သူတို့အုပ်စုက အချိန်အတော်ကြာ ဆွေးနွေးပြောဆိုနေခဲ့သော်လည်း မည်သည့်အရာကိုမှ စဉ်းစားမရခဲ့ပေ။

လျူအာက နောက်ထပ် သည်းခံနိုင်စွမ်း မရှိတော့ပေ။ "မဟုတ်သေးဘူး... ကျွန်မက သခင်လေးကို သွားရှာမယ်....."

စကားအဆုံးတွင် သူမက တံခါးကိုဖွင့်၍ အပြင်သို့ထွက်သွားလိုက်သည်။

သို့သော် အပြင်ဘက်သို့ ခြေလှမ်းချလိုက်သည်နှင့် ခြံဝင်းထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာခဲ့သော ယီယွမ်ကို တွေ့ခဲ့ရ၏။

သခင်လေးက တစ်စက်ကလေးမှ အပွန်းအစင်း အထိအခိုက်မရှိဘူးပဲ.....

ယီယွမ်က အဆင်ပြေနေသည်ကို မြင်လိုက်သောအခါ သူမ၏နှလုံးသားထဲမှ ကျောက်ခဲဆွဲထားသလို လေးပင်နေခဲ့သော ခံစားချက်ကြီးက ပျောက်ကွယ်သွားခဲ့သည်။

"သခင်လေး... သူတို့က သခင်လေးကို ဘာမှမလုပ်ခဲ့ဘူးလား....." လျူအာက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးမြန်းလိုက်၏။

"မင်းရဲ့မိသားစု သခင်လေးက ဒီဗိုင်းဘုရင်တစ်ဦး ဝင်စားတာလေ... သူတို့က မင်းရဲ့သခင်လေးကို ဘာများလုပ်နိုင်မှာလဲ....." ယီယွမ်က မှန်တစ်ဝက် မှားတစ်ဝက် ဟာသတစ်ခုကို ပြောဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အားမည်သူကမှ ယုံကြည်မည်မဟုတ်ပေ။

"နင်က ကြွားဝါမပြောဆိုရရင် သေသွားမှာ စိုးလို့လား... စောစောက နင့်ကို လျူအာက ဘယ်လောက်စိုးရိမ်နေလဲဆိုတာ မသိဘူးလား....." နန်ဖိန်ဇီရိုကလည်း နောက်မှလိုက်ပါလာခဲ့ပြီး ဒေါသထွက်စွာပြောဆိုခဲ့၏။

"ငါကအဆင်ပြေနေတယ် မဟုတ်လား... ဟားဟား... အားလုံးက စိတ်ပူပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... လူတိုင်းက ဒီနေရာမှာ ရောက်နေကြတယ်ဆိုတော့ ကျွန်တော်က တစ်ယောက်ချင်းစီ လိုက်ရှာရမဲ့ အချိန်တွေ သက်သာသွားတာပေါ့....." ယီယွမ်က ဟက်ဟက်ပက်ပက် ရယ်မော၍ ပြောလိုက်သည်။

"အမ်... မင်းက အခုလေးတင်မှ ခန်းမသုံးခုစုပေါင်းကြားနာခြင်းကနေ ထွက်လာတာ မဟုတ်ဘူးလား... ငါတို့ကို ဘာလုပ်မလို့ လိုက်ရှာချင်တာလဲ....." လောင်ထန်က ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now