Chapter 307

1.4K 184 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၅ )

Chapter-2

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ကောက်ကျစ်သော ရည်ရွယ်ချက်များ ရှိနေခဲ့သော်လည်း သူတို့၏ အကြံအစည်များကို ယီယွမ်က သိရှိခဲ့ပြီးဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။

လျှိုချင်ဖန်က မိန်ကျန်းကို အဖွဲ့မှ ထွက်မလာခင်ကတည်းက သတိပေးထားခဲ့ပြီး ဖြစ်သည်။

"ဒါပေမဲ့ အကြီးအကဲဝူက ဒီကောင်လေးကို နည်းနည်းလောက် သတိထားပေးဖို့ လိုအပ်ပါတယ်… လျှို့ဝှက်နယ်မြေကို ဝင်ရောက်ပြီးတာနဲ့ ကျွန်တော်တို့က သူ့ကို အခွင့်အရေးရတာနဲ့ သေအောင်သတ်ရပါမယ်….." လီကျန်းယုက လျှို့ဝှက်အသံပို့ဆောင်နည်းဖြင့် ဝူကျောက်ကို သတိပေးလိုက်၏။

"အမ်… အဲဒီ အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် ကောင်လေးကိုလား… အို ဟုတ်သားပဲ… ဒါဆိုရင် အဲဒီကောင်လေးက မင်းကို ဆုံးရှုံးမှု ကြီးမားအောင် လုပ်ဆောင်သွားတာလား… သူနဲ့ပတ်သက်ပြီး ထူးခြားတာ တစ်ခုမှ ငါမတွေ့ပါဘူး….."

ဝူကျောက်က စိတ်ထဲမထားခဲ့ပေ။ အကယ်၍ သူက စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားကိုသာ အသုံးပြုနိုင်မည် ဆိုလျှင်ပင် အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တစ်ယောက်ကို သတ်ဖြတ်ခြင်းက အလွန်လွယ်ကူပေသည်။

"ဒီကောင်လေးက အလွန်ကောက်ကျစ်တယ်… သူ့ကိုအခွင့်အရေး တစ်ကြိမ်လောက် ပေးလိုက်တာနဲ့ အနာဂတ်မှာ သူက ကျွန်တော်တို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်… အကြီးအကဲဝူက သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားဖို့ သတိထားပါ….." လီကျန်းယုက သူ၏စိတ်ထဲမှ မကျေနပ်မှုကို မျိုသိပ်လိုက်ပြီး ထပ်မံသတိပေးလိုက်၏။

သို့သော် ဝူကျောက်က ပြန်ပြောခဲ့သည်။ "ထပ်မပြောတော့နဲ့ ကျန်းယု… ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်… မင်းက မဟာအကြီးအကဲချီရဲ့ တပည့်ပဲ… မင်းကဘာလို့ ဒီအဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်ကို ဒီလောက်အထိ ကြောက်လန့်နေရတာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now