ယောက်တစ်ဘဝ တည်ဆောက်ရအောင်... အတူနေရအောင်လို့ ပြောတာ... "

သန့် - " အင်းပါ... နားလည်ပါတယ်... ဘာလို့ အသည်းအသန် ရှင်းပြနေတာလဲ... "

ကျွန်မ - " သူပဲ တလွဲတွေတွေးနေပြီးတော့... အဲ့ဒါထက် ဘာလဲ ပြန်တွဲမှာလား... "

သန့် - " နေပါဦး ... စဉ်းစားပါရစေ... "

ကျွန်မ - " ဟင့်အင်း... မစဉ်းစားနဲ့တော့ ငါမတွဲချင်တော့ဘူး... "

သန့် - " မမကလည်း အဲ့လို လုပ်လို့ မရဘူးလေ ... ခုန ပြောတော့ အသန့်လေးကို ချစ်တယ်ဆို... "

ကျွန်မ - " အဲ့ဒါ ခုနကလေ... အခု မချစ်တော့ဘူး... "

သန့် - " ဘယ်လိုလုပ်မလဲ... မမ မချစ်ပေမယ့် အသန့်လေးကတော့ မမကို ချစ်တယ်... "

သန့်က ပြောပြောဆိုဆိုဖြင့် ကျွန်မကို သိုင်းဖက်လိုက်ကာ

သန့် - " အကြာကြီး စိတ်ဆိုးနေခဲ့မိလို့ တောင်းပန်ပါတယ်... အခုကစပြီး အသန့်လေးကို မထားခဲ့ပါနဲ့တော့... မမက အသန့်လေးအတွက် နေမင်းကြီးလိုပဲ... ပူလောင်ပေမယ့် အလင်းရောင်ကို ပေးစွမ်းနိုင်တယ်... "

သန့်က ကျွန်မ၏ နှုတ်ဖျားထက် ချိုမြိန်သော လက်ဆောင်တစ်ခုကို ခြွေချပေးခဲ့လေသည်။

The Rope (Own Creation)Where stories live. Discover now